မြန်မာနိုင်ငံမှာ စီးပွားရေးမှာ ပြုပြင်ပြောင်းလဲမှုတွေ ထွက်ပေါ်လာတာနဲ့အမျှ ဘဏ္ဍာရေး လုပ်ငန်းတွေမှာလည်း လွတ်လပ်ခွင့်တွေ ရလာမယ့် မျှော်လင့်ချက်တွေနဲ့အတူ ပြည်ပက ဘဏ်လုပ်ငန်းတွေ ၀င်ရောက်လုပ်ကိုင်ဖို့ ပြင်ဆင်လာနေကြပါတယ်။ တချိန်တည်းမှာပဲ စီးပွားရေးဆိုင်ရာ မူဝါဒတွေ ရှင်းရှင်းလင်းလင်း မရှိသေးတာတွေက ဘဏ္ဍာရေး လုပ်ငန်းမှာ အဟန့်အတားတွေ ဖြစ်နေဆဲမို့ ပြည်ပက ရင်းနှီးမြုပ်နှံ လုပ်ကိုင်ဖို့ကတော့ အခြေအနေ မပေးသေးဘူးလို့ လုပ်ငန်းရှင်တွေက ပြောနေကြတာပါ။ မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေး လုပ်ငန်းက အလားအလာနဲ့ စိမ်ခေါ်မှုတွေ ဘာတွေ ရှိနေသလဲ ဆိုတာကိုတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦးက တင်ပြပေးမှာ ဖြစ်ပါတယ်။
နိုင်ငံရေး အပြောင်းအလဲတွေနဲ့အတူ စီးပွားရေးမှာ လွတ်လပ်ခွင့်တချို့ ရှိလာတာကြောင့် ပြည်ပက ရင်းနှီးမြုပ်နှံသူတွေထဲ ဘဏ်လုပ်ငန်းရှင်တွေလည်း မြန်မာနိုင်ငံကို လာရောက်ပြီး လုပ်ငန်းတွေ ချဲ့ထွင်နိုင်ဖို့ စိတ်ဝင်စား နေကြပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံလည်း အသင်းဝင်ဖြစ်တဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) နိုင်ငံတွေကြား တပေါင်းတစည်းတည်း ဖြစ်စေဖို့ ရည်မှန်းထားတဲ့ ၂၀၁၅ ခုနှစ် မတိုင်မီ စီးပွားရေး အခြေခံတွေနဲ့ ပြည့်စုံဖို့ လိုအပ်နေတဲ့ တိုင်းပြည်တခုအဖြစ် ဘဏ္ဍာရေး လုပ်ငန်းတွေမှာလည်း ပွင့်လင်းလာလိမ့်မယ်လို့ မျှော်လင့်နေကြတာပါ။
လတ်တလော အခြေအနေမှာကိုပဲ ပြည်ပက ဘဏ်လုပ်ငန်းတွေ မြန်မာနိုင်ငံမှာ ကိုယ်စားလှယ် ရုံးခန်းတွေ ဖွင့်လှစ်ပြီး ခြေချလာနေကြပြီလို့ မြန်မာနိုင်ငံမှာ အကြီးဆုံး ပုဂ္ဂလိကဘဏ် လုပ်ငန်းတခုဖြစ်တဲ့ ကမ္ဘောဇဘဏ် ရဲ့ ဒုဥက္ကဋ္ဌ ဦးသန်းလွင် ကပြောပါတယ်။
“ကိုယ်စားလှယ်ရုံး အနေနဲ့ကတော့ သူတို့ကို ဗဟိုဘဏ်က ခွင့်ပြုနေတယ်၊ လောလောဆယ်။ ကျနော်သိသလောက်တော့ ၃၀ လောက် ရှိပြီထင်တယ်။ အရင် စောစောပိုင်း တုန်းကတော့ ၁၉၉၂ ကနေ ၉၅ လောက် အထိတုန်းကတော့ ၅၀ လောက်ရှိတယ်။ နိုင်ငံခြားဘဏ်တွေ ဒီမှာ ကိုယ်စားလှယ်ရုံးတွေ ဖွင့်ထားကြတာ။ အဲဒီနောက်ပိုင်းတော့ သူတို့ပြန်ထွက်သွားတော့ ၂၀ လောက်ပဲ ကျန်တဲ့ဟာ အခုပြန်ဝင်လာကြတာပေါ့။ ပြန်လာတော့ ၃၀ လောက် ပြန်ဖြစ်သွားပြီ။”
ဆယ်စုနှစ်တွေနဲ့ချီပြီး အထီးကျန်အဖြစ် ရှိနေခဲ့တဲ့ မြန်မာနိုင်ငံ စီးပွားရေးမှာ ပုဂ္ဂလိကဘဏ် လုပ်ငန်းတွေဟာ ၁၉၉၀ ပြည့်လွန် နှစ်ဦးပိုင်းလောက်ကြမှ စတင် လုပ်ကိုင်ခွင့် ရလာခဲ့တာ ဖြစ်သလို၊ ပြည်ပနဲ့ တိုက်ရိုက်ဆက်သွယ် လုပ်ကိုင်နိုင်လောက်တဲ့အထိ ကျယ်ကျယ် ပြန့်ပြန့်လည်း မရှိခဲ့ပါဘူး။ နောက်ပိုင်းမှာလည်း မြန်မာနိုင်ငံမှာ ပုဂ္ဂလိကဘဏ်တွေ ပြိုကွဲခဲ့ရတဲ့ အဖြစ်တွေနဲ့လည်း ကြုံခဲ့ရဖူးပါတယ်။ ဒီအတွက် အခုအခါ အစိုးရက ဈေးကွက် စီးပွားရေး စနစ်ကို ဦးတည်ပြီး လွတ်လပ်ခွင့်တွေ ပေးမယ်လို့ ကတိပြုထားတာမို့ ဘဏ်လုပ်ငန်းတွေ ဖွံ့ဖြိုးလာဖို့ဟာလည်း အခရာ ကျနေတယ်လို့ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေ၊ လုပ်ငန်းရှင်တွေက သတိပေး နေကြတာပါ။ လတ်တလော မြန်မာနိုင်ငံရဲ့ ပင်မစီးပွားရေးအဖြစ် ရှိနေတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းတွေအပြင် အငယ်စား လုပ်ငန်းတွေအတွက် ငွေပင်ငွေရင်း ထောက်ပံ့မှုတွေမှာ အထူးသဖြင့် အားကောင်းလာဖို့ လိုတယ်လို့လည်း ပြောနေကြတာ ဖြစ်ပါတယ်။
ဒီအတွက် မြန်မာနိုင်ငံ စီးပွားရေး တိုးတက်ဖို့ဆိုရင် လက်ရှိ တိုင်းပြည်မှာရှိတဲ့ ဘဏ်လုပ်ငန်းတွေမှာ ခေတ်မီအောင် ပြုပြင်ရလိမ့်မယ်လို့ ရေထွက်ပစ္စည်း လုပ်ငန်းရှင် ဦးနှင်းဦး ကပြောပါတယ်။
“ပြည်တွင်းကနေ ထုတ်လုပ်နေသူတွေကို ပံ့ပိုးပေးဖို့ ဘဏ်တွေ၊ သူတို့အတွက်ကို အစပိုင်းမှာ ရင်းနှီးမြုပ်နှံနိုင်ဖို့ ထောက်ပံ့ပေးမယ့် ဘဏ်တွေ မရှိဘူးခင်ဗျ။ အခုပေးတဲ့ဟာတွေ အားလုံးက အရင်တုန်းက ၁၇-၁၈ ရာခိုင်နှုန်း တနှစ်မှာ အတိုးယူတဲ့ ဘဏ်တွေ ဖြစ်ပြီးတော့ အခုလျှော့ပေးတော့ ၁၃-၁၄ လျှော့ပေးထားတယ်။ ဒါပေမဲ့ အဲဒီ ၁၃-၁၄ ဆိုတာကလည်း လျှော့သည့်တိုင်အောင် စီးပွားရေး သမားတွေက လုပ်သာကိုင်သာ မရှိဘူး။ အတိုးများနေတယ်။ နိုင်ငံတကာမှာ ဈေးကွက် စီးပွားရေးကို သွားတဲ့နေရာမှာ ငွေကြေးပိုင်းဆိုင်ရာကို ပံ့ပိုးပေးနိုင်မှသာ ကုန်ထုတ်လုပ်ငန်းမှာ အငယ်စားလုပ်ငန်းတွေက တက်လာမှာ။ အခုကျနော်တို့ဆီမှာ အဲဒါက အဆင်သင့် မရှိသေးဘူး။ အရင်အတိုင်းပဲ ငွေအပ်လို့ရှိရင် အတိုးပေးမယ်၊ ပြန်ချေးတဲ့ သူဆီက အတိုးယူမယ်။ အဲဒီအပေါ်မှာ ဘဏ်က ကိုင်တွယ်တဲ့အတွက် ယူမယ်၊ ဒါပဲရှိတယ်။ တခြားဘာမှ မရှိဘူး။ အပေါင်ပစ္စည်း မတင်ပေးနိုင်ရင် မရဘူး။ အဲဒီတော့ အာဆီယံ နိုင်ငံတွေ ကျနော်တို့နဲ့ နိုင်ငံတကာ ဈေးကွက်မှာ ပြိုင်မယ့် အပြိုင်အဆိုင် ထုတ်ရမယ့် နိုင်ငံတွေမှာ အင်္ဂါရပ် စုံလင်စွာနဲ့ သူများတွေမှာ ရှိနေပြီး၊ ကျနော်တို့မှာ မရှိတဲ့ အခါကျတော့ ကျနော်တော့ အများကြီး ရင်လေးတယ်။ ကျနော်တို့ စီးပွားရေး သမားတွေ ဘယ်လို ရင်ဆိုင်မလဲ ဆိုတာကို ကျနော်တော့ စိုးရိမ်တယ်။”
မြန်မာအစိုးရကတော့ ဘဏ္ဍာရေး လုပ်ငန်းတွေက ပြုပြင်ပြောင်းလဲမှုတွေ တစိတ်တပိုင်း အဖြစ်နဲ့ ပုဂ္ဂလိက ဘဏ်တွေ တိုးချဲ့ ဖွင့်လှစ်ခွင့်ပေးပြီး၊ နိုင်ငံခြားငွေ လဲလှယ်မှုတွေကိုလည်း ဆောင်ရွက်ခွင့် ပြုလာခဲ့တာ ဖြစ်ပါတယ်။ ဒီလိုပဲ စီးပွားရေး လုပ်ငန်းတွေ အတွက် အဓိက အဟန့်အတား ဖြစ်နေရတဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်း အမျိုးမျိုး ဖြစ်နေတာကို တပေါင်းတည်း ဖြစ်စေဖို့ နှုန်းရှင်အဖြစ် ထိန်းကြောင်း သတ်မှတ်တဲ့ စနစ်တခုကိုလည်း ပြောင်းလဲကျင့်သုံး လာတာပါ။ အခုနောက်ဆုံးမှာလည်း နိုင်ငံခြားဘဏ်တွေ မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ ၀င်ရောက် လုပ်ကိုင်ခွင့်ပေးဖို့ မြန်မာအာဏာပိုင်တွေ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း နိုင်ငံခြားဘဏ်တွေ အနေနဲ့ အပြည့်အ၀ လုပ်ကိုင်ခွင့် ရဦးမယ့် အလားအလာမျိုးတော့ လတ်တလော မမြင်ရသေးဘူးလို့ မြန်မာနိုင်ငံ ဗဟိုဘဏ်ရဲ့ ဒုဥက္ကဋ္ဌဟောင်း အဖြစ် တာဝန်ယူဖူးသူလည်းဖြစ်တဲ့ ဦးသန်းလွင် ကပြောပါတယ်။
“စ၀င်မယ် ဆိုရင်တော့ ကျနော်တို့ ဘဏ်တွေကို အကြံပေးတာကတော့ သူတို့နဲ့အရင် partnership လုပ်ဖို့ပေါ့လေ။ အဓိပ္ပါယ်ကတော့ သူတို့ဆီက အကူအညီတွေ ဘာတွေ လာမှာပေါ့နော်၊ သူတို့နဲ့ အပြိုင်လုပ်ဦးမှာ မဟုတ်သေးဘူး။ နောက်ပိုင်းမှသာ ကျနော်တို့က အပြိုင်ဆိုတာ ဖြစ်လာမှာပေါ့နော်။ ဒီမှာကျတော့ ကျနော်တို့က နိုင်ငံခြားဘဏ်တွေနဲ့ ဆက်ပြီးတော့ ပူးပေါင်း ဆောင်ရွက်မယ်။ သူတို့ဆီက ကျွမ်းကျင်မှုတွေရအောင် ကြိုးစားရယူမယ်၊ သူတို့ဆီက သင်တန်းတွေရအောင် လုပ်ပေးရမယ်။ ဒီလိုပုံစံမျိုးပေါ့နော်၊ အဲဒီက စမှာကိုး။ ပြီးတော့မှ သူတို့နဲ့ ကျနော်တို့က ဖက်စပ်လုပ်မလား၊ ကနေ့ခေတ်စားနေတဲ့ မဟာဗျူဟာကျတဲ့ မိတ်ဖက် ဆိုတာမျိုးပေါ့နော်၊ ကျနော်တို့ ရှယ်ယာတွေဝယ်ပြီး ကျနော်တို့အထဲမှာ လာပြီးတော့ ပူးပေါင်း ဆောင်ရွက်မလား၊ ဒါကတော့ နောက်ပိုင်း ကျနော်တို့ စဉ်းစားရမှာပေါ့။ ၂၀၁၅ မတိုင်မီ ဖြစ်ဖြစ်၊ အဲဒီနောက်ပိုင်း ဖြစ်ဖြစ်ပေါ့နော်၊ စဉ်းစားရမယ့် အချက်တွေပါ။”
မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ပြည်ပရင်းနှီးမြုပ်နှံမှု ဥပဒေ တရပ်ကို ပြင်ဆင်ရေးဆွဲပြီး လွှတ်တော်မှာ တင်သွင်း ထားတာ ဖြစ်ပေမဲ့ အပြီးသတ် ထွက်ပေါ် မလာသေးတာဟာလည်း ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေ လက်တွေ့ ရင်းနှီးမြုပ်နှံ လုပ်ကိုင်နိုင်ဖို့ မဖြစ်နိုင်တဲ့ အခြေအနေနဲ့ ကြုံနေရတယ်လို့ ဘဏ်လုပ်ငန်းနဲ့ စီးပွားရေး အသိုင်းအ၀ိုင်းက ပြောပါတယ်။ ပြည်ပရင်းနှီးမြုပ်နှံမှု ဥပဒေသစ်မှာ ဘဏ်လုပ်ငန်းတွေ အပါအ၀င် ပြည်ပလုပ်ငန်းရှင်တွေ အတွက် လွတ်လပ်ခွင့်တွေ ပေးလာမယ် ဆိုရင်တော့ ဘဏ္ဍာရေး အရင်းအမြစ် လိုအပ်ချက်တွေ ကြီးကြီးမားမား ရှိနေတဲ့ မြန်မာနိုင်ငံအတွက် အထောက်အကူ ဖြစ်လာမယ်လို့လည်း မျှော်လင့်နေကြတာပါ။
ဒါပေမဲ့လည်း ကျွမ်းကျင်မှု၊ အရင်းအနှီး အလုံးအရင်းနဲ့ ပြည်ပက ဘဏ်လုပ်ငန်းတွေ တွင်တွင်ကျယ်ကျယ် ၀င်လာတဲ့အခါ ပြည်တွင်းက လုပ်ငန်းရှင်တွေအဖို့ နစ်နာစရာတွေ ဖြစ်လာမလာ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ မြန်မာစီးပွားရေး လုပ်ငန်းရှင် ဦးနှင်းဦး ကတော့ ငွေပင်ငွေရင်း လိုအပ်ချက်တွေ ကြီးကြီးမားမား ရှိနေတဲ့ ဈေးကွက် တခုအဖြစ် ဒါဟာ စိုးရိမ်စရာလို့ မမြင်တဲ့အကြောင်း ပြောပါတယ်။
“ဈေးကွက်ထဲမှာ အများကြီး နေရာကျန်ပါသေးတယ်။ ငွေချေး ငွေငှားနဲ့ လုပ်မှရမယ့် အသေးစား လုပ်ငန်းတွေ အများကြီး ကျန်ပါသေးတယ်။ အလတ်စားတွေလည်း အများကြီး ကျန်ပါသေးတယ်။ ဒါတွေအားလုံးကို နိုင်ငံခြားဘဏ်တွေက အကုန်လုပ် မပေးနိုင်ဘူး သူတို့ဝင်လာလို့ရှိရင်။ သူတို့နိုင်ငံခြား ဘဏ်တွေနဲ့ သူတို့နိုင်ငံက စီးပွားရေး သမားတွေနဲ့ ကျနော်တို့ဆီက တချို့တ၀က်သော ကြီးမားသော စီးပွားရေး သမားတွေနဲ့ ဒါတွေပဲရှိတယ်၊ သိပ်များများ မရှိသေးဘူး။ ပြည်တွင်းဘဏ်တွေကလည်း ပြိုင်တူပြိုင်ပြီး လုပ်လို့ရတယ်။ ဒါကလည်း ဗီယက်နမ်နိုင်ငံတို့ ဘာတို့မှာ ဒီအတိုင်းပါပဲ။ ကျနော်တို့ စိုးရိမ်စရာ မရှိပါဘူး။ ကျနော်တို့က ပြည်တွင်းကလူပဲဗျာ၊ ကုန်ကျစားရိတ် အနည်းဆုံးနဲ့ လုပ်လို့ရတာပဲ။”
မြန်မာနိုင်ငံက အပြောင်းအလဲတွေအပေါ် တုံ့ပြန်တဲ့ အနေနဲ့ ပြည်ပက အရေးယူ ဒဏ်ခတ်မှုတွေ လျှော့ပေါ့ လာတာနဲ့အမျှ မြန်မာနိုင်ငံနဲ့ ပြန်လည် ထိတွေ့ ဆက်ဆံလာကြတဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေ ဖြစ်ကြတဲ့ အာရှဖွံ့ဖြိုးရေးဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) နဲ့ ကမ္ဘာ့ဘဏ် တို့ကတော့ မြန်မာနိုင်ငံ ဘဏ္ဍာရေး လုပ်ငန်းကို ခေတ်မီအောင် လုပ်ဖို့ အကြံပြု ထားကြတာ ဖြစ်ပါတယ်။ ဘဏ်တွေမှာ အပ်ငွေတွေ ထုတ်ရာမှာ သတ်မှတ်ချက်တွေ လျှော့ပေးတာ၊ အပေါင်ခံပစ္စည်း သတ်မှတ်ချက်တွေ အရင်ထက် ပိုပေးလာတာ၊ ဘဏ်ခွဲတွေ ဖွင့်လှစ်ရာမှာ ကန့်သတ်ချက်တွေ လျှော့ပေးတာတွေ ရှိခဲ့တယ်လို့ လည်း မေလထဲ မြန်မာနိုင်ငံဆိုင်ရာ ဆန်းစစ်ချက်တရပ် ထုတ်ပြန်ရာမှာ IMF အဖွဲ့က အသိအမှတ်ပြု ပြောသွားခဲ့တာပါ။ တချိန်တည်းမှာပဲ၊ ဒီလို အစီအမံတွေကြောင့် ပုဂ္ဂလိက ကဏ္ဍမှာ ငွေချေးငှားတဲ့ ပမာဏ ပိုတိုးလာခဲ့ပေမဲ့ လိုအပ်ချက်ထက် နည်းပါးနေဆဲ ဖြစ်သလို၊ ဘဏ်လုပ်ငန်းတွေအပေါ် ထိန်းချုပ်မှုတွေ ရှိမြဲရှိနေတုန်းပဲလို့ IMF က သတိပေးထားတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။