သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လျှပ်စစ်မီး ရရှိရေး ရန်ကုန်မှာ ဆန္ဒပြ


ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မန္တလေးမြို့မှာ ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး ဆန္ဒပြ တောင်းဆိုမှုတွေဟာ အခုအခါ ရန်ကုန်မြို့ကို ကူးစက်လာပါပြီ။ လျှပ်စစ်မီး မရရှိတဲ့အတွက် ရန်ကုန်မြို့မှာ ရာနဲ့ချီတဲ့ လူတွေဟာ အခုဗွီအိုအေက အသံလွှင့်ကာနီး အချိန်မှာပဲ စုဝေးဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ မန္တလေးမြို့ လူထုက ၂ ရက်ဆက်တိုက် ဖယောင်းတိုင်မီး ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ သလိုပဲ ရန်ကုန်လူထုတွေကလည်း ဒီကနေ့မှာ ဖယောင်းတိုင်မီး ကိုယ်စီ ထွန်းညှိပြီး မြို့တော်ခမ်းမ ရှေ့မှာ ဆန္ဒပြနေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ကိုယ်တိုင် သွားရောက် သတင်းယူနေတဲ့ သတင်းထောက် တဦးကို မသင်းသီရိ က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

မေလ ၂၂ ရက် အင်္ဂါနေ့ညက ရန်ကုန်မြို့တော် ခမ်းမနဲ့ ဆူးလေဘုရား အနီးတဝိုက်မှာတော့ ရန်ကုန်မြို့ အတွင်းမှာ ၂၄ နာရီ လျှပ်စစ်မီး အပြည့်အ၀ ရရှိရေးအတွက် ဖယောင်းတိုင်မီး ထွန်းညှိပြီး စီတန်း လမ်းလျှောက်တာတွေ ရှိခဲ့တဲ့ အကြောင်းကိုတော့ ပြည်ပ သတင်းဌာနအတွက် လုပ်ကိုင်ပေးနေတဲ့ မြန်မာသတင်းထောက် ကိုသီဟဆွေ ကပြောပြပါတယ်။
“အခုရန်ကုန်မြို့ မြို့တော်ခမ်းမကနေ စတာပေါ့နော်။ မြို့တော်ခမ်းမ ဘေးကနေ ၇ နာရီလောက်က စပြီးတော့ သူတို့ ဖယောင်းတိုင်တွေ ထွန်းပြီးတော့ လမ်းလျှောက်တဲ့ အချိန်မှာ လူကတဖြည်းဖြည်း တိုးလာတာပေါ့။ သူတို့က မြို့တော်ခမ်းမ ဘေးကနေစပြီး ထွက်လာတယ်၊ ဒါပေမဲ့ အဝေးကြီး မသွားဘူး။ ဆူးလေဘုရားကိုပဲ ပတ်ပြီးတော့၊ ဘုရားပေါ်တက်ပြီး ဝတ်ပြုတဲ့ သဘောမျိုးပေါ့နော် လုပ်တယ်။ ကြေညာချက် သဘောမျိုး သတင်းထောက်တွေကို ပြောပြီးတော့ ပြီးသွားပါတယ်။ အားလုံးပေါင်းတော့ ၁၀၀ နီးပါးလောက်တော့ ရှိမယ် ထင်ပါတယ်။”

ရန်ကုန်မြို့ခံ လူထုတွေဟာ သူတို့ရဲ့ ဆန္ဒတွေကို ဖော်ထုတ်ဖို့အတွက် မြို့တော်ခမ်းမဘေးကို လူစုဝေးချိန်မှာတော့ လုံခြုံရေး စောင့်ကြပ်မှုတွေ ရှိနေပေမဲ့ ဖမ်းဆီးတာမျိုး၊ အနှောက်အယှက် ပေးတာမျိုးတော့ မရှိခဲ့ဘူးလို့လည်း ပြောပါတယ်။
“အဓိကကတော့ ဒီသတင်းက နဂိုကတည်းက ရှိနေတဲ့အတွက် လုံခြုံရေးက ကြိုပြီးတော့ နေရာယူထားတာပေါ့။ တကယ်တမ်း စပြီး ထွက်လာတဲ့ အချိန်မှာတော့ မြို့နယ်မှူးကနေပြီးတော့ မေးတယ်၊ တားတယ်ပေါ့နော်။ မလုပ်ဖို့ တားတယ်ပေါ့နော်။ ကျနော်တို့ လုပ်ထုံး လုပ်နည်းတွေ ဘာတွေလည်း မရှိသေးတဲ့အတွက် လုပ်လို့ မရဘူးလို့ တားတယ်။ ဒါပေမဲ့ ဒါဟာ ဆန္ဒပြတာ မဟုတ်ဘူး၊ ကျနော်တို့ ဆန္ဒကို ထုတ်ဖော်တာပေါ့နော်။ အဲဒီလို စကားလုံး ကိစ္စတွေ ပြောကြပြီး နောက်မှာတော့ သွားတဲ့ လမ်းကြောင်းလေးပဲ သိချင်ပါတယ်။ သွားတဲ့ လမ်းကြောင်းအတိုင်း သဘောတူပြီးတော့ အစောင့်အကြပ်နဲ့ပေါ့နော် လုံခြုံရေးတွေကလည်း ဘေးက လိုက်ပြီးတော့ ဘုရားအထိ လိုက်ရံပေးတာပေါ့။ အဲဒီလိုနဲ့ အခြေအနေက အေးအေးဆေးဆေးနဲ့ ပြီးသွားတဲ့ အနေအထားပါ။”

မြို့ခံလူထု ၁၀၀ ကျော်က စီတန်းလမ်းလျှောက်ပြီး လျှပ်စစ်မီး အချိန်ပြည့် ရရှိရေးအတွက် တောင်းဆိုကြသူတွေ အားလုံးရဲ့ ဆန္ဒကတော့ ပြည်တွင်းက စွမ်းအင် အရင်းအမြစ်ကို ပြည်သူတွေက ခံစားနိုင်ခွင့် ရရှိရေး ဖြစ်တယ်လို့လည်း ပြောပါတယ်။
"အဓိကကတော့ သူတို့က လျှပ်စစ်မီး အပြည့်အ၀ ရရှိရေးပါပဲ။ နောက်တခုကတော့ ဒီကနေ့ သတင်းစာမှာပါတဲ့ လျှပ်စစ် ဝန်ကြီးဌာနရဲ့ မေတ္တာရပ်ခံချက်ကလည်း ရှိနေတော့ သတင်းထောက် အများစုကတော့ ဒါနဲ့ ပတ်သက်ပြီးတော့ မေးတာပေါ့နော်။ မေးတော့ အဓိကက သူတို့ ၂ ချက်ပြောတယ်။ တချက်က ဘာလဲဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ၂၄ နာရီ ရရမယ်ပေါ့နော်။ သူများကို ရောင်းနိုင်ရင် ဒီမှာလည်း ရရမယ် ဆိုတာကို သူတို့ ပြောပါတယ်။"
ဒါကတော့ မေလ ၂၂ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့တော် ခမ်းမနဲ့ ဆူးလေဘုရား အနီးတဝိုက်မှာ လျှပ်စစ်မီး အချိန်ပြည့် ရဖို့အတွက် ရန်ကုန်မြို့ခံတွေ ဆန္ဒဖော်ထုတ် တောင်းဆိုတဲ့ အကြောင်းကို ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ သတင်းထောက် ကိုသီဟဆွေ ပြောပြခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ရန်ကုန်မှာ လျှပ်စစ်မီး အချိန်အပြည့်အ၀ ရဖို့အတွက် ပထမဆုံး ဆန္ဒဖော်ထုတ်မှု ဖြစ်ပြီးတော့ မန္တလေးမြို့မှာတော့ မေလ ၂၀ နဲ့ ၂၁ ရက် ၂ ရက်ကြာ အလားတူ ဆန္ဒဖော်ထုတ်မှုတွေလည်း ရှိခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG