သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒဏ်ခတ်မှုတွေရဲ့ မြန်မာ့စီးပွားရေးအပေါ် သက်ရောက်မှု


ဒဏ်ခတ်မှုတွေ လျှော့ပေးလိုက်လို့ မြန်မာ့စီးပွားရေးအပေါ် ကြီးကြီးမားမား သက်ရောက်မှုတွေ ရှိနိုင်ပါရဲ့လား?

မြန်မာနိုင်ငံက အပြောင်းအလဲတွေကို တုံ့ပြန်တဲ့ အနေနဲ့ အနောက်နိုင်ငံတွေက အရေးယူ ဒဏ်ခတ်ထားတာတွေ တဖြည်းဖြည်း လျှော့ချလာနေတာမို့ စီးပွားရေး အခွင့်အလန်းတွေအတွက် လမ်းပွင့်လာတော့မယ်လို့ မျှော်လင့်မှုတွေလည်း ရှိနေပါတယ်။ ဒီအတွက်လည်း နိုင်ငံတကာ ဘဏ္ဍာရေး လုပ်ငန်းတွေ အပါအ၀င် ကျွမ်းကျင်သူတွေ မြန်မာ့စီးပွားရေး အခြေအနေနဲ့ ပတ်သက်လို့ ဆန်းစစ်သုံးသပ်တာတွေလည်း ဆက်တိုက်ဆိုသလို ထွက်ပေါ်နေတာပါ။ ဒဏ်ခတ်မှုတွေကို ဘယ်အတိုင်းအတာအထိ လျှော့ပေါ့ပေးနေပြီး မြန်မာ့စီးပွားရေး အပေါ်မှာရော ဘယ်လောက်အထိ သက်ရောက်မှု ရှိနိုင်မှာလဲ? ဆိုတာတွေကိုတော့ ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်တွေနဲ့အတူ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦးက စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး စီးပွားရေး အပြောင်းအလဲတွေနဲ့အတူ ဆယ်စုနှစ်တွေနဲ့ချီ အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ အနောက်နိုင်ငံတွေက မြန်မာအစိုးရသစ်နဲ့ ထိတွေ့ဆက်ဆံပြီး၊ ပိတ်ဆို့မှုတွေကိုလည်း လျှော့ပေါ့လာကြပါတယ်။ ဒဏ်ခတ်မှုတွေ တင်းတင်းကျပ်ကျပ် ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုကတော့ လျှော့ပေါ့မှုတွေထဲက ခြေလှမ်းတရပ်အဖြစ် ဘဏ္ဍာရေး လုပ်ငန်းတွေမှာ ကန့်သတ်ချက် တချို့ကို ပယ်ဖျက်ပေးလိုက်တဲ့အကြောင်း ဧပြီလလယ်မှာပဲ ကြေညာလိုက်ပါတယ်။

နော်ဝေနိုင်ငံက ဒဏ်ခတ်မှုတွေကို ဖယ်ရှားပေးခဲ့သလို၊ ဥရောပသမဂ္ဂ (EU) ကလည်း ဒဏ်ခတ်မှုတွေ တနှစ်ဖယ်ရှားပေးဖို့ ပြင်ဆင်နေတာပါ။ ဒီမတိုင်ခင်မှာလည်း သြစတြေးလျ နိုင်ငံက ဒဏ်ခတ်မှုတွေ ဖယ်ရှားမယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။ ဒီအတွက်လည်း ပြည်ပက ရင်းနှီးမြုပ်နှံမှုတွေ ၀င်လာမယ်လို့ မျှော်လင့်ချက်တွေလည်း ကြီးထွားလာနေကြတာပါ။

ဒါပေမဲ့လည်း လတ်တလော ဖယ်ရှားလိုက်တဲ့ ဒဏ်ခတ်မှုတွေကြောင့် ကြီးကြီးမားမား သက်ရောက်မှုတွေ တွေ့ရဦးမှာ မဟုတ်သေးဘူးလို့ မြန်မာ့စီးပွားရေး အခြေအနေတွေကို ဆန်းစစ် လေ့လာနေတဲ့ သြစတြေးလျနိုင်ငံ Macquarie တက္ကသိုလ်က ပါမောက္ခ ရှောင် တာနဲလ် (Sean Turnell) ကပြောပါတယ်။
“အထူးသဖြင့် အရင်းအမြစ် ထုတ်လုပ်တဲ့ အပိုင်းမှာပါ၊ ဘာကြောင့်လဲဆိုတော့ အခုရှိနေတဲ့ ဒဏ်ခတ်မှုတွေကို ကြည့်မယ်ဆိုရင် ဒီကဏ္ဍတွေမှာ မကြာခင် လျှော့ပေါ့ပေးမယ်လို့ ပြောနေကြတာ မဟုတ်ပါဘူး။ နောက်ပြီးတော့လည်း ဒီကဏ္ဍတွေမှာ တရုတ်နိုင်ငံက နက်နက်ရှိုင်းရှိုင်း ၀င်ရောက် လုပ်ကိုင်နေတာပါ။ ဒါကြောင့်လည်း မြန်မာ့စီးပွားရေးမှာ တရုတ်နိုင်ငံက ကျယ်ကျယ်ပြန့်ပြန့် ၀င်ရောက် လုပ်ကိုင်နေတဲ့ အခြေအနေတွေကို အာရုံစိုက် လေ့လာဖို့ဟာ တကယ့်ကို လိုအပ်ပါတယ်။”

အမေရိကန် ပြည်ထောင်စုကတော့ ဒဏ်ခတ်မှုတွေ လျှော့ပေါ့တဲ့ အစီအစဉ် တစိတ်တပိုင်းအဖြစ် မြန်မာနိုင်ငံမှာ လူသားချင်း စာနာမှုဆိုင်ရာ လုပ်ငန်းတွေနဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေအတွက် အထောက်အကူ ဖြစ်စေမယ့် ငွေကြေး လွှဲပြောင်းမှုတွေကို ခွင့်ပြုမယ်လို့ ကြေညာခဲ့တာပါ။ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ အားကစားတို့လို ကဏ္ဍတွေမှာ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ စီမံကိန်းတွေအတွက် ငွေကြေး လွှဲပြောင်းမှုတွေကို အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာနရဲ့ ပြည်ပပိုင်ဆိုင်မှု ကြီးကြပ်ရေးဌာနက ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ မြန်မာနဲ့ အမေရိကန် လူထုကြား ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်း လာစေဖို့ ရည်ရွယ်ပြီး အမေရိကန် ပုဂ္ဂလိက အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေကို ပရဟိတ လုပ်ငန်းတွေမှာ ၀င်ရောက် လုပ်ကိုင်လာအောင် အားပေးလိုတာကြောင့် အခုလို ဆောင်ရွက်ရတာ ဖြစ်တယ်လို့လည်း ဘဏ္ဍာရေး ၀န်ကြီးဌာနက ပြောခဲ့တာပါ။

ဧပြီလ ၁ ရက်နေ့မှာ မြန်မာအစိုးရက လွှတ်တော် ကြားဖြတ် ရွေးကောက်ပွဲတွေ ကျင်းပခဲ့တဲ့နောက် အမေရိကန် အပါအ၀င် အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ နိုင်ငံတွေက ပိတ်ဆို့ ထားတာတွေကို လျှော့ပေါ့လာခဲ့ကြရာမှာ (EU) ကတော့ လက်နက် တင်ပို့ရောင်းချမှုကလွဲလို့ ကျန်တဲ့ ဒဏ်ခတ်မှုတွေ အားလုံးကို တနှစ်စောင့်ကြည့် ကာလအတွင်း ဖယ်ရှားပေးဖို့ ရှိနေပါတယ်။

ဒီအခြေအနေမျိုးမှာ ဒဏ်ခတ်မှုတွေ တစိတ်တပိုင်းသာ ဖယ်ရှားထားတဲ့ အမေရိကန် ပြည်ထောင်စုက လုပ်ငန်းရှင်တွေ အနေနဲ့ စိုးရိမ်မကင်းစရာတွေ ဖြစ်နိုင်တယ်လို့ နယူးယောက် အခြေစိုက် Asia Society က ကမ္ဘာ့မူဝါဒရေးရာ အစီအစဉ် ဒုဥက္ကဋ္ဌ ဆူဇန် ဒီမက်ဂီယို (Suzanne DiMaggio) က သုံးသပ်ပါတယ်။
“တရုတ်လို နိုင်ငံတွေက နှစ်ပေါင်းများစွာ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံထားတယ်ဆိုတာကို မေ့ထားလို့ မဖြစ်ပါဘူး။ သိတဲ့အတိုင်း တရုတ်နိုင်ငံဟာ လတ်တလော အခြေအနေမှာ မြန်မာနိုင်ငံရဲ့ အရေးအကြီးဆုံး ကုန်သွယ်ဖက်ပါ။ တခြားတိုင်းပြည်တွေက ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ဖယ်ရှားပြီး မြန်မာနိုင်ငံထဲ ၀င်တာကို တွေ့လာရတာနဲ့အမျှ အမေရိကန် အနေနဲ့လည်း ဒီပွဲမှာ နောက်ကျနေမလား ဆိုပြီး စိတ်ပူလိမ့်မယ်လို့ ကျမထင်ပါတယ်။”

အမေရိကန် လုပ်ငန်းရှင်တွေ မြန်မာနိုင်ငံကို ၀င်ရောက် လုပ်ကိုင်နိုင်မယ့် အလားအလာတွေကတော့ လတ်တလော ဖြစ်နိုင်တဲ့ အခြေအနေနဲ့ အလှမ်းဝေးဦးမယ်လို့ မြင်ကြပါတယ်။ ၁၉၉၇ ခုနှစ်ကတည်းက ရင်းနှီးမြုပ်နှံမှု ဥပဒေသစ်တွေကို စတင်ချမှတ်ခဲ့ပြီး နောက်ထပ် တင်းကျပ်တဲ့ အရေးယူမှုတွေကို ချမှတ်လာခဲ့တာပါ။

ဒီအတွက်ကြောင့်လည်း တခြား နိုင်ငံတွေနဲ့ မတူပဲ လတ်တလော ဒဏ်ခတ်မှုတွေ ရုပ်သိမ်းသွားဖို့ မလွယ်သေးတဲ့ အခြေအနေမှာ ရှိနေတယ်လို့ နိုင်ငံတကာ ပဋိပက္ခတွေကို စောင့်ကြည့် အကဲခတ်နေတဲ့ ICG အဖွဲ့ရဲ့ အရှေ့တောင် အာရှရေးရာ ညွှန်ကြားရေးမှူး ဂျမ် ဒီလာဂျီယာကိုမာ (Jim Della-Giacoma) ကပြောပါတယ်။
“အမေရိကန်ရဲ့ ပြဿနာကတော့ ပိတ်ဆို့ဒဏ်ခတ်မှု အတော်များများဟာ ဥပဒေအဖြစ်နဲ့ ပြဋ္ဌာန်းထားတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒါတွေကို ပယ်ဖျက်မယ့် ဥပဒေသစ်တွေ လိုပါတယ်။ တချို့ဟာတွေကိုတော့ သမ္မတက ဖယ်ရှားနိုင်ပါတယ်။ ဒါပေမဲ့လည်း ရွေးကောက်ပွဲနဲ့ အလုပ်ရှုပ်နေမယ့်နှစ်မှာ အမေရိကန် လွှတ်တော် အနေနဲ့ ဒီမူဝါဒအပေါ် အာရုံစိုက်ရမယ် ဆိုရင်၊ ဒါဟာ သိပ်လွယ်မယ့် ကိစ္စတော့ မဟုတ်ဘူးလို့ လူတွေက ယူဆကြပါတယ်။”

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ထဲ အစိုးရသစ်အဖြစ် တက်လာချိန်မှာ စီးပွားရေး လွတ်လပ်ခွင့်တွေ ပေးမယ်လို့ ကတိပြုခဲ့ပြီးတဲ့နောက် အပြောင်းအလဲတွေ လုပ်လာတဲ့ အပေါ်မှာတော့ အများက အပေါင်းလက္ခဏာဆောင်တဲ့ ခြေလှမ်းတွေ အဖြစ်နဲ့လည်း ကြိုဆိုခဲ့ကြတာပါ။ အမျိုးမျိုး ဖြစ်နေတဲ့ နိုင်ငံခြား ငွေလဲနှုန်းကို ပြောင်းလဲလိုက်တာ၊ ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေ ပြင်ဆင်တာ၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေတရပ်ကို အသစ် ပြန်လည် ရေးဆွဲနေတာတွေဟာ ဖွံ့ဖြိုးမှုအတွက် အထောက်အကူ ဖြစ်စေမယ့် အစီအမံတွေလို့ မြင်ကြပါတယ်။

နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေ မြန်မာနိုင်ငံနဲ့ ပြန်လည်ထိတွေ့ ဆက်ဆံရာမှာ အခွင့်အလန်းတွေနဲ့ စိမ်ခေါ်မှုတွေ ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြီးခဲ့တဲ့ သီတင်းပတ်တွင်း နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေပါ ပါဝင်ဆွေးနွေးစဉ်မှာလည်း အလားအလာကောင်းတွေကို အလေးထား ပြောခဲ့ကြတာပါ။ တချိန်တည်းမှာပဲ အပြောင်းအလဲတွေဟာ ကာလအားဖြင့် တိုတောင်းလှသေးသလို ရေရှည်ခံတဲ့ ဖွံ့ဖြိုးမှုတွေ ဖြစ်အောင် စနစ်တကျ စီမံဖို့ လိုမယ်လို့လည်း ပြောခဲ့ကြပါတယ်။

ဝါရှင်တန်မြို့တော် ကမ္ဘာ့ဘဏ် ရုံးချုပ်က နှီးနှောဖလှယ်ပွဲမှာ အဓိက ဆွေးနွေးခဲ့သူ တဦးလည်းဖြစ်တဲ့ စီးပွားရေး ပညာရှင် ပါမောက္ခ တာနဲလ် ကတော့ ခိုင်မာတဲ့ အပြောင်းအလဲတွေဖြစ်အောင် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဆက်လက် တွန်းအားပေးဖို့ လိုမယ်လို့ ပြောခဲ့တာပါ။
“မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းကို ကြည့်ပြီး တကမ္ဘာလုံးက တန်ဘိုးဖြတ် လက်ခံနေကြပုံရပေမဲ့ တဖက်က ကြည့်မယ်ဆိုရင် အခြေအနေတွေက ဒီထက်ပိုပြီး ရှုပ်ထွေးပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ မြန်မာလူထုအတွက် စီးပွားရေး အကျိုးကျေးဇူးတွေ ပိုပြီးခံစားရမယ့် လမ်းပေါ်ရောက်အောင် ဆက်လက် ဖိအားပေးဖို့ လိုဦးမယ်လို့ ကျနော်ထင်ပါတယ်။”

နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေ ဖြစ်ကြတဲ့ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အရာရှိတွေကတော့ အပြောင်းအလဲတွေနဲ့အတူ ပြည်ပက ရင်းနှီးမြုပ်နှံမှုတွေ ၀င်ရောက် လာနိုင်မယ့် အလားအလာတွေ ရှိနေချိန်မှာ၊ ဒီလို လုပ်ငန်းတွေကနေ ဒေသခံ လူမှုအသိုင်းအ၀ိုင်းတွေနဲ့ ပတ်ဝန်းကျင် ထိခိုက်နစ်နာမှုတွေ မဖြစ်ရလေအောင် အစီအမံတွေလည်း လိုမယ်လို့ ဆွေးနွေးပွဲအတွင်း သတိပေးခဲ့ကြတာပါ။ ဒီလိုပဲ မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးမှာ ပွင့်လင်း မြင်သာမှုတွေ၊ တာဝန်ခံမှုတွေ ရှိဖို့လည်းလိုမယ်၊ ဒီလို အခြေအနေတွေ ပေါ်ပေါက်လာအောင် နိုင်ငံတကာ အဖွဲ့အစည်းတွေ ၀င်ရောက် ဆောင်ရွက်ရာမှာလည်း ထိမ်းကွပ်သွားမှ ဖြစ်မယ်လို့ မှတ်ချက်ပေး ပြောဆိုသွားခဲ့ကြတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG