ဆယ်စုနှစ်တွေနဲ့ချီပြီး ဒဏ်ခတ်မှုတွေ ချမှတ်ထားတာတွေကို အမေရိကန် ပြည်ထောင်စုက ဆိုင်းငံ့ပေးလိုက်တာမို့ မြန်မာနိုင်ငံမှာ စီးပွားရေး အားကောင်းလာမယ့် အလားအလာတွေလည်း ထွက်ပေါ်လာပါတယ်။ ဒါပေမဲ့လည်း ဆယ်စုနှစ်ပေါင်းများစွာ အထီးကျန်အဖြစ် ရှိနေခဲ့တဲ့ မြန်မာ့စီးပွားရေးဟာ ဒေသတွင်း နိုင်ငံတွေကို အမှီလိုက်ဖို့ကတော့ မလွယ်လှသေးတဲ့ အခြေအနေပါ။ အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်မှုတွေ လျော့ပါးလာတဲ့ မြန်မာ့စီးပွားရေး အလားအလာတွေကိုတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး ကတင်ပြပေးမှာ ဖြစ်ပါတယ်။
မြန်မာအစိုးရရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ အပေါ် တုံ့ပြန်တဲ့ အနေနဲ့ အမေရိကန် ပြည်ထောင်စုက အရေးယူ ဒဏ်ခတ်မှုတွေ လျှော့ပေါ့ ပေးလိုက်တာမို့ အမေရိကန်က လုပ်ငန်းတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံ လုပ်ကိုင်နိုင်ကြတော့မှာ ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ကတော့ မြန်မာနိုင်ငံအပေါ် လက်နက်တင်ပို့ ရောင်းချမှုတွေကလွဲလို့ အရေးယူ ဒဏ်ခတ်မှုတွေကို ဆိုင်းငံ့ပေးသွားမှာ ဖြစ်တဲ့အကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် နဲ့ ဝါရှင်တန် မြို့တော်မှာ ပူးတွဲကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ကြေညာလိုက်တာပါ။
ဒီအတွက်လည်း အမေရိကန် လုပ်ငန်းတွေ မြန်မာပြည်သွားပြီး ရင်းနှီးမြုပ်နှံကြပါလို့ ဝန်ကြီး ကလင်တန် က တိုက်တွန်းလိုက်ပါတယ်။
“အမေရိကန် စီးပွားရေးလုပ်ငန်းတွေနဲ့ ဘဏ္ဍာရေး ဝန်ဆောင်မှု လုပ်ငန်းတွေ မြန်မာနိုင်ငံမှာ လုပ်ကိုင်နိုင်ခွင့်ရမယ့် အစီအစဉ်သစ်တွေကိုလည်း ဒီကနေ့ ကျမအနေနဲ့ ကြေညာလိုပါတယ်။ ဒါဟာဆိုရင် ဒီကနေ့အချိန်အထိ ကျမတို့ ကျင့်သုံးနေတဲ့ မူဝါဒဟောင်းကနေ သိသိသာသာ ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။ နိုင်ငံတကာ ခရက်ဒစ် အကြွေးပေးတဲ့ စနစ်နဲ့ ဒေါ်လာငွေကို အခြေခံတဲ့ ငွေကြေး လွှဲပြောင်းမှုတွေကို မြန်မာနိုင်ငံသားတွေ အသုံးပြုနိုင်ဖို့အတွက် စီးပွားရေးမှာ ရင်းနှီးမြုပ်နှံ လုပ်ကိုင်နိုင်မယ့် လုပ်ငန်း လိုင်စင်တွေကို အမေရိကန် ပြည်ထောင်စုက ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီကနေ့ အချိန်မှာ အမေရိကန် စီးပွားရေး လုပ်ငန်းတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံကြပါလို့ ကျမတို့ ပြောချင်ပါတယ်။”
မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံ လုပ်ကိုင်ရာမှာတော့ အမေရိကန် စီးပွားရေး လုပ်ငန်းတွေ အနေနဲ့ တာဝန်သိသိနဲ့ လုပ်ကိုင်ကြဖို့လည်း ဝန်ကြီးကလင်တန် ကသတိပေးခဲ့တာပါ။ ဒါပေမဲ့လည်း မြန်မာနိုင်ငံ စီးပွားရေး လက်တွေ့ကျကျ ဖွံ့ဖြိုးတိုးတက် လာဖို့ကတော့ ပြည်ပက ရင်းနှီးမြုပ်နှံမှုတွေ ဝင်ရောက်လာရုံနဲ့တော့ မလုံလောက်သေးတဲ့ အခြေအနေပါ။ အရှေ့တောင် အာရှမှာ စီးပွားရေး လုပ်ငန်းတွေ အတွက် နိုင်ငံရေး စီးပွားရေး အလားအလာတွေကို ဆန်းစစ် လေ့လာနေတဲ့ Vriens & Partners အတိုင်ပင်ခံ ကုမ္ပဏီရဲ့ ညွှန်ကြားရေးမှူး ဟန်စ် ဗရီယန်စ် (Hans Vriens) ကတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံ လုပ်ကိုင်လိုသူတွေအတွက် စိမ်ခေါ်မှုတွေ အကြီးအကျယ် ရှိနေဆဲပဲလို့ ပြောပါတယ်။
“ရင်းနှီးမြုပ်နှံ လုပ်ကိုင်လိုသူတွေ အနေနဲ့ အင်မတန် အရေးကြီးတဲ့ ကိစ္စကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ အတွင်း စီးပွားရေးမှာ ဘယ်လောက် အတိုင်းအတာအထိ အလွဲလွဲအမှားမှား စီမံခန့်ခွဲခဲ့သလဲ ဆိုတာကို နားလည် သဘောပေါက်ဖို့ လိုအပ်ချက်ပဲလို့ ကျနော်ထင်ပါတယ်။”
မြန်မာနိုင်ငံမှာ ဘဏ္ဍာရေး ဝန်ဆောင်မှု လုပ်ငန်းတွေ ရင်းနှီးမြုပ်နှံမှု အသစ်တွေ လုပ်ကိုင်နိုင်မယ့် လုပ်ငန်းလိုင်စင်တွေကို အမေရိကန် ပြည်ထောင်စုက ထုတ်ပေးသွားမှာ ဖြစ်ပေမဲ့ စီးပွားရေး လုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာမှုတွေ၊ တာဝန်ခံမှုတွေ ရှိရလေအောင် စီမံသွားမှာ ဖြစ်တယ်လို့လည်း ပြောဆိုထားတာပါ။ အမေရိကန် ပြည်ထောင်စုက အခုနောက်ဆုံး ဒဏ်ခတ်မှုတွေ လျှော့ပေးလိုက်တဲ့ အပေါ်မှာတော့ အမေရိကန် ဥပဒေပြု အမတ်တွေကြား ကြိုဆိုတာတွေ၊ သတိထား တုံ့ြ့ပန်မှုတွေနဲ့အတူ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ တချို့ကတော့ အချိန်မတန်သေးတဲ့ လုပ်ရပ်ဖြစ်လေမလား မေးခွန်းထုတ်ကြ တာတွေလည်း ရှိနေပါတယ်။
လူ့အခွင့်အရေး စောင့်ကြည့် အကဲခတ်နေတဲ့ Human Rights Watch ရဲ့ အာရှဒေသဆိုင်ရာ လက်ထောက် ညွှန်ကြားရေးမှူး ဖီလ် ရောဘတ်ဆင် (Phil Robertson) ကတော့ ဒဏ်ခတ်မှုတွေ လျှော့ပေါ့ပေးလိုက်တဲ့ မူဝါဒသစ်မှာ ရှင်းရှင်းလင်းလင်း မရှိတဲ့ ကိစ္စတွေ အများအပြား ရှိနေတယ်လို့ ပြောပါတယ်။
“ဒီအခြေခံလုပ်ငန်းထဲက အခြေခံ စံသတ်မှတ်ချက်တွေဟာ ကျနော်တို့ နားလည်သလောက်ဆိုရင် ဥပဒေအရ မလိုက်နာမဖြစ် လိုက်နာရမှာမျိုးတော့ မဟုတ်ပါဘူး။ ကုမ္ပဏီတွေ ဝင်ပြီး လုပ်ကိုင်နိုင်လောက်တဲ့ လူးသာလှုပ်သာ အခြေအနေမျိုး ရှိမှာ ဖြစ်ပါတယ်။ မေးစရာ ရှိတာကတော့ အမေရိကန် ကုမ္ပဏီတွေ ထိတွေ့ဆက်ဆံ လုပ်ကိုင်တာတွေကို အမေရိကန် အစိုးရက ဘယ်လို စောင့်ကြည့် အကဲခတ်သွားမလဲ ဆိုတာပါပဲ။ အခုအထိကတော့ ကဏ္ဍပေါင်းစုံမှာ ကုမ္ပဏီတွေ ဝင်လုပ်ခွင့်ပေးမယ် ဆိုတာမျိုး လောက်ကိုပဲ အခြေခံအားဖြင့် ပြောထားတာပါ။”
ဒါပေမဲ့လည်း လက်ရှိ မြန်မာနိုင်ငံရဲ့ စီးပွားရေးမှာ ပြည်ပက အဓိက ရင်းနှီးမြုပ်နှံ ဝင်ရောက် လုပ်ကိုင်နေကြတဲ့ စွမ်းအင်နဲ့ အရင်းအမြစ် ထုတ်လုပ်မှု လုပ်ငန်းတွေမှာ အမေရိကန်က ဝင်ရောက် လုပ်ကိုင်နိုင်ဖို့ အတွက်ကိုတော့ သတိထားစဉ်းစား သွားမယ်လို့သာ အမေရိကန် အစိုးရ တာဝန်ရှိသူ တယောက်က နောက်ပိုင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။ အမေရိကန် လုပ်ငန်းရှင်တွေ အနေနဲ့ လတ်တလော စီးပွားရေး လုပ်ကိုင်ဖို့ အလားအလာတွေ သိပ်မကောင်းလှသေးတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို နားလည်ထားဖို့ လိုမယ်လို့လည်း သတိပေးပါတယ်။
Vriens & Partners အတိုင်ပင်ခံ ကုမ္ပဏီရဲ့ ညွှန်ကြားရေးမှူး ဟန်စ် ဗရီယန်စ် ကတော့ မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ငန်းတွေ အတွက် အခြေခံကျတဲ့ လိုအပ်ချက်တွေ ကြီးကြီးမားမား ရှိနေတာကလည်း ရင်းနှီးမြုပ်နှံလိုသူတွေအတွက် အဟန့်အတား တခုလို့ မြင်ပါတယ်။
“အင်တာနက် ဆက်သွယ်ရေး လိုင်းတွေက တသိန်းတသောင်း ပဲရှိပါတယ်။ ဒါဟာလူဦးရေ သန်း ၆၀ အတွက် ရှိနေတဲ့ အရေအတွက်ပါ။ စီးပွားရေးဟာလည်း လူထုက အကျိုးခံစားရမယ့် လမ်းကြောင်းပေါ်မှာ မရှိသေးပါဘူး၊ အနည်းအကျဉ်း လူတစုလောက် အတွက်သာ အကျိုးပြုနေတဲ့ ပုံစံပါ။”
အမေရိကန် ပြည်ထောင်စုက နာမည်ပျက် စာရင်းသွင်းထားတဲ့ မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်းတွေ၊ လူပုဂ္ဂိုလ် စာရင်းတွေကိုတော့ အနီးကပ် စောင့်ကြည့်ပြီး ပြုစုသွားမှာ ဖြစ်တဲ့အကြောင်း အမေရိကန် အစိုးရ တာဝန်ရှိသူက ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဧပြီလဆန်း လွှတ်တော် ရွေးကောက်ပွဲတွေ ကျင်းပပြီးနောက်ပိုင်းမှာပဲ အမေရိကန် ပြည်ထောင်စုကတော့ စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ် ထားတာတွေ လျှော့ပေါ့ပြီး သံတမန် အဆက်အသွယ်တွေ တိုးမြှင့်တဲ့ အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး တာဝန်ယူထားသူ ဒဲရစ် မစ်ချဲ (Derek Mitchell) မြန်မာနိုင်ငံ ဖက်ကတော့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး တာဝန်ယူထားသူ ဦးသန်းဆွေ တို့ကို အပြန်အလှန် ခန့်အပ်ဖို့လည်း ကြေညာခဲ့တာပါ။
အမေရိကန်နဲ့ မြန်မာနိုင်ငံ ၂ နိုင်ငံကြား ဆက်ဆံရေးတွေ အခုလို ကြီးထွားလာနေတာမို့ မြန်မာနိုင်ငံ အထီးကျန်အဖြစ် ရှိနေစဉ်မှာ အဓိကကျောထောက် နောက်ခံပေးထားပြီး မြန်မာနိုင်ငံရဲ့ ရေနံ၊ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုတွေ အပါအဝင် ရင်းနှီးမြုပ်နှံမှုမှာ အများဆုံးနဲ့ အကြီးဆုံး ကုန်သွယ်ဖက်လည်းဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးအပေါ်မှာ ရိုက်ခတ် လာနိုင်တယ်လို့လည်း ဆန်းစစ်သူတွေက တွက်ဆနေကြတာပါ။ အမေရိကန်က မြန်မာနိုင်ငံနဲ့ နီးနီးကပ်ကပ် ဆက်ဆံလာတဲ့ ချဉ်းကပ်မှုတွေဟာ တရုတ်နိုင်ငံကို ဘေးဖယ်ဖို့ ရည်ရွယ်ချက်မျိုး မရှိစေဖို့ မျှော်လင့်တဲ့ အကြောင်းကိုလည်း တရုတ်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စွေ တီယန်ခိုင် (Cui Tiankai) က မကြာသေးခင်ကပဲ မှတ်ချက်ပေး ပြောဆိုသွားတာ ဖြစ်ပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကလင်တန် ကတော့ အမေရိကန်-မြန်မာ ဆက်ဆံရေးဟာ အပြန်အလှန် အကျိုးစီးပွားပေါ်မှာသာ အခြေခံပါတယ်လို့ ပြောသွားပါတယ်။
“ဒါဟာ တခြားနိုင်ငံတွေနဲ့ မဆိုင်ပါဘူး။ ဒါဟာ ကျမတို့ချင်း ကြားမှာသာ ဖြစ်ပါတယ်။ ကျမတို့ အကဲခတ်စောင့်ကြည့်နေတဲ့ အပြောင်းအလဲတွေ၊ ဒီလိုဖြစ်ထွန်းမှုတွေကို ဆက်လက် ဖြစ်ပေါ်စေချင်တဲ့ ကျမတို့ရဲ့ ဆန္ဒတွေအပေါ်မှာ အမြစ်တွယ် ပေါက်ဖွားလာတာပါ။ တွေ့နေကြရတဲ့ အတိုင်းပါပဲ အိမ်နီချင်းနဲ့ ဒေသတွင်းကရော နိုင်ငံတကာကပါ ဆက်ဆံရေးတွေ တည်ဆောက်ပြီး ခိုင်မာအောင် ကြိုးပမ်းနေကြတဲ့ တိုင်းပြည်တွေ အများကြီး ရှိလာလိမ့်မယ်လို့လည်း ကျမတို့ အပြည့်အ၀ မျှော်လင့်ထားပါတယ်။”
မြန်မာနိုင်ငံက နိုင်ငံရေး အပြောင်းအလဲတွေမှာ ဒီမိုကရေစီ အင်အားစုတွေ ပါဝင်ခွင့်ရှိလာတာ၊ နိုင်ငံရေး စီးပွားရေး လွတ်လပ်ခွင့်တွေ တွေ့မြင်လာရတဲ့ အပေါ်မှာတော့ သမ္မတ ဦးသိန်းစိန်၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ သက်ဆိုင်သူတွေရဲ့ ကြိုးပမ်း အားထုတ်မှုတွေ အပေါ်မှာလည်း ဝန်ကြီးကလင်တန်က ချီးကျူးစကားလည်း ပြောဆိုသွားတာပါ။ ဒါပေမဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာ ဆက်လက်ဖမ်းဆီးထားဆဲ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတာ၊ တိုင်းရင်းသား လူမျိုးစုတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ အဆုံးသတ်တာတွေကိုလည်း မြင်တွေ့လိုတယ်လို့လည်း ပြောဆိုထားတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။