သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့စီးပွားရေးအတွက် သတိထားရမယ့် ရင်းနှီးမြုပ်နှံမှု


ပြုပြင်ပြောင်းလဲမှုသစ်မှာ စီးပွားရေး အသားပေးမယ်လို့ သမ္မတ ဦးသိန်းစိန် ကကြေညာထားပါတယ်။
ပြုပြင်ပြောင်းလဲမှုသစ်မှာ စီးပွားရေး အသားပေးမယ်လို့ သမ္မတ ဦးသိန်းစိန် ကကြေညာထားပါတယ်။

မြန်မာ့စီးပွားရေးမှာ လွတ်လပ်ခွင့်တွေ ရလာမယ့် အခြေအနေတွေနဲ့အတူ သတိထားရမယ့် အန္တာရာယ်တွေလည်း ရှိနေပါတယ်။

သမ္မတ ဦးသိန်းစိန် က ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေရဲ့ ဒုတိယ ခြေလှမ်းအဖြစ် စီးပွားရေး အသားပေးတဲ့ မူဝါဒတွေကို ကျင့်သုံးမယ်လို့ ကြေညာထားပေမဲ့လည်း လုပ်ငန်းရှင်တွေ ကြားမှာတော့ စိတ်ချလက်ချ သဘောမထားနိုင်ကြ သေးသလို မြန်မာလူထု အကျိုးကျေးဇူး ခံစားရပါ့မလား စိုးရိမ်တာတွေလည်း ရှိနေပါတယ်။ ရင်းနှီးမြုပ်နှံဖို့အတွက် စိတ်အားထက်သန် နေကြပေမဲ့ လက်တွေ့မှာ အခြေအနေလည်း မပေးသေးဘူးလို့ ပြောနေကြတာပါ။ မြန်မာနိုင်ငံတွင်း ရင်းနှီးမြုပ်နှံမှုအတွက် အဟန့်အတား ဖြစ်နေရတဲ့ အခြေအနေတွေကိုတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး ကတင်ပြပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို နောက်တဆင့်တက် ဆောင်ရွက်ရာမှာ စီးပွားရေး ဖွံ့ဖြိုးဖို့ ဦးစားပေးပြီး ဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်း သမ္မတ ဦးသိန်းစိန် က တိုင်းပြည်ကိုပြောတဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ရောက်တဲ့အခါ မြန်မာနိုင်ငံရဲ့ ပြည်တွင်း လူတဦးချင်း ပျမ်းမျှ အသားတင် ကုန်ထုတ်လုပ်မှု ပမာဏကို ၃ ဆ အထိ တက်လာစေဖို့ ပြည်ပက ကူညီပံ့ပိုးမှုတွေနဲ့အတူ ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုတွေ အားကောင်းဖို့ လိုလိမ့်မယ်လို့လည်း ပြောဆိုသွားခဲ့တာပါ။

ဒီအတွက်လည်း မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ မကြာခင် ကာလတွေအတွင်း ဖွံ့ဖြိုးတိုးတက်မှုတွေ တွေ့vmရလိမ့်မယ်လို့ ဒေသတွင်းက ဖွံ့ဖြိုးလာတဲ့ တိုင်းပြည်တွေအတွက် စီးပွားရေးဆိုင်ရာ ဥပဒေ အတိုင်ပင်ခံ လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ DFDL မဲခေါင် ကုမ္ပဏီရဲ့ မြန်မာနိုင်ငံဆိုင်ရာရုံးခွဲ အကြီးအကဲဖြစ်သူ ဂျိမ်းစ် ဖင့်ချ် (James Finch) တို့လို ကျွမ်းကျင်သူတွေက မြင်ပါတယ်။
“မြန်မာနိုင်ငံရဲ့ စီးပွားရေးရဲ့ ကဏ္ဍအတော်များများမှာ မကြာခင် အနာဂတ်အတွင်း သိသိသာသာ အသွင်ပြောင်းလဲ လာပါလိမ့်မယ်။ သဘာ၀ အရင်းအမြစ် လုပ်ငန်းတွေကနေစပြီး ချဲ့ထွင်လာမှာပါ၊ နောက်ဆုံးမှာတော့ ဝန်ဆောင်မှုတွေ၊ ကုန်ထုတ်လုပ်မှုတွေနဲ့ လူသုံးကုန်ပစ္စည်း လုပ်ငန်းအားလုံးမှာ တဖြည်းဖြည်းချင်း ကျယ်ပြန့်လာမှာပါ။ ဒါကြောင့်လည်း မြန်မာနိုင်ငံဟာ ကြီးမားတဲ့ အနာဂတ်ကို ပိုင်ဆိုင်ထားပါတယ်။”

အပြောင်းအလဲတွေ ထွက်ပေါ်လာနေတဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံ လုပ်ကိုင်နိုင်မယ့် အလားအလာတွေကိုလည်း လုပ်ငန်းရှင်တွေ စူးစမ်းရှာဖွေ နေကြတာပါ။ စင်္ကာပူ အခြေစိုက် စီမံခန့်ခွဲမှု နည်းပညာဌာနက ကမကထလုပ်ပြီး ဇွန်လလယ်ထဲ ကျင်းပသွားတဲ့ ၂ ရက်ကြာ ဆွေးနွေးပွဲမှာ ဆိုရင်လည်း အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ကနေဒါ စတဲ့ အနောက်နိုင်ငံတွေ အပါအဝင် ဒေသတွင်းက လုပ်ငန်းပေါင်း ၂၀၀ လောက်က စီးပွားရေးသမား ၃၀၀ ကျော် တက်ရောက်ပြီး ရင်းနှီးမြုပ်နှံနိုင်မယ့် အလားအလာတွေကို နှီးနှောဖလှယ် ခဲ့ကြတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့က ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲကို တက်ရောက်သူ အိန္ဒိယနိုင်ငံက စီးပွားရေး လုပ်ငန်းရှင် ဂျိုင် မာဗနီ (Jai Mavani) ကတော့ လတ်တလော မြန်မာအစိုးရရဲ့ အစီအမံတွေဟာ ရင်းနှီးမြုပ်နှံသူတွေ အတွက်တော့ အားတက်စရာလို့ ပြောပါတယ်။
“အခုတွေ့နေရသလို မြန်မာအစိုးရ အနေနဲ့ အပြုသဘော ဆောင်ရွက်သမျှ၊ အစိုးရကလည်း ပံ့ပိုးပေးနေသမျှ ကျနော်တို့လည်း ဝမ်းမြောက်ဝမ်းသာ မြန်မာနိုင်ငံကို သွားပြီး ရင်းနှီးမြုပ်နှံ အလုပ်လုပ်ကြမှာပါ။”

မြန်မာအစိုးရကတော့ စီးပွားရေး လုပ်ငန်းတွေကို မက်လုံးပေး ဆွဲဆောင်မယ့် အစီအစဉ်တွေ ပါဝင်မယ့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေကြမ်း တခုကို ရေးဆွဲထားပြီး၊ ဇူလိုင်လထဲ ကျင်းပမယ့် လွှတ်တော် အစည်းအဝေးပွဲတွေမှာ ဆွေးနွေးဆုံးဖြတ် အတည်ပြုနိုင်ဖို့လည်း မျှော်လင့်ထားတာပါ။ ဒါပေမဲ့လည်း မကြာသေးခင် လတွေနဲ့ သီတင်းပတ်တွေ အတွင်းမှာပဲ မြန်မာနိုင်ငံမှာ အလုပ်သမား အခွင့်အရေး တောင်းဆို လှုပ်ရှားမှုတွေကအစ၊ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတွေ၊ တိုင်းရင်းသား ဒေသတွေက မငြိမ်မသက်မှုတွေအဆုံး ပြဿနာတွေက လုပ်ငန်းရှင်တွေအတွက် စိုးရိမ်စရာ အကြောင်းရင်းတွေလည်း ဖြစ်နေရတာပါ။ မလေးရှားနိုင်ငံက စီးပွားရေး လုပ်ငန်းရှင် ဇိုင်းနယ်လ် (Zainal) ကတော့ နိုင်ငံရေး အခြေအနေတွေ တည်ငြိမ်မှု မရှိသေးတာက သူ့အတွက် စိုးရိမ်စရာလို့ ဆိုပါတယ်။
“ပထမကတော့ ဒီမှာရှိတဲ့ နိုင်ငံရေး အခြေအနေပါ။ အခုဆိုရင်လည်း ဒီမှာ တိုင်းရင်းသား ပြဿနာတွေကို တွေ့နေရပါတယ်။ ဒါကြောင့်လည်း ကျနော်တို့ ရင်းနှီးမြုပ်နှံမှုဖို့ နည်းနည်းတော့ စိတ်ပူမိပါတယ်။”

ရန်ကုန်မြို့က ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အစည်းအဝေးပွဲ အတွင်းမှာတော့ လက်ရှိ ပြည်ပက ရင်းနှီးမြုပ်နှံမှုတွေ အလုံးအရင်းနဲ့ လုပ်ကိုင်နေတဲ့ ရေနံ၊ သဘာဝဓာတ်ငွေ့၊ လျှပ်စစ်ဓာတ်အားနဲ့ သယံဇာတ ထုတ်လုပ်မှု လုပ်ငန်းတွေမှာ သာမက ကုန်ထုတ်လုပ်မှု၊ အခြေခံ အဆောက်အအုံ တည်ဆောက်ရေး၊ ဟိုတယ် ခရီးသွားနဲ့ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းအဆုံး ကဏ္ဍအတော်များများမှာ လုပ်ကိုင်နိုင်မယ့် အလားအလာတွေကို ဆွေးနွေးသွားကြတာပါ။

ဒါပေမဲ့လည်း ဆယ်စုနှစ်တွေနဲ့ချီပြီး အထီးကျန်အဖြစ် ရှိနေခဲ့တဲ့ မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ငန်းတွေကို တကယ်တမ်း လက်တွေ့ ကျင့်သုံးဖို့အတွက် အခက်အခဲတွေက ကြီးကြီးမားမား ရှိနေဆဲပဲလို့ ဆွေးနွေးပွဲ တက်လာတဲ့ စင်္ကာပူနိုင်ငံက လုပ်ငန်းရှင် ဘာကင် ရာဇစ်ဂလူ (Barkin Yazikglu) ကပြောပါတယ်။
“ကနဦး အနေနဲ့ကတော့ လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်လို့ တိတိကျကျ သတင်း အချက်အလက်တွေရဖို့ အားနည်းတဲ့ အပေါ်မှာ ကျနော်စိတ်ပူရလိမ့်မယ် ထင်ပါတယ်။”

အမေရိကန် ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်မှုတွေကို လျှော့ပေါ့ ဖယ်ရှား ပေးခဲ့ပြီးတဲ့နောက် ရင်းနှီးမြုပ်နှံဖို့ ပိုပြီး စိတ်အားထက်သန် လာကြတာလည်း ဖြစ်ပါတယ်။ အမေရိကန် လုပ်ငန်းကြီးတွေဖြစ်တဲ့ Chevron ကော်ပိုရေးရှင်း၊ General Electric ကုမ္ပဏီ စတဲ့ လုပ်ငန်းကြီးတွေလည်း မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ လုပ်ကိုင်ကြဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

ဒီလိုနိုင်ငံတကာ အသိုင်းအဝိုင်းက ပုံစံအမျိုးမျိုးနဲ့ မြန်မာနိုင်ငံမှာ အလုပ်လုပ်ဖို့ စိတ်ဝင်စား လာနေကြပေမဲ့ ဒါတွေဟာ လူထုအတွက် အကျိုးပြုဖို့လည်း လိုမယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ဥရောပ ခရီးစဉ် တလျှောက်လုံးလိုလို မှတ်ချက်ပေး ပြောခဲ့တာလည်း ဖြစ်ပါတယ်။
“မြန်မာနိုင်ငံကို သွားချင်တဲ့လူတွေ အများအပြား ရှိနေပေမဲ့လည်း ဖြစ်နိုင်တာကတော့ သူတို့က မြန်မာပြည်ကို ကူညီချင်တာထက် သူတို့အတွက် အခွင့်အလန်းတွေ ရှိနေတယ်လို့ ယူဆတဲ့ အတွက်ကြောင့်ပါ။ အထူးသဖြင့် ဒီကိစ္စက စီးပွားရေး လုပ်ငန်းတွေမှာ မှန်တတ်ပါတယ်။ ဒါကိုလည်း မြန်မာလူထုက သတိထား စေချင်သလို၊ ကမ္ဘာကလည်း သတိပြုမိ စေချင်ပါတယ်။ ဒါကြောင့်လည်း ဖွံ့ဖြိုးရေး အတွက်ပဲဖြစ်ဖြစ် လူသားချင်း စာနာတဲ့ အကူအညီပဲဖြစ်ဖြစ် ကျမပြောလေ့ရှိသလို ဒီမိုကရေစီကို အားပေးတဲ့ ရင်းနှီးမြုပ်နှံမှု၊ ဒီမိုကရေစီကို အားပေးတဲ့ အထောက်အပံ့မျိုးကို ကျမတို့က လိုချင်တာပါ။”

မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ်က ဒီမိုကရေစီရေး တောင်းဆို အုံကြွမှုတွေကို နှိမ်နင်းပြီး တိုင်းပြည်အာဏာ ရယူခဲ့တဲ့ စစ်အစိုးရ လက်ထက် လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေး ပုံစံကို ကျင့်သုံးဖို့ ကြေညာခဲ့ရာက ပြည်ပက ရင်းနှီးမြုပ်နှံမှုတွေ ဝင်ရောက် လာတာတွေလည်း ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း လုပ်ငန်းတွေ အကောင်အထည်ဖော် လုပ်ကိုင်ရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ပတ်ဝန်းကျင်နဲ့ ဒေသခံတွေ ထိခိုက်နစ်နာမှုတွေ ရှိခဲ့တဲ့အတွက် ပြဿနာတွေနဲ့ ကြုံခဲ့ရတာလည်း ဖြစ်ပါတယ်။

ရန်ကုန်မြို့က ရင်းနှီးမြုပ်နှံမှု ဆွေးနွေးပွဲကို ကမကထလုပ် စီစဉ်ခဲ့တဲ့ စင်္ကာပူ အခြေစိုက် စီမံခန့်ခွဲမှု နည်းပညာဌာနရဲ့ ဦးဆောင် ညွှန်ကြားရေးမှူး ဂျီ ဆီလန်း (G Seelan) ကတော့ လုပ်ငန်းရှင်တွေဖက်က တာဝန်သိမယ်ဆိုရင် ရင်းနှီးမြုပ်နှံမှုတွေဟာ ၂ ဦး ၂ ဖက် အကျိုးများနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။
“နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေအဖြစ် ကျနော်တို့ အနေနဲ့လည်း ရင်းနှီးမြုပ်နှံ လုပ်ကိုင်ရာမှာ တာဝန်ယူဖို့ လိုပါတယ်။ ရေရှည်တည်တံ့တဲ့ ရင်းနှီးမြုပ်နှံမှုမျိုး၊ တာဝန်သိတဲ့ ရင်းနှီးမြုပ်နှံမှုမျိုး ဖြစ်ရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံတဲ့အခါ မြန်မာလူထုကို အကျိုးအမြတ်တွေရဲ့ တစိတ်တပိုင်းကိုလည်း ပေးရမှာ ဖြစ်ပါတယ်။ ဒါဟာ တလမ်းသွား မဟုတ်ပါဘူး၊ ၂ လမ်းသွား လုပ်ငန်းပါ။”

သမ္မတ ဦးသိန်းစိန် ကတော့ ၅ နှစ်တာ အမျိုးသား စီမံကိန်းအဖြစ် စီးပွားရေး တိုးတက်မှုတွေ ရဖို့ လူအား၊ ငွေအား နည်းပညာတွေ စိုက်ထုတ် ဆောင်ရွက်ရမယ်လို့ ပြောခဲ့တာပါ။ ဒါပေမဲ့လည်း မြန်မာအစိုးရ အနေနဲ့ ဘဏ္ဍာရေး လိုအပ်ချက်တွေ ရှိနေတာမို့ ရင်းနှီးမြုပ်နှံမှုတွေနဲ့ ပြည်ပက ငွေကြေး ထောက်ပံ့မှုတွေလည်း လိုအပ်နေတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲတွေ ပေါ်ပေါက် လာခဲ့တဲ့နောက် ပြန်လည် ထိတွေ့ ဆက်ဆံမှုတွေ လုပ်ဆောင်လာတဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နဲ့ ကမ္ဘာ့ဘဏ် တို့လို အဖွဲ့အစည်းတွေကတော့ မြန်မာနိုင်ငံ အနေနဲ့ ပေးစရာ ကျန်နေတဲ့ ကြွေးမြီတွေ ရှိနေသေးတာမို့ ဒါတွေကို မဖြေရှင်းနိုင်သေးပဲနဲ့တော့ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေ အနေနဲ့ ငွေချေးငှား ထောက်ပံ့တာလို အကူအညီတွေ ပေးအပ်ဖို့ကတော့ မဖြစ်နိုင်သေးဘူးလို့ ပြောဆိုထားတာလည်း ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG