သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

7 July အဖမ်းခံရသူတွေ ပြန်လွတ်


ရန်ကုန်တက္ကသိုလ် ပင်မဝင်းထဲမှာ ဗုံးခွဲဖျက်ဆီးခံခဲ့ရတဲ့ သမဂ္ဂအဆောက်အဦး ပြန်လည် တည်ဆောက်ရေး ကြိုးပမ်းနေကြတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗကသ ကျောင်းသားခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ကိုဒီငြိမ်းလင်း၊ မဖြိုးဖြိုးအောင်၊ ကိုရဲမြတ်ဟိန်း၊ ကိုစည်သူမောင်တို့ ဒီနေ့ ညပိုင်းကပဲ ပြန်လည် လွတ်မြောက်လာကြပါတယ်။ သူတို့ဟာ ဒီကနေ့ အနှစ် (၅၀) ပြည်တဲ့ 7 July အခမ်းအနားကို ရန်ကုန်မှာ လုပ်ဖို့ စီစဉ်နေရင်း မနေ့ညက အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ သူတို့ကို ဘာကြောင့်ဖမ်းခဲ့တာလဲ ဆိုတာနဲ့ ပတ်သက်လို့ ဒီနေ့ ညနေပိုင်းမှာ ပြန်လွတ်လာတဲ့ မဖြိုးဖြိုးအောင်နဲ့ ဆက်သွယ်ထားတဲ့ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက တင်ပြထားပါတယ်။

ဗကသများအဖွဲ့ချုပ်ဟာ တရားမဝင် အသင်းအဖွဲ့ ဖြစ်တဲ့အတွက် 7 July လုပ်မယ့်ပွဲနဲ့ ပတ်သက်ပြီး ကျင့်ထုံးဥပဒေ (၁၆၂) အရ ခေါ်ယူစစ်ဆေး မေးမြန်းရတာ ဖြစ်ကြောင်း အာဏာပိုင်တွေဘက်က ပြောဆိုခဲ့တယ်ဆိုပြီး ဇူလိုင်လ ၇ ရက်နေ့ညမှာ ပြန်လည် လွတ်မြောက်လာခဲ့တဲ့ ဗကသများ အဖွဲ့ချုပ်ရဲ့ အထွေထွေ အတွင်းရေးမှူး မဖြိုးဖြိုးအောင်က ပြောပါတယ်။

“သူတို့က ကျင့်ထုံးဥပဒေဆိုင်ရာ ပုဒ်မ (၁၆၂) အရ တရားမဝင် အဖွဲ့အစည်း ဖြစ်တယ်၊ ဒီ တရားမဝင် အသင်းကနေပြီးတော့ 7 July နှစ် (၅၀) အခမ်းအနားကို ကျင်းပတဲ့နေရာမှာ သူတို့က အဲဒါနဲ့ပတ်သက်ပြီးတော့ မေးမြန်းတာပါတဲ့။ အခုလို ခေါ်ရခြင်းအကြောင်းရင်းကလည်း ကျမတို့ရဲ့ ဂုဏ်သိက္ခာကို လေးစားသောအားဖြင့်ရော၊ နောက်ပြီးတော့ အများပြည်သူ ထိတ်လန့်မှုကို ဖြစ်တဲ့အတွက်ကြောင့်မိုလို့ ညဘက်ကို ခေါ်ယူရတာပါတဲ့။ တရက် ခေါ်ယူ မေးမြန်းရတာပါတဲ့။ 7 July နဲ့ ပတ်သက်တဲ့ အခမ်းအနားကိုပေါ့နော်။”

သူတို့ကို ရန်ကင်းမြို့နယ်မှာရှိတဲ့ ပြည်ထဲရေးဌာန ရုံးချုပ်မှာ ခေါ်ယူစစ်ဆေးခဲ့တာ ဖြစ်ပြီး တဦးချင်းစီကို အခန်းခွဲပြီး စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။ အခုအခါမှာတော့ မဖြိုးဖြိုးအောင် အပါအဝင် ကျောင်းသားခေါင်းဆောင် လေးယောက်လုံးဟာ ပြန်လည် လွတ်မြောက်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီလို အခမ်းအနားကို ဖြစ်မြောက်ဖို့အတွက် စောင့်ဆိုင်းလာခဲ့တာဟာ နှစ် ၅၀ ရှိပြီဖြစ်တဲ့အတွက် ဒီပွဲကို မဖြစ်ဖြစ်အောင် လုပ်ဖို့အတွက် စီစဉ်ခဲ့တာလို့လည်း မဖြိုးဖြိုးအောင်က ပြောပါတယ်။ ဖမ်းဆီးခံရသူ လေးဦးထဲက မဖြိုးဖြိုးအောင်ဟာ 7 July ပွဲကို စီစဉ်တဲ့အထဲမှာ ပါဝင်သူဖြစ်ပြီး 7 July ပွဲဟာ အဲဒီနေ့မှာ ကျဆုံးခဲ့ရတဲ့ ကျောင်းသားတွေ အတွက် ဂုဏ်ပြုဖို့ ရည်ရွယ်ခဲ့တာဖြစ်ကြောင်း အာဏာပိုင်တွေကို ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။

ဒီကနေ့ အထိန်းအမှတ် ပွဲကိုတော့ ဗကသ ဥက္ကဋ္ဌ ကိုကျော်ကိုကို ဦးဆောင်ပြီး ကျင်းပခဲ့သလို စက်မှုတက္ကသိုလ်ကွန်ယက်နဲ့ ရန်ကုန် ဝိဇ္ဇာ သိပ္ပံ ကျောင်းသားများ ကွန်ယက်ကလည်း ကျောင်းသား သမဂ္ဂ အဆောက်အဦး တည်ဆောက်ခွင့် ရရှိရေး၊ ကျောင်းသားသမဂ္ဂကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပြုရေး၊ ဒီမိုကရေစီ ပညာရေးစနစ်ကို ဖော်ဆောင်ရေး တွေကို တောင်းဆိုခဲ့ပြီး မတ္ထီလာ တက္ကသိုလ်၊ မိတ္ထီလာ နည်းပညာတက္ကသိုလ်တွေမှာလည်း အထိန်းအမှတ် နံရံကပ် စာစောင်တွေ၊ အနက်ရောင် အလံတွေကို ကျောင်းတွေမှာ ချိတ်ဆွဲခဲ့ကြပြီး ကျဆုံးခဲ့ရတဲ့ ကျောင်းသားတွေအတွက် ဂုဏ်ပြုပွဲတွေကို ကိုယ့်အစီအစဉ်နဲ့ကိုယ် ကျင်းပခဲ့ကြပါတယ်။

XS
SM
MD
LG