သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်-မြန်မာ စီးပွားရေး ဆက်ဆံမှု


မြန်မာနိုင်ငံနဲ့ စီးပွားရေး ဆက်ဆံမှုတွေ တိုးမြှင့်ဖို့ အမေရိကန် အထက်လွှတ်တော် အမတ်တချို့က တိုက်တွန်းနေပါတယ်။
မြန်မာနိုင်ငံနဲ့ စီးပွားရေး ဆက်ဆံမှုတွေ တိုးမြှင့်ဖို့ အမေရိကန် အထက်လွှတ်တော် အမတ်တချို့က တိုက်တွန်းနေပါတယ်။

မြန်မာနိုင်ငံမှာ စီးပွားရေး အခွင့်အလန်းတွေ ပေါ်လာတဲ့အခါ နောက်ကျမှာကို အမေရိကန် လွှတ်တော်အမတ်တွေ စိတ်ပူနေပါတယ်။

အမေရိကန် စီးပွားရေး လုပ်ငန်းတွေ သူများ တကာထက် နောက်ကျမနေရအောင် မြန်မာအစိုးရအပေါ် အရေးယူ ဒဏ်ခတ်မှုတွေကို ဒီထက်ပို လျှော့ချပေးသွားဖို့ အမေရိကန် နိုင်ငံရေးသမား တချို့နဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက တိုက်တွန်း နေကြပါတယ်။ အပြန်အလှန် သံအမတ်ကြီးတွေ ခန့်အပ်ပြီး ဆက်ဆံရေးတွေ တိုးမြှင့်တဲ့အထိ လုပ်ဆောင်လာပေမဲ့ စီးပွားရေးအရ လုပ်ကိုင်နိုင်တဲ့ အခွင့်အလန်းတွေ ကတော့ မရှိသလောက် ဖြစ်နေတယ်ဆိုပြီး ပြောနေကြတာပါ။ အမေရိကန်-မြန်မာ စီးပွားရေး ဆက်ဆံမှုတွေ ဘယ်အခြေအနေမှာ ရှိနေသလဲ ဆိုတာကိုတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး ကတင်ပြထားပါတယ်။

မြန်မာနိုင်ငံနဲ့ သံတမန် ဆက်ဆံမှုတွေ တိုးမြှင့်လာနေတဲ့ အမေရိကန် ပြည်ထောင်စု အနေနဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုတွေ၊ အထူးသဖြင့် စွမ်းအင် ကဏ္ဍတွေမှာလည်း လုပ်ကိုင်ခွင့်တွေ ရနိုင်ဖို့ အမေရိကန် လွှတ်တော်အမတ်တွေ၊ လုပ်ငန်းရှင်တွေက တိုက်တွန်း နေကြပါတယ်။ အရေးယူ ဒဏ်ခတ်မှုတွေကို လျှော့ပေါ့ရုံသာ လျှော့ပေါ့ ပေးထားတဲ့ အမေရိကန် အနေနဲ့ ရေနံ၊ သဘာ၀ ဓာတ်ငွေ့လို အရင်းအမြစ် ထုတ်လုပ်မှု လုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံဖို့ အခြေအနေ မပေးပဲ ဖြစ်နေရတယ်လို့ ပြောဆိုခဲ့ကြတာပါ။ နှစ်ပေါင်း ၂၂ နှစ်အတွင်း ပထမဆုံးအကြိမ် အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး အဖြစ် အတည်ပြု ခန့်အပ်ဖို့ ဝါရှင်တန်ဒီစီ အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မီတီ ရှေ့မှောက် ကြားနာပွဲအတွင်း ဒီမိုကရက်ပါတီ အထက်လွှတ်တော် အမတ် ဂျင်မ်ဝဘ် (Jim Webb) အတိုက်အခံ ရီပတ်ဘလစ်ကန် ပါတီ အထက်လွှတ်တော် အမတ် ဂျိမ်းစ် အင်ဟော့ဖ် (James Inhofe) တို့က တိုက်တွန်း လိုက်ကြတာ ဖြစ်ပါတယ်။

အထူးသဖြင့်ကတော့ နိုင်ငံတကာက ရင်းနှီးမြုပ်နှံသူတွေနဲ့ ယှဉ်ပြိုင်ရာမှာ နောက်ကျမကျန်ဖို့ အမေရိကန် အစိုးရ အနေနဲ့ မြန်မြန်လုပ်မှ ဖြစ်မယ်လို့ ဗာဂျီးနီးယားပြည်နယ် အထက်လွှတ်တော် အမတ် ဂျင်မ်ဝဘ် က တိုက်တွန်း လိုက်တာပါ။
“ဒီနေရာမှာ အချိန်က အရေးကြီးပါတယ်။ ကျနော်တို့ အနေနဲ့ တက်တက်ကြွကြွ မလုပ်ဘူး ဆိုရင်တော့ မကြာခင်မှာ မြန်မာနိုင်ငံ ဘဏ္ဍာရေး ကဏ္ဍက ဖွံ့ဖြိုးတိုးတက်မှုတွေအပေါ် သြဇာညောင်းအောင် လုပ်နိုင်မယ့် အရေးကြီးတဲ့ အခွင့်အလန်း တခုကို ကျနော်တို့ လက်လွတ် ဆုံးရှုံး ရပါလိမ့်မယ်။”

ဒီအတွက် အမေရိကန် အစိုးရ အနေနဲ့ နောက်ထပ် ဒဏ်ခတ်မှုတွေကို ဖယ်ရှားဖို့လိုတယ်လို့လည်း အထက်လွှတ်တော် အမတ် ဂျင်မ်ဝဘ် ကပြောဆိုသွားပါတယ်။ အမေရိကန် အစိုးရကတော့ မြန်မာနိုင်ငံက အပြောင်းအလဲတွေအပေါ် တုန့်ပြန်တဲ့ အနေနဲ့ ဒဏ်ခတ်မှုတွေကို လျှော့ပေါ့ ပေးမယ်လို့ ကြေညာခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် အမေရိကန်က ဘဏ္ဍာရေး လုပ်ငန်းတွေ လုပ်ကိုင်ခွင့် လိုင်စင်တွေ ထုတ်ပေးဖို့လည်း ခွင့််ပြုခဲ့တာပါ။ ဒါပေမဲ့လည်း လက်တွေ့မှာ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက အခုအချိန်အထိ လုပ်ငန်းလိုင်စင်တွေ ထုတ်မပေးသေးဘူးလို့လည်း အထက်လွှတ်တော် အမတ် ဂျမ်ဝဘ် က ထောက်ပြသွားတာပါ။

ရီပတ်ဘလစ်ကန်ပါတီ အထက်လွှတ်တော် အမတ် ဂျိမ်းစ် အင်ဟော့ဖ် ကလည်း မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ အမေရိကန် အစိုးရရဲ့ ရပ်တည်ချက်ကြောင့် အမေရိကန် လုပ်ငန်းတွေ စီးပွားရေးအရ နောက်ကျ ကျန်ရစ်မှာကို စိုးရိမ်နေသူ ဖြစ်ပါတယ်။
“သိတဲ့အတိုင်း ကျနော်တို့ အမေရိကန် ရေနံနဲ့ ဓာတ်ငွေ့ ထုတ်လုပ်မှု ကုမ္ပဏီတွေ မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်းတွေမှာ မြန်မြန်ဆန်ဆန် ယှဉ်ပြိုင်သွားနိုင်မယ့် အရေးကို အင်မတန် စိတ်ဝင်စားပါတယ်။ ကံအကြောင်း မသင့်ချင်တော့ ဒီကိစ္စက အခုအထိတော့ မဖြစ်သေးပါဘူး။ တချိန်တည်းမှာပဲ ဥရောပ သမဂ္ဂ ရေနံနဲ့ ဓာတ်ငွေ့ ကုမ္ပဏီတွေကတော့ ပြီးခဲ့တဲ့ ဧပြီလမှာ EU ရဲ့ မြန်မာနိုင်ငံ အပေါ် ဒဏ်ခတ်မှုတွေကို ဆိုင်းငံ့ထားချိန်ကစပြီး ရောက်နေကြပါပြီ။ တရုတ်နဲ့ ရုရှားနိုင်ငံတွေ ဆိုတာလည်း ရှိနှင့်နေပြီးသားပါ။”

အမေရိကန် ရင်းနှီးမြုပ်နှံမှုတွေ မြန်မာနိုင်ငံကို လွတ်လွတ်လပ်လပ် ဝင်ရောက်နိုင်ဖို့ မေလထဲမှာပဲ စာရေးသား တိုက်တွန်းခဲ့ပေမဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ကတော့ အချိန်မတန်ပဲ ဆောင်ရွက်မယ်ဆိုရင် မဟာဗျူဟာကျတဲ့ အမှားမျိုး ဖြစ်လိမ့်မယ်ဆိုပြီး တုန့်ပြန်ခဲ့တဲ့ အကြောင်းကိုလည်း အထက်လွှတ်တော် အမတ် ဂျိမ်းစ် အင်ဟော့ဖ် ကပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် အတည်ပြု ခန့်အပ်ဖို့ ကြားနာပွဲအတွင်း ထွက်ဆိုသွားတဲ့ ဒဲရစ် မစ်ချဲ (Derek Mitchell) ကတော့ အမေရိကန် ပြည်ထောင်စု အကျိုးစီးပွားအတွက် အာရုံစိုက် ဆောင်ရွက်သွားမှာ ဖြစ်ပေမဲ့ အမေရိကန်က တန်ဘိုးထား တာတွေကိုတော့ အထိခိုက်ခံလို့ မရတဲ့ အခြေအနေကို ရှင်းလင်းချက် ပေးခဲ့တာပါ။
“ကုမ္ပဏီတွေ အနေနဲ့ သူတို့ လုပ်ကိုင်ရမယ့် ပတ်ဝန်းကျင် အခြေအနေတွေရဲ့ နက်နဲမှု၊ မြန်မာနိုင်ငံမှာ အမေရိကန်ရဲ့ စံတွေနဲ့ အကျိုးစီးပွားတွေကို မြှင့်တင်ရာမှာ သူတို့အနေနဲ့ အရေးပါတဲ့ အခမ်းကဏ္ဍမှာ ရှိနေတယ် ဆိုတာတွေကို သဘောပေါက်အောင် ကြိုးပမ်းရင်းနဲ့ တချိန်တည်းမှာပဲ ကျနော့်အနေနဲ့ မြန်မာနိုင်ငံမှာ အမေရိကန်ရဲ့ စီးပွားရေး အကျိုးစီးပွားတွေကိုလည်း မြှင့်တင်သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း ကျနော်ဆွေးနွေး ပြောဆိုမှုတွေအရ ရှင်းရှင်းလင်းလင်း နားလည်ထားတာကတော့ မြန်မာလူထုဟာ အမေရိကန် ပစ္စည်းတွေ၊ စံချိန်စံညွှန်းတွေ၊ ရပ်တည်ချက်တွေကို အားကျကြပါတယ်။”

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကတော့ သူ့ရဲ့ ဥရောပ ခရီးစဉ်တလျှောက် နိုင်ငံတကာ ရင်းနှီးမြုပ်နှံသူတွေ အနေနဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေး အပေါ်မှာလည်း အာရုံစိုက်ကြဖို့ သတိပေးခဲ့တာပါ။ ဥရောပ ၅ နိုင်ငံ ခရီးစဉ်အစအဖြစ် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့က အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) ညီလာခံ အတွင်းမှာ ဆိုရင်လည်း အစိုးရပိုင် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းလို အချေအတင် ဖြစ်စရာ စီးပွားရေး လုပ်ငန်းတွေနဲ့ လက်တွဲ လုပ်ကိုင်ရာမှာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ မညီရင် လက်မခံဖို့ တိုက်တွန်းခဲ့တာလည်း ဖြစ်ပါတယ်။

အမေရိကန် အထက်လွှတ်တော် အမတ် ဂျင်မ်ဝဘ် ကတော့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ သဘောထားဟာ အမေရိကန် အစိုးရရဲ့ မူဝါဒ ချမှတ်မှုတွေအပေါ် သြဇာညောင်းသင့် သလားလို့ မေးခွန်းထုတ်ခဲ့တာပါ။
“ဒါကမေးစရာတွေ အများကြီး ဖြစ်လာပါတယ်။ ပထမ အနေနဲ့ကတော့ အမေရိကန် ပြည်ထောင်စုက မူဝါဒတွေကို စံသတ်မှတ်တဲ့ ကိစ္စနဲ့ ဒုတိယက နိုင်ငံခြား အစိုးရ တာဝန်ရှိသူ တယောက်ယောက်က ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ရုပ်သိမ်းပြီးတဲ့အခါ ကျနော်တို့ရဲ့ အကျိုးစီးပွားတွေကို ဘယ်နေရာမှာ လုပ်သင့်တယ် မသင့်ဖူးလို့ ပြောနေတဲ့ ကိစ္စပါ။ ကျနော် သဘောပေါက် ထားတာကတော့ အမေရိကန် ပြည်ထောင်စု အနေနဲ့ တခြားတိုင်းပြည် တခုခုက ဒီလိုစံသတ်မှတ်ချက်တွေကို အမေရိကန် ရင်းနှီးမြုပ်နှံမှုတွေ အတွက် ကြိုတင်သတ်မှတ် ပြဋ္ဌာန်းလို့ မရပါဘူး။”

အမေရိကန် ကုန်သည်ကြီးများ အသင်းကတော့ လက်ရှိ အမေရိကန် အစိုးရရဲ့ မူဝါဒတွေဟာ တရားဝင် သဘောမဟုတ်ပေမဲ့ ရင်းနှီးမြုပ်နှံမှုတွေ အပေါ် တားမြစ်ချက် ထုတ်ထားတဲ့ သဘောဆောင်နေတယ်ဆိုပြီး ဝေဖန်ထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်ဖို့ လျာထားခံရတဲ့ ဒဲရစ် မစ်ချဲ ကတော့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းနဲ့ ပတ်သက်လို့ အထူးသတိထား ဆောင်ရွက်နေသလို၊ စီးပွားရေး လုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ အကျင့်ပျက် ခြစားမှုတွေကင်းဖို့ လိုအပ်နေတုန်းမို့ တဆင့်ချင်းသာ လုပ်ကိုင်နိုင်တဲ့ အခြေအနေမှာပဲ ရှိနေဆဲ ဖြစ်တယ်လို့ ပြောခဲ့တာပါ။
“ကျနော်တို့ အနေနဲ့ ဒီလုပ်ငန်းနဲ့ ပတ်သက်လို့ စိုးရိမ်စရာတွေ ရှိပါတယ်။ ပွင့်လင်း မြင်သာမှုတွေ၊ အကျင့်ပျက် ခြစားမှုတွေနဲ့ ပတ်သက်လို့ ကျနော်တို့ ရထားတဲ့ သတင်းတွေလည်း ရှိပါတယ်။ ခြစားမှုတွေနဲ့ ပွင့်လင်းမြင်သာမှု မရှိတဲ့ ကိစ္စတွေက လက်ရှိ မြန်မာ့ စီးပွားရေး တခုလုံးမှာ ရှိနေတာပါ။ စစ်တပ်နဲ့ တခြားအာဏာပိုင်တွေနဲ့ ဆက်နွယ်မှုတွေ အပေါ်မှာလည်း အထူးသဖြင့် ကျနော်တို့ဘက်က စိုးရိမ်တာတွေ ရှိပါတယ်။ ကျနော်တို့ အနေနဲ့ကတော့ ဆက်လက်ပြီး သတိထား သွားရမယ်၊ သတိလည်း ထားသင့်ပါတယ်။ ကျနော်တို့ ပြောနေသလိုပါပဲ၊ ထိတွေ့ ဆက်ဆံမှုတွေ လုပ်တယ် ဆိုပေမဲ့လည်း ကျနော်တို့ အနေနဲ့ ပွင့်လင်းမြင်သာမှု ရှိဖို့အတွက် စံသတ်မှတ်ချက်တွေက မြင့်မားပါတယ်။”

မြန်မာနိုင်ငံမှာ ပြည်ပက ရင်းနှီးမြုပ်နှံမှုတွေကို ဆွဲဆောင်ဖို့ ရည်ရွယ်ထားတဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေ တရပ်ကိုတော့ ဒီသီတင်းပတ်ထဲ ပြန်လည် ကျင်းပမယ့် လွှတ်တော် အစည်းအဝေးပွဲတွေ အတွင်းမှာ ဆွေးနွေး၊ ဆုံးဖြတ်၊ အတည်ပြု နိုင်လိမ့်မယ်လို့လည်း မျှော်လင့် နေကြတာ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်ကတည်းက ပြဋ္ဌာန်းထားတဲ့ ဥပဒေကို ပြန်လည် မွမ်းမံ ပြင်ဆင်ထားတဲ့ ဥပဒေကြမ်းမှာတော့ ပြည်ပ လုပ်ငန်းရှင်တွေ အနေနဲ့ လုပ်ငန်းတခုမှာ အနည်းဆုံး ၃၅ ရာခိုင်နှုန်း ထည့်ဝင်သွားဖို့၊ အပြန်အလှန်အဖြစ် ရင်းနှီးမြုပ်နှံသူတွေကို အထူးအခွင့်အရေး အနေနဲ့ လုပ်ငန်းတွေ စတင်ချိန်မှာ အခွန်ကင်းလွတ် သက်သာခွင့် ပေးတာတွေ ပါဝင်လိမ့်မယ်လို့လည်း မျှော်လင့်ရတဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG