မြန်မာနိုင်ငံ အပါအ၀င်ဖြစ်တဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) မိသားစုအဖြစ် ပေါင်းစည်းဖို့ ကြိုးပမ်းရာမှာ ကြုံလာရနိုင်တဲ့ အန္တာရာယ်တွေလည်း ရှိနေတယ်လို့ အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ ကျွမ်းကျင်သူတွေက သတိပေး နေပါတယ်။ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးချဲ့လာပေမဲ့ ဆင်းရဲ၊ ချမ်းသာ ညီမျှမှု မရှိတဲ့ အသင်းဝင် နိုင်ငံတွေကြား ရနိုင်တဲ့ အခွင့်အလန်း ကွာဟမှုတွေ ပေါ်ပေါက်လာနိုင်တယ်လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က စီးပွားရေး ညီလာခံမှာ ပြောခဲ့ကြတာပါ။ မြန်မာနဲ့ အာဆီယံအသင်းတို့ရဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ရှေ့အလားအလာတွေအပေါ် ဆန်းစစ်ချက်တွေကိုတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး ကတင်ပြပေးမှာ ဖြစ်ပါတယ်။
အာဆီယံ စီးပွားရေး ၀န်းကျင် တခုအဖြစ် ရှေ့လာမယ့် ၂၀၁၅ ခုနှစ်မှာ ဖန်တီးနိုင်ဖို့ အသင်းဝင် နိုင်ငံတွေ ကြိုးပမ်း နေကြတဲ့ တချိန်တည်းမှာပဲ ရင်ဆိုင်ရနိုင်တဲ့ အကျိုးဆက်တွေကို သတိထားဖို့နဲ့ ကြိုတင် ပြင်ဆင်ထားဖို့ သတိပေး နေကြတာ ဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ ကြွယ်ဝမှုတွေ ညီတူညီမျှ မရှိတဲ့ အာဆီယံ အသင်းဝင် ၁၀ နိုင်ငံကြား အခွင့်အလန်းကောင်းတွေ ရနိုင်တဲ့ တိုင်းပြည်တွေကို ဆင်းရဲတဲ့ နိုင်ငံတွေက ပြောင်းရွှေ့ ထွက်ခွာတာလို အနှုတ်လက္ခဏာတွေ ကြုံရနိုင်တယ်လို့ ခန့်မှန်းနေကြတာပါ။
အာဆီယံ မိသားစုအဖြစ် ပူးပေါင်းလာတဲ့အတွက် တနိုင်ငံနဲ့ တနိုင်ငံကြား လွတ်လွတ်လပ်လပ် သွားလာတာ၊ အလုပ်လုပ်ကိုင်တာ စတဲ့ အခွင့်အလန်းတွေ ရလာနိုင်တဲ့အတွက် အရည်အချင်းရှိတဲ့ ကျွမ်းကျင်လုပ်သားတွေ နေရပ်စွန့်ပြီး ဦးနှောက်ယိုစီးမှု ပြဿနာ ဖြစ်လာနိုင်တယ်လို့ အရှေ့အာရှ ဒေသဆိုင်ရာ ကမ္ဘာ့စီးပွားရေး နှီးနှောဖလှယ်ပွဲအတွင်း စီးပွားရေး နိုဘဲလ်ဆုရှင် ပါမောက္ခ ဂျိုးဇက်ဖ် စတစ်ဂ်လစ် (Joseph Stiglitz) က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
“အရည်အချင်းရှိသူတွေ တိုင်းပြည်ကို စွန့်ခွာပြီး စင်္ကာပူတို့ ဘာတို့လို တခြားနိုင်ငံတွေ ရောက်ကုန်ကြတဲ့ အဖြစ်မျိုးတွေ ကြုံလာရပြီး စီးပွားရေးအတွက် အခွံသက်သက်ပဲ ကျန်တော့တဲ့ အဖြစ်မျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါဟာ ကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး။”
စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုတွေမှာ ထင်ရှားတဲ့ ဥရောပသမဂ္ဂ (EU) နိုင်ငံတွေမှာ အလားတူ အမှားမျိုး ကြုံခဲ့ရတာကို သင်ခန်းစာ ယူဖို့လည်း ပါမောက္ခ စတစ်ဂ်လစ် က သတိပေးသွားတာပါ။ ကိုယ့်မှာ ရှိနေတဲ့ လူသား အရင်းအမြစ်တွေ၊ လိုအပ်တဲ့ ကျွမ်းကျင်မှု အဖွဲ့အစည်းတွေ ခိုင်မာအောင် လုပ်ဆောင်ပြီး၊ စနစ်တကျ စီမံခန့်ခွဲသွားဖို့ အရေးကြီးမယ်လို့လည်း တိုက်တွန်း သွားပါတယ်။
ဒါပေမဲ့လည်း အာဆီယံ တပေါင်းတစည်းတည်း ဖြစ်စေရေး အစီအစဉ်တွေ မလွဲမသွေ ဖြစ်လာတော့မှာမို့ တဖြည်းဖြည်းချင်း လွတ်လပ်ခွင့်တွေ ပေးရမယ့် အခြေအနေတွေကိုတော့ ရှောင်ရှားနိုင်မှာ မဟုတ်ဘူးလို့ အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင် ပိဆူဝမ် (Surin Pitsuwan) ကပြောပါတယ်။
“ကျနော်တို့ အနေနဲ့ ဒီထက်ပိုပိုပြီး ဖွင့်ပေးဖို့ ဖိအားပေးတာတွေ ရှိလာမယ်ဆိုတာလည်း ကျနော်မြင်နေပါတယ်။ ဒီလို ရင်ဆိုင်ရမယ့် အခြေအနေတွေ ကလည်း ရှိနှင့်ပြီးသားပါ။ ကျွမ်းကျင် လုပ်သားတွေ တနေရာက တနေရာ အပြောင်းအလဲ လုပ်နိုင်တာတွေ မရှိပဲနဲ့တော့ ကျနော်တို့ ပြောနေတဲ့ စီးပွားရေး ၀န်းကျင်တခုဆိုတာလည်း မဖြစ်နိုင်ပါဘူး။”
တကယ်တော့ အာဆီယံ အသင်းဝင် နိုင်ငံတွေ ကိုယ်တိုင် ကျွမ်းကျင်မှုနဲ့ အရည်အသွေးရှိတဲ့ လုပ်သားအင်အား မပြည့်မစုံ ရှိနေတာကိုလည်း အတွင်းရေးမှူးချုပ်က အသိအမှတ်ပြု ပြောခဲ့တာပါ။ ဒီအတွက်လည်း ချမ်းသာတဲ့ တိုင်းပြည်တွေက ၀င်ငွေပိုရမယ့် အလုပ်အကိုင်တွေအတွက် ရွှေ့ပြောင်းကြတာမျိုးတွေ တွေ့ရလိမ့်မယ်လို့လည်း ဆိုပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ လူသား အရင်းအမြစ်တွေကို ပြောင်းရွှေ့မှုတွေကို နောက်ဆုံးမှ လုပ်သင့်တယ်လို့လည်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ရဲ့ ဦးဆောင် ညွှန်ကြားရေးမှူးချုပ် ရာဂျတ် အမ်နဂ် (Rajat M Nag) က သတိပေးပါတယ်။
“အချိတ်အဆက် မိဖို့က အင်မတန်မှ အရေးကြီးပါတယ်။ ကုန်ပစ္စည်းတွေ၊ ၀န်ဆောင်မှုတွေ ပြောင်းရွှေ့နိုင်အောင် အရင်ဖန်တီးပြီး စီမံခန့်ခွဲမှုတွေ လုပ်ရလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ ဒီနောက်မှာမှ ကျွမ်းကျင် လုပ်သားတွေ တနေရာက တနေရာ ပြောင်းလဲတာတွေ လုပ်ရမှာပါ။ အလျင်စလို မလုပ်ဖို့ကတော့ အင်မတန်မှကို အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလုပ်ငန်းစဉ် တခုလုံးရဲ့ သားကောင် ပြန်ဖြစ်နိုင်တဲ့ အခြေအနေမျိုး ရှိနေလို့ပါ။ ဒါကြောင့်လည်း လူတွေ အရွှေ့အပြောင်း ဆိုတာက အပြောင်းအလဲ လုပ်ငန်းစဉ်မှာ တော်တော် နောက်ချန်ပြီးမှ ဆောင်ရွက်ရမယ့် ကိစ္စဖြစ်ပါတယ်။”
ဒေသတွင်း လူသား အရင်းအမြစ်တွေ တနေရာက တနေရာကို ရွှေ့ပြောင်းနေတာတွေကို စနစ်တကျ စီမံခန့်ခွဲတာမျိုး မရှိဘူး ဆိုရင်တော့ လတ်တလော တရားဝင်ရော တရားမ၀င်ရော သွားလာ ၀င်ရောက်နေတဲ့ အခြေအနေတွေကနေ နောက်ဆက်တွဲ ဆိုးကျိုးတွေ ကြုံလာရမှာကိုလည်း ကျွမ်းကျင်သူတွေ စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။ အာဆီယံ အသင်းဝင် နိုင်ငံတွေကြား ဖွံ့ဖြိုးမှုတွေမှာ နောက်ကျကျန်နေတဲ့ မြန်မာနိုင်ငံက ကျွမ်းကျင်သူတွေ သာမက၊ သာမာန် လုပ်ငန်းတွေမှာ ၀င်ရောက် လုပ်ကိုင်ကြဖို့ တခြားဒေသတွင်း နိုင်ငံတွေမှာ သွားရောက် အလုပ်လုပ်ကိုင် နေသူတွေကတော့ လတ်တလောမှာ သန်းဂဏန်းချီ ရှိနေတာပါ။
အထူးသဖြင့်ကတော့ အိမ်နီးချင်း ထိုင်းနိုင်ငံလို နေရာမှာတင် မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားတွေ သန်းချီရှိနေပြီး ဒီအထဲက အများစုဟာ ဆိုရင်လည်း တရားဝင် မှတ်ပုံတင် ထားကြတာ မဟုတ်တဲ့အတွက် အကာအကွယ် အစောင့်အရှောက် ကင်းမဲ့နေကြတာ ဖြစ်ပါတယ်။ ၂၄ နှစ်အတွင်း ပထမဆုံးအကြိမ် ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံကို ရောက်လာတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာဆိုရင်လည်း မြန်မာအလုပ်သမားတွေနဲ့ တွေ့ဆုံအားပေးခဲ့သလို၊ ထိုင်းဒုတိယ ၀န်ကြီးချုပ်နဲ့ တွေ့ဆုံပြီး အလုပ်သမားတွေ အခွင့်အရေး အကာအကွယ်ပေးဖို့ တိုက်တွန်းခဲ့တာပါ။
အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင် ပိဆူဝမ် ကတော့ ဒီအခြေအနေတွေကို ထိုင်းအစိုးရက အလေးထား ကိုင်တွယ်သွားလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောပါတယ်။
“မြန်မာနိုင်ငံသား ၂ သန်းလောက်တောင် ရှိနေတာကို ဒေါ်အောင်ဆန်းစုကြည်လည်း ပြောသွားပါတယ်။ ဒီအထဲက ၈ သိန်းပဲ မှတ်ပုံတင်ထားပြီး နောက်ထပ် ၁ သန်း ၂ သိန်းလောက်ကတော့ လူမှုဖူလုံရေး အစောင့်အရှောက်ဆိုလို့ ဘာမမရှိပဲနဲ့ နေနေကြရတာပါ။ ဒါကိုလည်း သူကပြောင်းလဲချင်ပါတယ်။ ဒါကို ထိုင်းအစိုးရနဲ့လည်း သူပြောပါတယ်။ ဒါကိုလည်း ထိုင်းအစိုးရက အပြုသဘောနဲ့ တုံ့ပြန်ရလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။”
၂၀၁၅ ခုနှစ်မှာ အာဆီယံ ၀န်းကျင် တခုအဖြစ် ပေါင်းစည်းဖို့ ရှိနေတဲ့ အသင်းအနေနဲ့ လူသားအရင်းအမြစ်တွေ အပေါ် စီမံခန့်ခွဲဖို့ လိုနေသလို၊ စီးပွားရေးအရ မညီမျှမှုတွေ ကြီးကြီးမားမား ကွာဟနေတာတွေကိုလည်း ဖြေရှင်းဖို့ လိုနေတယ်လို့ ကျွမ်းကျင်သူတွေက သတိပေးခဲ့ကြတာပါ။ ဒီလိုပဲ နောက်ထပ် စိမ်ခေါ်မှု တခုအဖြစ်နဲ့ ရှိနေတာကတော့ ကုန်သွယ်မှုတွေနဲ့ စီးပွားရေးတွေ ချဲ့ထွင် လုပ်ကိုင်ဖို့ ရည်မှန်းထားတာမို့ ဘဏ္ဍာရေး လုပ်ငန်းတွေမှာ တွင်တွင်ကျယ်ကျယ် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း လတ်တလော အခြေအနေမှာတော့ ဥရောပမှာလို ဘုံငွေကြေး စနစ်ထူထောင်တဲ့ အဆင့်မျိုးအထိတော့ မဖြစ်နိုင်သေးဘူးလို့ အာဆီယံ အတွင်းရေးမှူးချုပ်က အသိအမှတ်ပြု ပြောခဲ့တာပါ။ အာဆီယံ အနေနဲ့ ၁၉၉၇ ခုနှစ်မှာ အာရှဘဏ္ဍာရေး ပြဿနာတွေ ကြုံခဲ့ရစဉ်ကစလို့ ပြင်ဆင်မှုတွေ လုပ်ဆောင်လာရာမှာ အကျပ်အတည်းတွေ ရင်ဆိုင်လာရမယ်ဆိုရင် အသင်းဝင် နိုင်ငံတွေ အတွက် သုံးစွဲသွားနိုင်ဖို့ အမေရိကန် ဒေါ်လာ သန်းပေါင်း ၂၄၀,၀၀၀ အကြွေးယူနိုင်တဲ့ စနစ်တရပ်ကိုလည်း ဖန်တီးထားတယ်လို့ အာရှဒေသဆိုင်ရာ ကမ္ဘာ့စီးပွားရေး နှီးနှောဖလှယ်ပွဲအတွင်း ပြောသွားခဲ့တာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။