သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အလုပ်သမား ဈေးကွက်


ပြည်ပလုပ်ငန်းတွေ ဝင်ရောက်လာတာနဲ့အမျှ မြန်မာနိုင်ငံ အလုပ်သမားဈေးကွက်မှာ တိုးတက်မှုတွေ ရလာတော့မှာလား?

မြန်မာနိုင်ငံမှာ စီးပွားရေး မူဝါဒတွေ ပြောင်းလဲလာရာက နိုင်ငံတကာကနေ ရင်းနှီးမြုပ်နှံမှုတွေ ဝင်ရောက်လာမယ့် အလားအလာတွေနဲ့အတူ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေနဲ့ လုပ်ငန်းခွင်မှာ တိုးတက်မှုတွေ ရှိလာမယ်လို့ မျှော်လင့်မှုတွေလည်း ကြီးထွားလာနေပါတယ်။ တချိန်တည်းမှာပဲ အလုပ်သမားတွေ လုပ်ခလစာနဲ့ ခံစားခွင့်တွေရဖို့ တောင်းဆိုမှုတွေလည်း ရှိနေတာမို့ အခြေအနေတွေကို တိုးတက်အောင် လုပ်စရာတွေ အများအပြား ရှိနေတယ်လို့လည်း ကျွမ်းကျင်သူတွေ သတိပေးနေကြတာပါ။ မြန်မာနိုင်ငံက အလုပ်သမား ဈေးကွက် အခြေအနေနဲ့ ရှေ့အလားအလာတွေကိုတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး ကတင်ပြပေးမှာ ဖြစ်ပါတယ်။

ဆယ်စုနှစ်တွေနဲ့ချီပြီး အထီးကျန်အဖြစ် ရှိနေခဲ့တဲ့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ တွေ့လာရတာမို့ စီးပွားရေး အခွင့်အလန်းတွေ ပေါ်ပေါက်လာမယ်လို့ မျှော်လင့်နေကြပါတယ်။ အထူးသဖြင့် အရင်းအမြစ်နဲ့ လုပ်သားအင်အား ကြီးကြီးမားမား ရှိနေပြီး၊ ဈေးချိုတဲ့ အတွက် နိုင်ငံတကာ လုပ်ငန်းရှင်တွေ မျက်စေ့ကျ နေကြတာမို့ အလုပ်အကိုင် အခွင့်အလန်းတွေလည်း ပေါ်ပေါက်လာမယ်လို့ တွက်ဆနေကြတာပါ။ တချိန်တည်းမှာပဲ လုပ်သားအင်အားနဲ့ ဈေးချိုတာကို အမြတ်ထုတ်လိုတဲ့ ရင်းနှီးမြုပ်နှံမှုမျိုးတွေ ဝင်လာမှာကိုလည်း စိုးရိမ်မကင်း ဖြစ်နေတာတွေ ရှိပါတယ်။ နှစ်ပေါင်း ၂၄ နှစ်အတွင်း ပထမဆုံးအကြိမ် ပြည်ပခရီးအစအဖြစ် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့က ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် (ILO) ရဲ့ ညီလာခံမှာ စကားပြောခဲ့တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကတော့ စီးပွားရေး လုပ်ငန်းရှင်တွေ အကျိုးအမြတ် မျှော်ကိုးပြီး ရင်းနှီးမြုပ်နှံလိုကြတာကို အသိအမှတ်ပြု ပြောဆိုခဲ့ပေမဲ့ မြန်မာလူထု အကျိုးရှိဖို့လည်း လိုမယ်လို့ သတိပေး လိုက်တာပါ။

မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့ ပြဿနာ ကြီးထွားနေပြီး လူငယ်တွေ အလုပ်အကိုင် အခွင့်အလမ်းတွေ မရနိုင်ပဲဖြစ်နေရတာတွေကို ဖြေရှင်းရာမှာ ပြည်ပရင်းနှီးမြုပ်နှံမှုတွေက တဖက်တလမ်းက အထောက်အကူ ဖြစ်စေဖို့လည်း မျှော်လင့်နေတာ ဖြစ်ပါတယ်။
“ရင်းနှီးမြုပ်နှံမှုတွေကနေ ပြန်ရမှ ဖြစ်မယ်၊ အကျိုးအမြတ် ထွက်မှဖြစ်မယ် ဆိုတာကို ကျမတို့ လက်ခံပါတယ်။ ဒါပေမဲ့ ဒီအကျိုးအမြတ်တွေကို ရင်းနှီးမြုပ်နှံသူတွေနဲ့ ကျမတို့ လူထုကြား ခွဲဝေခံစား စေချင်ပါတယ်။ ဒီအထဲမှာမှ ကမ္ဘာပေါ်က တခြားတိုင်းပြည်တွေက ကျွမ်းကျင်မှု အရည်အသွေးတွေကို မြန်မာနိုင်ငံက လူငယ်တွေကို မျှဝေပေးနိုင်မယ့် ရင်းနှီးမြုပ်နှံမှုမျိုးကို ကျမတို့က ပိုပြီးတော့ ဖိတ်ခေါ်ချင်ပါတယ်။”

ရန်ကုန် စီးပွားရေး တက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဦးမော်သန်း ကတော့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေဟာ စီးပွားရေး ကျင့်ဝတ်တွေနဲ့အညီ ဆောင်ရွက်သွားမယ် ဆိုရင်တော့ ၂ ဦး ၂ ဖက် အကျိုးရှိနိုင်မယ်လို့ ပြောပါတယ်။ အထူးသဖြင့် မကြာသေးခင်ကမှ အရေးယူ ဒဏ်ခတ်မှုတွေကို လျှော့ပေါ့ပေးခဲ့ပြီး ကျင့်ဝတ်နဲ့အညီ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုတွေ လုပ်ကြဖို့ တိုက်တွန်းထားတဲ့ အမေရိကန် ပြည်ထောင်စုလို တိုင်းပြည်မျိုးတွေက ရှေ့ကနေ ဦးဆောင်ပြနိုင်မယ် ဆိုရင်တော့ အလုပ်သမားတွေအတွက် အကျိုးများနိုင်တယ်လို့ ဆိုပါတယ်။

“အရေးကြီးတာကတော့ဗျာ လုပ်ငန်းရှင် ဖက်ကချည်းပဲ၊ ရင်းနှီးမြုပ်နှံသူ ဖက်ကချည်းပဲ ကြည့်တာလည်း ကျနော့်စိတ်ထဲတော့ သိပ်မကောင်းဘူး ထင်ပါတယ်။ နောက်တဖက်က အလုပ်သမား ဖက်ကချည်းပဲ ကြည့်တာလည်း မကောင်းဘူးပေါ့လေ။ ၂ ဖက် မျှမျှတတ တိုးတက်လာတယ်ဆိုရင်၊ ဒါက ပိုပြီးတော့ ကောင်းတာပေါ့။ ဥပမာအားဖြင့် နိုင်ငံခြား ကုမ္ပဏီတွေ အနေနဲ့ အမေရိကန်က မစ္စစ် ကလင်တန် ပြောတာမျိုးလို အမေရိကန် ရင်းနှီးမြုပ်နှံမှုလာမယ်၊ လာလို့ရှိရင် အမေရိကန် လုပ်ငန်းဆိုတာ ဒီလိုဟေ့ ကိုယ်ကျင့်သိက္ခာနဲ့ ညီတယ်၊ ထောက်ထောက် ထားထားနဲ့ လုပ်တယ် ဆိုခဲ့လို့ ရှိရင်တော့ ဒါဟာ လုပ်ခလစာ တနေရာက တိုးသွားတယ် ဆိုရင်တော့ နောက်နေရာတွေကလည်း လိုက်တိုးရမယ့် သဘောမျိုး ရှိပါတယ်။ ဒါကလည်းပဲ နိုင်ငံခြားက ဝင်ရောက်လာတဲ့ ပုဂ္ဂိုလ်တွေ၊ လုပ်ငန်း အဖွဲ့အစည်းတွေရဲ့ ကျင့်စဉ်အပေါ်မှာလည်း တော်တော်များများ တည်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီး ထွက်လာချိန်မှာပဲ မြန်မာနိုင်ငံတွင်းက စက်ရုံအလုပ်ရုံတွေမှာ လုပ်ခလစာ တိုးမြှင့်ရေး၊ လုပ်ငန်းခွင် အခြေအနေ တိုးတက်စေရေး တောင်းဆို ဆန္ဒပြပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲပါ။ ဒေါ်အောင်ဆန်းစုကြည် ကတော့ မြန်မာနိုင်ငံမှာ အလုပ်သမား အခွင့်အရေး အကာအကွယ်ပေးတဲ့ ဥပဒေတွေ မရှိတာ၊ လက်ရှိ ကျင့်သုံးနေတဲ့ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက်ဟာ ခေတ်မမှီတော့တာတွေဟာ အခြေခံ ပြဿနာတွေ အဖြစ်နဲ့ ILO ညီလာခံအတွင်း ထောက်ပြသွားပါတယ်။

ညီလာခံကို တက်ရောက်လာတဲ့ မြန်မာအလုပ်သမား ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ကြည် ကတော့ အနိမ့်ဆုံး လစာသတ်မှတ်ချက် အပါအဝင် အလုပ်သမားရေးရာ ဥပဒေမူကြမ်းတွေကို ရေးဆွဲနေတာမို့ အတည်ဖြစ်လာတဲ့အခါ ပြဿနာတွေ ပြေလည် နိုင်လိမ့်မယ်လို့ မျှော်လင့်ထားတဲ့ အကြောင်း ဗွီအိုအေနဲ့ မေးမြန်းခန်းမှာ ပြောသွားပါတယ်။
“ဟိုတုန်းက ရှိခဲ့တဲ့ minimum wages (အနိမ့်ဆုံး လစာ) က တော်တော်လေး ခေတ်မမှီတော့ပါဘူး။ နောက်တခုက တကယ်တမ်း လက်တွေ့ လုပ်ဖို့လည်း တော်တော်လေး ခဲယဉ်းနေပါတယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့က minimum wages act (အနိမ့်ဆုံးလစာ သတ်မှတ်ချက် ဥပဒေ) နဲ့ ပတ်သက်ပြီးတော့ အသစ်ပြန် ရေးဆွဲရတာ ဖြစ်ပါတယ်။ အသစ်ပြန် ရေးဆွဲတဲ့ အခါကျတော့ နိုင်ငံတကာ အဆင့်လည်း မှီဖို့လိုတယ်။ ဒါကြောင့် ဒီနေ့ဆိုရင် ကျနော် minimum wages act နဲ့ ပတ်သက်ပြီးတော့ ပညာရှင်တွေပေါ့လေ၊ ဂျီနီဗာမှာက ဥပဒေ ပညာရှင်တွေ ပေါပါတယ်။ ပေါတဲ့အခါကျတော့ အထူးသဖြင့် အငြိမ်းစား ပညာရှင်တွေပေါ့၊ ဒီလို ပုဂ္ဂိုလ်တွေနဲ့ ပြန်ပြီးတော့ တိုင်ပင်တယ်။ ကျနော်တို့ ရေးဆွဲထားပြီးသားပါ။ minimum wages အတွက် ရေးဆွဲထားပြီးသား ဖြစ်တယ်၊ skilled development act (ကျွမ်းကျင်လုပ်သား ဖွံ့ဖြိုးရေး ဥပဒေ) ရေးဆွဲထားပြီးသား ဖြစ်တယ်။ ဒါက ကျနော့် အလုပ်သမားဖက်ကပေါ့နော်၊ ကျနော်က လူမှုဝန်ထမ်း ဖက်ကလည်း တာဝန်ရှိတာဆိုတော့ ကျနော် disaster risks reduction law (ကပ်ဘေးအန္တာရာယ် လျော့ပါးရေး ဥပဒေ) လည်း ရေးဆွဲထားတယ်။ အဲဒီတော့ draft (မူကြမ်း) ၃ ခု ရေးပြီးသား ကျနော့်မှာ ရှိပါတယ်။”

အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) ကတော့ မြန်မာနိုင်ငံရဲ့ အလုပ်လက်မဲ့ ပမာဏဟာ ၄ ရာခိုင်နှုန်း ရှိနေတယ်လို့ ခန့်မှန်းထားတာမို့ ဝ.၇ ရာခိုင်နှုန်းသာရှိတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ ယှဉ်မယ်ဆိုရင် သိသိသာသာ များပြားနေတာပါ။ ဒါပေမဲ့လည်း ငယ်ရွယ်တဲ့ လုပ်သား အင်အားတွေလို အခြေခံကောင်းတွေ ရှိနေတာမို့ မြန်မာနိုင်ငံဟာ အာရှတိုက်မှာ စီးပွားရေး အင်အားကောင်းတဲ့ ထိပ်တန်း တိုင်းပြည် တခုအဖြစ်နဲ့ ပေါ်ထွန်းလာနိုင်တယ်လို့လည်း ပြောဆိုထားတာ ဖြစ်ပါတယ်။

စီးပွားရေး တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဦးမော်သန်း ကတော့ ကုန်ထုတ်လုပ်မှုတွေမှာ သက်သာတဲ့ တိုင်းပြည်အဖြစ် ရင်းနှီးမြုပ်နှံသူတွေ အတွက် နစ်နာစရာ မရှိနိုင်ဘူးလို့ မြင်ပါတယ်။
“လုပ်ခနဲ့ ပတ်သက်လို့ပေါ့လေ လုပ်ကိုင်တဲ့ လုပ်ငန်းစနစ်၊ လုပ်နည်းလုပ်ဟန်တွေက မှန်ကန်တယ်ဆိုရင် သူ့ရဲ့ productivity (ထုတ်လုပ်မှု) ကလည်း ပုံမှန်ရမယ်ဆိုရင်၊ ဒီမှာရှိတဲ့ cost of living စားဝတ်နေရေး၊ ဒီမှာရှိတဲ့ လစာအတိုင်းအတာနဲ့ဆိုရင် အလုပ်သမားခက ဘယ်လိုမှ သူများနိုင်ငံနဲ့ မယှဉ်နိုင်စရာ အကြောင်းမရှိပါဘူး။ မရှိဘူးဆိုတော့ ရင်းနှီးမြုပ်နှံပြီး လာလုပ်တဲ့ ပုဂ္ဂိုလ်တွေ အနေနဲ့ကလည်း အကျိုးစီးပွား သူ့အတွက် ဖြစ်မှာပါ။ ကျနော်တို့ သဘောတူပါတယ်၊ နားလည်ပါတယ်၊ စီးပွားရေး လုပ်ငန်း လုပ်ကိုင်တယ်ဆိုတာ အလှူပေးနေတာ မဟုတ်ဘူး၊ သူ့အတွက် အကျိုးစီးပွားရမှ သူလုပ်မယ်ဆိုတာကို။”

ILO ကတော့ မြန်မာနိုင်ငံက အပြောင်းအလဲတွေအပေါ် တုန့်ပြန်တဲ့ အနေနဲ့ နည်းပညာနဲ့ ကျွမ်းကျင်မှု အကူအညီ ပေးတာတွေကို ၁၉၉၉ ခုနှစ်ကတည်းက ကန့်သတ် ထားတာတွေကို ဖယ်ရှားပေးမယ်လို့ ကြေညာခဲ့ပါတယ်။ ဒီလိုပဲ ILO အနေနဲ့ မြန်မာနိုင်ငံမှာ ဝန်ထမ်းတွေကို အရင်ထက် ပိုမိုစေလွှတ်ပြီး အလုပ်သမားရေး လုပ်ငန်းတွေကို တိုးချဲ့လုပ်ဆောင် သွားမှာပါ။ ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ အလုပ်သမားတွေအတွက် အကူအညီတွေကို လွတ်လွတ်လပ်လပ် ဆောင်ရွက်ပေးနိုင်မယ့် အလားအလာတွေ ထွက်ပေါ် လာမယ်လို့လည်း မျှော်လင့်နေကြတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG