သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒဏ်ခတ်မှုတွေ လျော့တော့မယ့် မြန်မာ့စီးပွားရေး


ဒဏ်ခတ်မှုတွေ လျှော့ပေးဖို့ ဧပြီလဆန်းမှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြိး ဟီလာရီ ကလင်တန်က ကြေညာပါတယ်။
ဒဏ်ခတ်မှုတွေ လျှော့ပေးဖို့ ဧပြီလဆန်းမှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြိး ဟီလာရီ ကလင်တန်က ကြေညာပါတယ်။

အရေးယူ ဒဏ်ခတ်မှုတွေ လျှော့ပေါ့ပေးတဲ့အတွက် မြန်မာ့စီးပွားရေး ဦးမော့လာတော့မှာလား?

မြန်မာနိုင်ငံမှာ အစိုးရက အပြောင်းအလဲတွေ လုပ်လာတာနဲ့အမျှ အနောက်နိုင်ငံတွေက အရေးယူ ဒဏ်ခတ်မှုတွေ လျှော့ပေါ့ ပေးလာကြပါတယ်။ ဒီလို အရေးယူ ပိတ်ဆို့ထားတာတွေ လျှော့ပေးမယ့် သတင်းကြောင့်လည်း စီးပွားရေး လုပ်ငန်းရှင်တွေကြား မျှော်လင့်ချက်တွေ ကြီးထွားလာနေတာပါ။ ဆယ်စုနှစ်တွေနဲ့ချီ အရေးယူ ဒဏ်ခတ်ခံထားရတာတွေ လျော့ပါး လာတာနဲ့အမျှ မြန်မာ့စီးပွားရေးမှာ တိုးတက်မှုတွေ သိသိသာသာ တွေ့ရတော့မှာလား? ဆိုတာတွေကိုတော့ ပြည်တွင်းပြည်ပ စီးပွားရေး သမားတွေရဲ့ အမြင်တွေနဲ့အတူ ဒီသတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦးက စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေး အပြောင်းအလဲတွေနဲ့အတူ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ရပ်တည်ချက်တွေ ပြောင်းလဲလာတာမို့ စီးပွားရေး ဖွံ့ဖြိုးမှု အလားအလာတွေ ပိုကောင်းလာတော့မယ်လို့ ပြည်တွင်းပြည်ပက လုပ်ငန်းရှင်တွေ မျှော်လင့်နေကြပါတယ်။ မြန်မာအစိုးရက လွှတ်တော် ကြားဖြတ် ရွေးကောက်ပွဲတွေ ကျင်းပပေးခဲ့တဲ့နောက် အထင်ရှားဆုံး နိုင်ငံတကာ အသိုင်းအဝိုင်းက တုန့်ပြန်မှု တခုအဖြစ် တွေ့ရတာကတော့ အမေရိကန် ပြည်ထောင်စုကပါ။ ရန်ကုန်မြို့မှာ သံအမတ်ကြီးတဦး ထားရှိပြီး ဆက်ဆံရေးတွေ တိုးမြှင့်သွားမှာ ဖြစ်သလို၊ အမေရိကန်က ဘဏ္ဍာရေး ဝန်ဆောင်မှုတွေနဲ့ ရင်းနှီးမြုပ်နှံမှုတွေ အပေါ် တားမြစ်ထားတဲ့ အထဲက တချို့ကို ဖယ်ရှားသွားမယ်လို့ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ကကြေညာလိုက်တာ ဖြစ်ပါတယ်။

ဒီအတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းတွေ အရင်ထက် တွင်ကျယ် လာတော့မယ်လို့ ဦးမြတ်သင်းအောင် တို့လို စီးပွားရေး လုပ်ငန်းရှင်တွေ မျှော်လင့်လာကြတာပါ။
“စီးပွားရေး ပိတ်ဆို့မှုကြောင့် တဖက်မှာ စီးပွားရေးလုပ်ငန်း လုပ်ချင်တောင် မလုပ်နိုင်တာ၊ အထူးသဖြင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု လုပ်တဲ့လူတွေက ငွေကြေး လွှဲပြောင်းမှုတွေကြောင့် လုပ်လို့မရတဲ့အတွက် လာမလုပ်ကြဘူး။ အခုလို အရေးယူ ပိတ်ဆို့မှုတွေ လွှတ်မယ်ဆိုရင်တော့ တကယ့် နိုင်ငံတကာ ကုမ္ပဏီတွေ အထိအောင် ဝင်လာမယ်ဆိုရင်တော့ တိုင်းပြည်ဟာ အင်မတန် တိုးတက်လာမှာပါ။”

နိုင်ငံရေးနဲ့ လူ့အခွင့်အရေး တိုးတက်မှုတွေ မရှိဘူးဆိုပြီး ရင်းနှီးမြုပ်နှံမှု အသစ်တွေ မလုပ်ဖို့ တားမြစ်ချက်တွေနဲ့အတူ အမေရိကန် ပြည်ထောင်စုက မြန်မာအစိုးရအပေါ် အရေးယူ ဒဏ်ခတ်မှုတွေကို ၁၉၉၇ ခုနှစ်က စတင်ကျင့်သုံးလာခဲ့တာပါ။ နောက်ထပ် ဒဏ်ခတ်မှုတွေကို တိုးမြှင့်တဲ့ အနေနဲ့လည်း ၂၀၀၃ ခုနှစ်မှာ မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီရေး အက်ဥပဒေ အဖြစ် ပြဋ္ဌာန်းလိုက်ပြီး အစိုးရ ထိပ်တန်း တာဝန်ရှိသူတွေရဲ့ ပြည်ဝင်ခွင့်ဗီဇာတွေကို ပိတ်ပင်တာ၊ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာတွေ သာမက မြန်မာနိုင်ငံက ကုန်ပစ္စည်း တင်ပို့မှု အားလုံးကို တားမြစ်ခဲ့သလို၊ ဘဏ္ဍာရေး ဝန်ဆောင်မှုတွေနဲ့ ငွေလွှဲပြောင်းမှုတွေကိုပါ ကန့်သတ် တားမြစ်လိုက်ပါတယ်။ အမေရိကန် ကုမ္ပဏီတွေ မြန်မာနိုင်ငံနဲ့ လုပ်ငန်းလုပ်ကိုင်ခွင့်တွေကိုလည်း ပိတ်ပင်ခဲ့တာပါ။

ဒါပေမဲ့လည်း အခုနောက်ဆုံး ဒဏ်ခတ်မှုတွေ လျှော့ပေါ့ရာမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး ခေတ်မီဖွံ့ဖြိုး လာစေဖို့နဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ အားကောင်းလာစေဖို့ ရည်ရွယ်ပြီး၊ အမေရိကန် ပြည်ထောင်စုက ဘဏ္ဍာရေး ဝန်ဆောင်မှုတွေနဲ့ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းတွေမှာ ရွေးချယ်ပြီး ခွင့်ပြုသွားမယ်လို့ ပြောပါတယ်။ ဒါပေမဲ့လည်း ဆယ်စုနှစ်တွေနဲ့ချီပြီး အထီးကျန် ရပ်တည်လာခဲ့တဲ့ မြန်မာနိုင်ငံမှာ ဒီလို အခြေအနေတွေ မြန်မြန်ဆန်ဆန် တွေ့ရပါ့မလား သံသယတွေလည်း ရှိနေကြပါတယ်။

မြန်မာစီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်တဲ့ ဦးမင်းခင် ကတော့ စီးပွားရေး ရေရှည် အခြေခိုင်စေမယ့် အစီအမံတွေမှာ အကူအညီ ရဖို့က ပိုပြီးအဓိက ကျမယ်လို့ မြင်ပါတယ်။
“လက်ရှိလည်း နိုင်ငံတကာကတော့ မြန်မာပြည်မှာ စီးပွားရေးလုပ်ဖို့ လေ့လာနေကြတာပဲ။ ဒါပေမဲ့ ကျနော်တို့ တိုင်းပြည်ဖက်က အဆင်သင့်ဖြစ်အောင် လုပ်ဖို့ကတော့ အများကြီးကို လိုနေသေးတယ်။ လိုနေပြီးတော့ သူတို့ လာလေ့လာ နေကြတာတွေမှာလည်း လေ့လာတဲ့ အဆင့်ပဲ ရှိသေးတယ်။ တကယ်တမ်း အလုပ်လုပ်ဖို့ အဆင့်ကို ကျနော်တို့ သိပ်မတွေ့ရသေးဘူး။ ဒီမှာ ပြုပြင်ပြောင်းလဲရေး လုပ်နေတယ်ဆိုတာ အားလုံး အသိပဲလေ။ ဒါပေမဲ့ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲတာက ပိုများတာကိုး။ တကယ်တမ်း စီးပွားရေးမှာ ပြုပြင်ပြောင်းလဲမှုက ကျနော်တို့မှာ စလုံးရေစပဲ ရှိသေးတယ်။ နောက်ပြီးတော့ ဒါရဲ့ အကျိုးသက်ရောက်မှုကလည်း နည်းသေးတယ်။ နောက်တခုက တချို့နိုင်ငံတကာက ချဉ်းကပ်တာမှာ ဥပမာ၊ IMF တို့လို ဘာတို့လို ကျွမ်းကျင်မှုတွေ နောက်ပြီးတော့ ဒီက အခြေခံ အဆောက်အအုံ ကဏ္ဍတွေ၊ အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ အထောက်အပံ့တွေ အဲဒါတွေပေးဖို့ ကြိုးစား ချဉ်းကပ်တာတွေ ကျနော်တို့ တွေ့ရတယ်။ အဲဒါက ပိုပြီး အရေးကြီးတယ်လို့ ထင်ပါတယ်။”

ဖေဖော်ဝါရီလထဲမှာ တုန်းကတော့ နိုင်ငံတကာ ဘဏ္ဍာရေး လုပ်ငန်းတွေ မြန်မာနိုင်ငံအပေါ် နည်းပညာ အကူအညီတွေ ပေးအပ်ခွင့် တားမြစ်ထားတာတွေကို အမေရိကန် ပြည်ထောင်စုက ဖယ်ရှားပေးခဲ့တာမို့၊ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) တို့လို အဖွဲ့အစည်းတွေ မြန်မာနိုင်ငံကို အကူအညီပေးဖို့ လမ်းပွင့်လာခဲ့တာပါ။ ဒီလို ပိတ်ဆို့ဒဏ်ခတ်မှုတွေကို တဖြည်းဖြည်း လျှော့ပေါ့လာနေပေမဲ့ ၂၀၀၈ ခုနှစ်မှာတုန်းက ကျောက်စိမ်း ဥပဒေအဖြစ် အမည်ပေးပြီး မြန်မာအစိုးရအပေါ် အရေးယူမှုတွေ တင်းတင်းကျပ်ကျပ် ချမှတ်ထားတဲ့ အမေရိကန်က အခုနောက်ဆုံး ရင်းနှီးမြုပ်နှံမှုတွေ ခွင့်ပြုမယ့် နေရာမှာ တိုင်းရင်းသား ဒေသတွေမှာ အများအားဖြင့် ရှိနေတဲ့ အရင်းအမြစ် ထုတ်လုပ်မှုတွေလို လုပ်ငန်းမျိုးတွေမှာ လတ်တလော ဝင်ရောက် လုပ်ကိုင်ဖို့ စဉ်းစားမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံသားတွေနဲ့ တိုင်းပြည် တခုလုံးအတွက် အထောက်အကူ ဖြစ်စေမယ့် ရင်းနှီးမြုပ်နှံမှုတွေအဖြစ် စိုက်ပျိုးရေး၊ ဆက်သွယ်ရေးနဲ့ ခရီးသွား လုပ်ငန်း စတဲ့ကဏ္ဍတွေမှာ အစပျိုး လုပ်ကိုင်ဖို့ စဉ်းစားနေတယ်လို့ အမေရိကန် အစိုးရ တာဝန်ရှိသူတွေ ပြောခဲ့ကြတာပါ။

ရန်ကုန်မြို့မှာရှိတဲ့ Park Royal ဟိုတယ် မန်နေဂျာ ရမ် နူရာနီ (Ram Nurani) ကတော့ ဒဏ်ခတ်မှုတွေ ရုပ်သိမ်းမယ်ဆိုရင် မြန်မာလူထုနဲ့ တိုင်းပြည်အတွက်ပါ အကျိုးရှိလိမ့်မယ်လို့ ပြောပါတယ်။
“နံပတ် ၁ အနေနဲ့ နိုင်ငံတကာ ကော်ပိုရေးရှင်းတွေ အမြောက်အများ ဒီတိုင်းပြည်ကို ဝင်လာမယ် ဆိုတာကတော့ သေချာပါတယ်။ အခုအချိန်ဟာ ရင်းနှီးမြုပ်နှံမှုတွေ ပိုဝင်လာဖို့လည်း သေချာပေါက် လိုအပ်နေတာမို့၊ မြန်မာနိုင်ငံအတွက် ငွေပင်ငွေရင်းတွေလည်း ပိုရလာပြီး၊ ဒေသခံလူထု အနေနဲ့လည်း တိုးတက်မှုတွေ ရအောင် အထောက်အကူ ဖြစ်လာနိုင်တာကြောင့် ဖွင့်ပေးသင့်ပါတယ်။ ဒီတိုင်းပြည်ဟာ အင်မတန် ပညာတတ်တဲ့ တိုင်းပြည်ပါ၊ လူတွေကလည်း ပညာတတ်ကြပါတယ်။ ဒါပေမဲ့ သူတို့အတွက် အထောက်အကူ ဖြစ်နိုင်တာကတော့၊ အောင်အောင်မြင်မြင်နဲ့ တိုင်းပြည်တခုလုံး တိုးတက်အောင် ဖွင့်ပေးဖို့ လိုပါတယ်။”

ဧပြီလ ၁ ရက်နေ့မှာ ကျင်းပခဲ့တဲ့ လွှတ်တော် ကြားဖြတ် ရွေးကောက်ပွဲတွေဟာ ဒီမိုကရေစီကို ဦးတည်တဲ့ ခြေလှမ်းတရပ်အဖြစ် မြန်မာအစိုးရ သာမက အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) လို ဒေသတွင်း နိုင်ငံတွေက ပြောဆို ချီးကျူးခဲ့ကြသလို၊ ဒဏ်ခတ်မှုတွေ ဖယ်ရှားဖို့လည်း တိုက်တွန်းခဲ့ကြတာပါ။ ဒါပေမဲ့လည်း မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ လတ်တလော ခိုင်ခိုင်မာမာ မရှိသေးသလို အချိန်ယူရလိမ့်ဦးမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန် က ဆုံးဖြတ်ချက် အသစ်ကို ကြေညာရာမှာ ပြောထားတာမို့ ချမှတ်ထားတဲ့ အရေးယူမှုတွေ အားလုံး ဖယ်ရှားဖို့ဟာ ကာလတခုအထိ ကြာပါလိမ့်မယ်။

မြန်မာစီးပွားရေး လုပ်ငန်းရှင် ဦးမင်းခင် ကတော့ တိုင်းပြည် စီးပွားရေး တိုးတက်ဖို့ဟာ ဒဏ်ခတ်မှုတွေ အဆုံးသတ်သွားရုံနဲ့ မလုံလောက်ဖူးလို့ မြင်ပါတယ်။
“ပိတ်ဆို့ထားတဲ့ လူတွေကလည်း ရုပ်ချင်နေပြီလေ၊ ရုပ်ဖို့လည်း ကြိုးစားနေကြပြီ။ ကြိုးစားနေပြီဆိုတော့ အခုနေ ရုပ်သင့်တယ်၊ ရုပ်ပါလို့ ပြောနေဖို့ အချိန်မဟုတ်တော့ဘူး။ ဒီလိုရုပ်သွားနိုင်တဲ့ အခြေအနေ ကိုယ်ကဘယ်လိုဖန်တီးမလဲ၊ နောက်ပြီးတော့ အရေးယူ ပိတ်ဆို့မှုတွေ ရုပ်လာတဲ့ အချိန်မှာ ကျနော်တို့ တကယ့်စစ်မှန်တဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ တိုင်းပြည်တိုးတက်မှုအတွက် ဘာတွေ ပြင်ဆင်မလဲ၊ ဘာတွေ လုပ်ကြမလဲ၊ ဘယ်အပိုင်းက ဘယ်လောက် အရေးကြီးသလဲ၊ ဘယ်အပိုင်းက နောက်မှလုပ်လို့ ရသလဲ၊ စသဖြင့်ပေါ့လေ၊ အဲဒီလို သေသေချာချာ ကိုယ့်ဖက်က ပြင်ဆင်ဖို့ကပဲ အဓိက မေးခွန်းဖြစ်နေတာလေ။ အရေးယူ ပိတ်ဆို့မှုတွေ ရုပ်ဖို့ မရုပ်ဖို့ကတော့ တကယ့်မေးခွန်းအစစ် မဟုတ်တော့ဘူးလို့ ကျနော်တော့ ယူဆပါတယ်။”

အမေရိကန် ပြည်ထောင်စုလိုပဲ ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ ဥရောပသမဂ္ဂ (EU) ကလည်း ဧပြီလနှောင်းပိုင်း မြန်မာနိုင်ငံအပေါ် ရပ်တည်ချက် သဘောထားတွေကို ပြန်လည် သုံးသပ်ရာမှာ အရေးယူ ထားတာတွေကို လျှော့ပေါ့ ပေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ၁၉၉၆ ခုနှစ်ကတည်းက ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်လာတဲ့ EU က မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား အများအပြားကို ပြန်လွှတ်ပေးခဲ့တဲ့နောက် အပြန်အလှန် အနေနဲ့ ဖေဖော်ဝါရီလထဲမှာပဲ ဒါဇင်နဲ့ချီတဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေကို ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ် ထားတာတွေ ဖယ်ရှားပေးထားတာပါ။ ဒီလိုပဲ မြန်မာနိုင်ငံအပေါ် စီးပွားရေး၊ သံတမန်ရေးအရ ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ သြစတြေးလျ နဲ့ တခြားနိုင်ငံတွေလည်း အလားတူ အရေးယူထားတာတွေ လျှော့ပေးလိုတဲ့ အရိပ်အယောင်တွေ ပြသလာနေကြတဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG