သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့စီးပွားရေးအတွက် စိမ်ခေါ်မှုများ


လွတ်လပ်ခွင့်တွေ ရလာတဲ့ မြန်မာ့စီးပွားရေးမှာ စိမ်ခေါ်မှုတွေလည်း အမြောက်အများ ရှိနေပါတယ်။

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်စေဖို့ ပြည်ပက လုပ်ငန်းရှင်တွေ ရင်းနှီးမြုပ်နှံ လုပ်ကိုင်ရင်း ပံ့ပိုးကြရလိမ့်မယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲတွေနဲ့အတူ စီးပွားရေးမှာ လွတ်လပ်ခွင့်တွေ ပေးလာရာက ပြည်ပလုပ်ငန်းရှင်တွေ ကိုယ်တိုင်လည်း ဝင်ရောက် လုပ်ကိုင်နိုင်ဖို့ မျှော်လင့်နေကြတာပါ။ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံ လုပ်ကိုင်နိုင်မယ့် အခြေအနေရော ရှိနေပါပြီလား? ဆိုတာကိုတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦးက တင်ပြပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေး အပြောင်းအလဲတွေ အပေါ် တုံ့ပြန်တဲ့ အနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက အရေးယူ ဒဏ်ခတ် ထားတာတွေ ရုပ်သိမ်းပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံ လုပ်ကိုင်ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်း လိုက်ပါတယ်။ မြန်မာနိုင်ငံ သာယာဝပြောရေး၊ အခွင့်အလန်းတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက် လာစေရေး အတွက် တိုင်းပြည်မှာ ခိုင်မာ အားကောင်းတဲ့ ဈေးကွက်တွေ ပေါ်ပေါက်ဖို့ လိုနေပြီး၊ ဒါကိုလည်း ပြည်ပက လုပ်ငန်းရှင်တွေ ရင်းနှီးမြုပ်နှံ လုပ်ကိုင်မှုတွေနဲ့ ဆောင်ရွက်နိုင်တဲ့ အကြောင်း မြန်မာစီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ခရီးစဉ် အဆုံးမသတ်မီ တွေ့ဆုံခဲ့တဲ့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ပြောသွားတာပါ။

ဒီအတွက်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းက ပံ့ပိုးပေးသွားဖို့ လိုမယ်လို့လည်း ပြောပါတယ်။
“နိုင်ငံတကာ မိသားစုနဲ့ ကုလသမဂ္ဂတို့ အနေနဲ့ မြန်မာနိုင်ငံမှာ ရှေ့ဆက် လျှောက်လှမ်းနိုင်ဖို့ အပြည့်အ၀ အားပေးသင့်ပါတယ်။ ဒီအတွက်လည်း တတ်နိုင်သလောက် ကျနော်တို့ အနေနဲ့ အဆင့်တိုင်းမှာ အကူအညီ ပေးသွားနိုင်ဖို့ ကျနော် ကတိပေးခဲ့တာပါ။ နိုင်ငံတကာက ပံ့ပိုးမှုတွေ ရဖို့အတွက်လည်း ကျနော် ကြိုးစားသွားမှာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံလိုပဲ တချိန်က အပြောင်းအလဲတွေ ကြုံခဲ့ရဖူးတဲ့ တောင်ကိုရီးယား နိုင်ငံမှာ ကြီးပြင်းခဲ့ဖူးသူ အဖြစ်နဲ့လည်း ပြင်ပက အကူအညီတွေ အပေါ် အားထားခဲ့ရတဲ့ အခြေအနေကနေ ကမ္ဘာ့စီးပွားရေးမှာ ရင်ဘောင်တန်းနိုင်တဲ့ အသွင်ကူးပြောင်းမှုမျိုးဟာ မဖြစ်နိုင်စရာ မရှိဘူးလို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောသွားတာ ဖြစ်ပါတယ်။ ထင်ရှားတဲ့ the Economist ရဲ့ စီးပွားရေး ဆန်းစစ်မှုအဖွဲ့ (EIU) ကတော့ မြန်မာနိုင်ငံ စီးပွားရေးမှာ ဖွံ့ဖြိုးတိုးတက်နိုင်မယ့် အလားအလာတွေ ရှိနေတယ်လို့ ဧပြီလမှာ ထုတ်ပြန်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆန်းစစ်ချက် အစီရင်ခံစာမှာ ဖော်ပြခဲ့တာပါ။

ကုန်ထုတ်လုပ်မှုမှာ လိုအပ်တဲ့ အခြေခံတွေ ရှိနေတဲ့ တိုင်းပြည်တခုအဖြစ် စီးပွားရေး အားကောင်း လာနိုင်တယ်လို့လည်း EIU ရဲ့ အာရှရေးရာ အယ်ဒီတာ မိုက် ဂျိတ်ခ်မန်း (Mike Jakeman) က ပြောပါတယ်။
“နိုင်ငံရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး အပိုင်းတွေမှာ တိုးတက်အောင် လုပ်နိုင်မယ် ဆိုရင်တော့၊ အလားအလာကောင်းတွေ အကြီးအကျယ် ရှိနေတယ် ဆိုတာ သံသယ ဖြစ်စရာ မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ လူဦးရေ အားဖြင့် သန်း ၆၀ လောက်အထိ ရှိနေပြီး လုပ်သားအင်အား ကြီးကြီးမားမား ရှိနေသလို၊ လုပ်အားခလည်း ဈေးချိုနေလို့ပါ။ မြန်မာနိုင်ငံထဲမှာ ဝင်ငွေ တိုးလာတာနဲ့အမျှ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေကို ပြည်တွင်းမှာလည်း ဝယ်လိုအားတွေ တက်လာမှာ ဖြစ်ပါတယ်။”

ဒါပေမဲ့လည်း လွန်ခဲ့တဲ့ ၁၈ လအတွင်း မြန်မာနိုင်ငံမှာ တွေ့လာရတဲ့ အပြောင်းအလဲ တချို့ဟာ အပေါ်ယံသာ ရှိနေသေးတာမို့ အဆောင်အယောင် သဘောသာ ဖြစ်မလား၊ တကယ်အားကောင်းတဲ့ စီးပွားရေး ဖြစ်မလား ဆိုတာကို ဆင်ဖြူတော်လား၊ နောက်ထပ် ကျားတကောင်လား ဆိုတဲ့ ခေါင်းစဉ်နဲ့ EIU ရဲ့ အစီရင်ခံစာက မေးခွန်းထုတ် ထားတာပါ။ မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အန္တာရာယ် ကြီးကြီးမားမား ရှိနေတာတွေကတော့ မူဝါဒရေးရာ ချမှတ်ရာမှာ အားနည်းချက်တွေ၊ အရည်အသွေး မပြည့်ဝတဲ့ အဖွဲ့အစည်းတွေနဲ့အတူ ပြုပြင်ပြောင်းလဲမှုတွေမှာ ဘက်မညီမျှမှုတွေ ရှိနေတာ၊ အစိုးရပိုင် ကဏ္ဍတွေ အတွက် ငွေကြေး သုံးစွဲမှုတွေမှာ အားနည်းချက်တွေကြောင့် အစိုးရရဲ့ ဘဏ္ဍာရေး အသုံးစားရိတ်မှာ လိုငွေပြနေတာတွေကိုလည်း EIU အဖွဲ့ရဲ့ အစီရင်ခံစာက သတိပေး ထားပါတယ်။

တချိန်တည်းမှာပဲ လစ်ဟာမှုတွေ ရှိနေလင့်ကစား ပါတီစုံ ဒီမိုကရေစီ စနစ်တရပ် အမြစ်တွယ်လာရာက နိုင်ငံရေးမှာ တိုးတက်မှုတွေနဲ့အတူ စီးပွားရေး အားကောင်းလာနိုင်တဲ့ အခြေအနေတွေလည်း ရှိနေတယ်လို့ ဆန်းစစ်ထားတာပါ။ ဒါပေမဲ့လည်း လက်ရှိ မြန်မာအစိုးရကို ဦးဆောင်ပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ လုပ်နေတဲ့ သမ္မတ ဦးသိန်းစိန် အနေနဲ့ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေကို နေရာပေးလာနေတာကို သူ့ကိုထောက်ခံသူတွေက ဘယ်လောက် အထိ လက်ခံမယ်ဆိုတာ တတ်အပ် မပြောနိုင်တာကြောင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေအပေါ် အတိအကျ ဟောကိန်းထုတ်ဖို့ မလွယ်ဘူးလို့လည်း ဖော်ပြပါတယ်။

နိုင်ငံရေး၊ စီးပွားရေး လွတ်လပ်ခွင့် ပေးခဲ့တာတွေ သက်တမ်း နုနယ်နေသေးတာ၊ အချိန်မရွေး နောက်ကြောင်းပြန် လှည့်သွားနိုင်တဲ့ အခြေအနေ တချို့လည်း ရှိနေသေးတာမို့ စိတ်ချလက်ချ မပြောနိုင်တာလို့ EIU အယ်ဒီတာ ဂျိတ်ခ်မန်း ကပြောပါတယ်။
“လောလောဆယ် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့တော့ ကျနော်တို့ အနေနဲ့ နည်းနည်းတော့ သတိထားတုန်းပါပဲ။ ဘာကြောင့်လဲ ဆိုတော့ နိုင်ငံရေး အခြေအနေနဲ့ စီးပွားရေးကြား နီးနီးစပ်စပ် ဆက်နွယ်နေလို့ပါ။ သတင်းမီဒီယာတွေမှာ အစိုးရက ဆောင်ရွက်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ ဖော်ပြနေတာတွေကြောင့်လည်း လတ်တလော မြန်မာနိုင်ငံကို စိတ်ဝင်စား နေကြတာ ဖြစ်ပါတယ်။ တကယ်တော့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေက အကန့်အသတ်နဲ့ပဲ ရှိနေတာပါ။”

ပြည်တွင်းပြည်ပက လုပ်ငန်းရှင်တွေကတော့ အရင်းအမြစ်နဲ့ လုပ်သားအင်အား ကြီးကြီးမားမား ရှိနေတဲ့ တိုင်းပြည်တခုအဖြစ် မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံ လုပ်ကိုင်ကြဖို့ စိတ်ဝင်စား နေကြတာပါ။ အထူးသဖြင့် မြန်မာနိုင်ငံက အပြောင်းအလဲတွေအပေါ် တုံ့ပြန်တဲ့ အနေနဲ့ အနောက်နိုင်ငံတွေက စီးပွားရေး ပိတ်ဆို့ဒဏ်ခတ် ထားတာတွေကို လျှော့ပေါ့တာ၊ ဖယ်ရှားတာတွေ လုပ်လာကြတာမို့ စီးပွားရေးနဲ့ ကုန်သွယ်မှုတွေ ပိုပြီး အားကောင်း လာမယ်လို့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ရင်းနှီးမြုပ်နှံကြမယ့် သူတွေအဖို့ လတ်တလော အခြေအနေမှာ အခွင့်အလန်းထက် စိမ်ခေါ်မှုတွေနဲ့ ကြုံနေကြရတာပါ။

EIU အဖွဲ့ရဲ့ အာရှရေးရာ အယ်ဒီတာ ဂျိတ်ခ်မန်း ကတော့ စီးပွားရေး အတွက် အခြေခံ လိုအပ်ချက်တွေကို ဖြည့်ဆည်းစရာ အများအပြား ရှိနေသေးတယ်လို့ သုံးသပ်ထားပါတယ်။
“ငွေပင်ငွေရင်းတွေကို တနေရာက တနေရာ လွဲှပြောင်းရာမှာ အကြီးအကျယ် ကန့်သတ်ထားတာတွေ ရှိပါတယ်။ စိတ်ချလက်ချ ငွေအရင်းအနှီး မတည်ဖို့ ငွေကြေး လွှဲပြောင်းဖို့လည်း မလွယ်ပါဘူး။ ကုန်စည် စီးဆင်းမှုအတွက် လိုအပ်တဲ့ အခြေခံ အဆောက်အအုံ လိုအပ်ချက်တွေ ရှိနေတာ၊ အားကိုးလောက်တဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ မရှိတာတွေလို ပြဿနာတွေကလည်း စိတ်ပျက်မယ်ဆိုရင် စိတ်ပျက်စရာတွေပါ။ ဒါကြောင့်လည်း လုပ်စရာတွေကတော့ အများကြီး ရှိနေပါတယ်။”

မကြာခင်နှစ်တွေအတွင်း မြန်မာ့စီးပွားရေး အလားအလာတွေအဖြစ် EIU ရဲ့ အစီရင်ခံစာက ခန့်မှန်းရာမှာတော့ ၆၀ ရာခိုင်နှုန်းလောက် ဖြစ်နိုင်ချေ အများဆုံးရှိတဲ့ အခင်းအကျင်း တခုအဖြစ်၊ ပြုပြင်ပြောင်းလဲရေးတွေ ဆက်လုပ်နေပေမဲ့ အခြေခံကျကျ စစ်မှန်တဲ့ အပြောင်းအလဲတွေ အနည်းအကျဉ်းလောက်သာ ရှိနိုင်မယ်လို့ ဖော်ပြပါတယ်။ ဒီဖြစ်နိုင်ချေပေါ်မှာ ဖွံ့ဖြိုးနိုင်တဲ့ ပမာဏကို တွက်ချက် ထားရာမှာတော့ ဒီနှစ် ၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ ၅ ရာခိုင်နှုန်း ရှိနေရာကနေ ၂၀၁၆ နဲ့ ၂၀၂၀ ပြည့်နှစ် အတွင်းမှာတော့ ၇.၇ ရာခိုင်နှုန်းအထိ တက်လာနိုင်တယ်လို့ ခန့်မှန်းထားတာပါ။

ဒုတိယ ဖြစ်နိုင်ချေအားဖြင့် ၂၅ ရာခိုင်နှုန်း ရှိမယ်လို့ ခန့်မှန်းထားတဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို အရှိန်ကောင်းကောင်းနဲ့ လုပ်လာမယ့် အလားအလာရှိတဲ့ ရွှေခေတ် တခေတ်လည်း ဖြစ်နိုင်တယ်လို့ EIU က သုံးသပ်ပါတယ်။ ဒီလို ဖြစ်လာမယ် ဆိုရင်တော့ စီးပွားရေး ဖွံ့ဖြိုးမှုဟာ ၂၀၁၂ ဘဏ္ဍာနှစ်မှာ ၅ ရာခိုင်နှုန်း၊ ဒီနောက်မှာတော့ ၂၀၁၆ ကနေ ၂၀၂၀ အတွင်း ၈.၅ ရာခိုင်နှုန်းအထိ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားတာပါ။

ဖြစ်နိုင်ချေအားဖြင့် အနည်းဆုံးအဖြစ် ၁၅ ရာခိုင်နှုန်းရှိတဲ့ နောက်ဆုံး အလားအလာ တခုကတော့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ နောက်ကြောင်းပြန်ပြီး၊ စစ်တပ်က ပြန်လည်လွှမ်းမိုးလာမယ့် အခြေအနေလို့ ဆိုပါတယ်။ ဒီလို အခြေအနေကို ရောက်သွားမယ် ဆိုရင်တော့ ဒီနှစ် ဘဏ္ဍာရေးနှစ်မှာ ဖွံ့ဖြိုးမှု ၅ ရာခိုင်နှုန်း ရှိနေရာကနေ ၂၀၁၆ ကနေ ၂၀၂၀ ပြည့်နှစ် အတွင်း ၄.၄ ရာခိုင်နှုန်းလောက်အထိ ပြန်လည် ကျဆင်းနိုင်တဲ့ အဖြစ်နဲ့ ရင်ဆိုင်ရမယ်လို့ the Economist မဂ္ဂဇင်းရဲ့ စီးပွားရေး ဆန်းစစ်မှုအဖွဲ့ (EIU) က မြန်မာနိုင်ငံ စီးပွားရေး ဆန်းစစ်ချက်အဖြစ် နောက်ဆုံး ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ သုံးသပ်ထားတဲ့ အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG