သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုနဲ့ NLD ကျမ်းကျိန် လွှတ်တော်တက်ဖို့ဆုံးဖြတ်


ဒေါ်အောင်ဆန်း စုကြည် ပါတီဌာနချုပ် ၌ သတင်းထောက်များအား ရှင်းလင်းစဉ်။ ဧပြီလ ၃၀ ၂၀၁၂။
ဒေါ်အောင်ဆန်း စုကြည် ပါတီဌာနချုပ် ၌ သတင်းထောက်များအား ရှင်းလင်းစဉ်။ ဧပြီလ ၃၀ ၂၀၁၂။

ကြားဖြတ် ရွေးကောက်ပွဲမှာ ရွေးကောက် တင်မြှောက်ခံထားရတဲ့ ဒေါ်အောင်ဆန်း စုကြည်အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ကိုယ်စားလှယ်တွေ မေလ ၂ ရက်နေ့မှာ လွှတ်တော်တွင်း သွားရောက်ပြီး ကျမ်းသစ္စာ ကျိန်ဆို ကြတော့မှာဖြစ်ပါတယ်။ ရက်အတော်ကြာ လိပ်ခဲတည်း လည်းဖြစ်နေခဲ့တဲ့ လွှတ်တော်မှာ ကျမ်းသစ္စာ ကျိန်ဆိုရေးကိစ္စကို NLD ဘက်က လိုက်လျော လိုက်တာပါ။ လွှတ်တော်တွင်း ရောက်နေပြီးသား နိုင်ငံရေးပါတီ တချို့က လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ တိုက်တွန်းချက်ကို လေးစားတဲ့ အနေနဲ့ရော မဲဆန္ဒရှင် ပြည်သူလူထုရဲ့ ဆန္ဒကို လိုက်လျောသောအားဖြင့်ပါ အခုလို အလျှော့ပေး လိုက်တာဖြစ်တယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

လွှတ်တော် ကိုယ်စားလှယ်တွေ ကျမ်းသစ္စာ ကျိန်ဆိုတာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက် ပါမည် ဆိုတဲ့ စကားရပ်အစား လေးစား လိုက်နာပါမည် ဆိုတဲ့စကားရပ်နဲ့ အစားထိုး ပြင်ဆင်ပေးဖို့ ကြိုးစားနေခဲ့တဲ့ NLD ပါတီဘက်က အခုတော့ အလျှော့ပေး လိုက်လျောပြီး လက်ရှိ စကားရပ် အတိုင်းပဲ ကျမ်းသစ္စာ ကျိန်ဆိုတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာ့နိုင်ငံ ရေးမှာ သီတင်းပတ် အတော်ကြာ ရှေ့မတိုး နောက်မဆုတ်ဖြစ်နေခဲ့တဲ့ ကိစ္စရပ်တခု ပြေလည်သွားပြီလို့ ဆိုရမှာပါ။

ဒီကနေ့မနက်ပိုင်း NLD ရုံးချုပ်မှာ ပါတီခေါင်းဆောင်တွေ အစည်းအဝေးထိုင်ပြီးတဲ့နောက်လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်က ကြေညာလိုက်တာဖြစ်ပါတယ်။

“နံပါတ် တစ်ကတော့ ပြည်သူ့ရဲ့ ဆန္ဒနဲ့ ကိုက်ညီအောင်လို့၊ ကျမတို့ မဟာမိတ်တွေ ရဲ့ ဆန္ဒနဲ့ ကိုက်ညီအောင် လို့ ကျမတို့ နိုင်ငံရေး ဆိုတာမှာ သဘောထားကြီးကြီး နဲ့ အပေးအယူ လုပ်ရမယ် ဆိုတဲ့ မူ ဝါဒ ကိုလည်း အလေးထားသော အားဖြင့် အမြန်ဆုံး လွှတ်တော် ကိုယ်စားလှယ်တွေ အဖြစ်နဲ့ တရားဝင် ကျမ်းကျိန်ပြီးတော့ ဖြစ်မြောက်ရေး အတွက် ဆောင်ရွက်သွားမယ် ဆိုတာ အဲဒါ ကို ပြောတာပါ။”

လွှတ်တော်တွင်း ရောက်နေပြီးသား တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ တိုင်းရင်းသား ပါတီတွေ၊ တခြား ပါတီတချို့ နဲ့ တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်တွေ စုပေါင်းပြီး လွှတ်တော်တက်ဖို့ နဲ့ လွှတ်တော်တွင်းမှာ ပြောင်းလဲစေချင်ပါတယ်လို့ မေတ္တာရပ်ခံခဲ့ကြပြီးတဲ့နောက်ပိုင်း NLD ဘက်က အခုလို ဆုံးဖြတ်လိုက်တာလည်းဖြစ်ပါတယ်။ အဲဒီမေတ္တာရပ်ခံချက်ဟာ အင်မတန် မဟာမိတ် သဘောထားဆောင်ပြီး အားလုံးက ပူးပေါင်း ဆောင်ရွက်ချင်တယ်ဆိုတာကို တင်ပြထားတာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါ့အပြင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းဆီ တင်ပြခဲ့တဲ့စာဟာလည်း ပူးပေါင်း ဆောင်ရွက် လိုတယ်ဆိုတာကို ပြနေတယ်လို့ ဆိုပါတယ်။

ကြားဖြတ် ရွေးကောက်ပွဲဝင်ဖို့ ဖြစ်စေခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနဲ့ ရွေးကောက်ပွဲ ဆိုင်ရာဥပဒေ တွေကို ပြင်ဆင်ဖို့ တင်ပြခဲ့တဲ့အချိန်တုန်းက ကျမ်းသစ္စာ ကျိန်ဆိုတဲ့စာသားကိစ္စကို တချိန်ထဲမှာ ကိုင်တွယ်ဖို့ သူ့အနေနဲ့ လစ်ဟင်းခဲ့ပါတယ် ဆိုပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည်က ဝန်ခံ ပြောဆိုခဲ့ပါတယ်။ အဲဒီအတွက်လည်း သူက တာဝန်ယူပါတယ်။

“ကျမ ရဲ့ လစ်ဟင်းချက် တစ်ခုကြောင့်မို့လို့ ပြည်သူ့ရဲ့ ဆန္ဒနဲ့ ကျမတို့ မဟာမိတ်တွေ ရဲ့ ဆန္ဒကို ထိပါးတယ် ဆိုတာ ကျမ လုံးဝ မဖြစ်စေချင်ဘူး။ ဒါကြောင့်မို့လို့ ကျမတို့ အနေနဲ့ လိုက်လျောပြီး လက်ခံမှာ ဖြစ်ပါတယ်။”

ဒါပေမဲ့လည်း ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ တခုနဲ့တခု မဆီလျော်တဲ့ စကားလုံးတွေ အများကြီး ရှိနေတယ်ဆိုပြီး ဒေါ်အောင်ဆန်း စုကြည်က ထောက်ပြခဲ့ပါတယ်။ အခြေခံဥပဒေရဲ့ စာကိုယ် ထဲမှာ သုံးထားတာတွေနဲ့ ဇယားထဲမှာ သုံးထားတာတွေ မတူတဲ့ အကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်တွေ ကျမ်းကျိန်တဲ့ စကားနဲ့ သမ္မတ ကျမ်းကျိန်တဲ့စကားတွေ မတူတဲ့အကြောင်း၊ အဲဒါ ကြောင့်လည်း ဥပဒေ စိုးမိုးရေး သဘောတရားအရ၊ ဥပဒေရဲ့ လုပ်ထုံးလုပ်နည်းအရ ပြင်ဆင်စရာတွေ အများကြီး ရှိတယ်ဆိုတာကို တော့ ဥပဒေရှုထောင့်အရ အလေးအနက် ပြောသွားပါတယ်။

အရင်ဆွေးနွေးမှုတွေမှာ သမ္မတဦးသိန်းစိန်က လိုက်လျော လုပ်ဆောင်ပေးခဲ့တဲ့အပေါ်လည်း ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။

“ရွေးကောက်ပွဲ ဥပဒေ နဲ့ ပါတီ မှတ်ပုံတင်ရေး ဥပဒေနဲ့ ပတ်သက်လို့ ပြင်ဆင်ပေးမှု တွေ အတွက် ဆွေးနွေးတုန်းက သမ္မတကြီး ကနေ လိုက်လျော ပေးခဲ့တာကိုလည်း မမေ့ပါဘူး။”

NLD ပါတီဘက်က အခုလို အလျှော့ပေးလိုက်လျောလိုက်တဲ့အပေါ် ဝမ်းသာအားရနဲ့ ကြိုဆိုသူကတော့ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP က အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ပါ။ သူဟာ လွှတ်တော်ကိုယ်စား လှယ်တွေ စုပေါင်းပေးပို့တဲ့ မေတ္တာရပ်ခံချက်ကို ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံပြီး တနင်္ဂနွေနေ့က ပေးအပ်ခဲ့သူလည်း ဖြစ်ပါတယ်။

“အမျိုးသား လွှတ်တော် ပြည်သူ့ လွှတ်တော်ထဲ က လွှတ်တော် အမတ်တွေ ရဲ့ ပြည်ထောင်စု လွှတ်တော်ထဲ က တိုင်းရင်းသား လွှတ်တော်အမတ်တွေ တိုင်းရင်းသား ဒေသက လာတဲ့ ပုဂ္ဂိုလ် တွေရဲ့ တောင်းဆို ဖိတ်ကြားမှု တွေကို အလေး အနက်ထားပေးပါလို့ ကျနော် တို့ ဆွေးနွေးကြတဲ့ အခါမှာ ဒေါ်အောင်ဆန်း စုကြည်က စီအီးစီ (CEC) ရဲ့ ဆုံးဖြတ်ချက်နဲ့ လွှတ်တော် ကို ကျမ်းကျိန်လွှာ နဲ့ ပတ်သက်လို့ နဂိုအတိုင်း သဘောထား ပေးပါတယ်။ အင်မတန်မှ လည်း အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ကို ဦးတည် သွားပါတယ်။ ကျနော် တို့ အင်မတန် အထိ အတွေ့မခံတဲ့ ပြည်ထောင်စု ရဲ့ ညှိနှိုင်း နိုင်မှု လမ်းစဟာ ဒုတိယ အကြိမ် ရတဲ့ သဘောကို ဝမ်းသာပါတယ်။”

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ပါ။

ဒေါ်အောင်ဆန်း စုကြည်နဲ့ ရွေးကောက်ခံ NLD လွှတ်တော် ကိုယ်စားလှယ် ၃၇ ဦးဟာ မေလ ၂ ရက်နေ့မှာ နေပြည်တော်ဆီ သွားရောက်ပြီး သက်ဆိုင်ရာ လွှတ်တော် အသီးသီးရှေ့မှောက် ကျမ်းသစ္စာ ကျိန်ဆိုကြမှာ ဖြစ်ပါတယ်။ အခုအခါမှာ လွှတ်တော် နှစ်ရပ်ပေါင်း ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက အဆုံးသတ် သွားပြီး ပြည်သူ့လွှတ်တော် နဲ့ အမျိုးသား လွှတ်တော်တို့ဟာ လည်း ဒီ ကျမ်းသစ္စာ ကျိန်ဆိုတဲ့ကိစ္စ ပြီးဆုံးတဲ့ အခါမှာ အဆုံးသတ် ဖွယ်ရှိနေပါတယ်။ လွှတ်တော် အစည်းအဝေးတွေကို ဇူလိုင် လမှာ ပြန်ကျင်းပမှာဖြစ်ပြီး အဲဒီအခါကျရင်တော့ ဒေါ်အောင်ဆန်း စုကြည်နဲ့ NLD လွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက် တာကို မြင်ကြရတော့မှာဖြစ်ပါတယ်

XS
SM
MD
LG