လွန်ခဲ့တဲ့ ၄၈ နှစ်က မိုင်းခွဲဖျက်ဆီးတာ ခံခဲ့ရတဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦး မြေနေရာမှာ လွတ်လပ်တဲ့ တချိန်ကျရင် သမိုင်းဝင် ကျောင်းသားသမဂ္ဂ ပုံစံအတိုင်း ပြန်လည်တည်ဆောက်ပြီး သမိုင်းဝင် နေရာတခုအဖြစ် ထားရှိသွားဖို့ ၆၀ ပြည့်လွန်၊ ၇၀ ကျောင်းသားခေါင်းဆောင်တွေ တိုင်ပင် ဆုံးဖြတ်ထားကြပါတယ်။ ဘာကြောင့် ဒီလို ဆုံးဖြတ်ခဲ့တယ်၊ ဘယ်လို ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ပြန်လည်တည်ဆောက်မယ် ဆိုတာတွေကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။
ကျောင်းသားသမဂ္ဂကို ၆၂ အာဏာသိမ်း စစ်ခေါင်းဆောင်တွေက မိုင်းခွဲဖျက်ဆီးခဲ့တဲ့ ဖြစ်ရပ်ကြောင့် ၆၂ ခုနှစ် အာဏာသိမ်း စစ်တပ်ဟာ စစ်အာဏာရှင်တွေ ဖြစ်တယ်ဆိုတဲ့ သရုပ်သကန် ပိုပြီးတော့ ပေါ်လွင်သွားစေခဲ့တယ်လို့ သမိုင်းလေ့လာသူတွေက ထောက်ပြခဲ့ကြပါတယ်။ ကျောင်းဆောင်စည်းမျဉ်းဆိုင်ရာ တင်းကျပ်မှုတွေကို အကြမ်းမဖက်ဘဲ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့တဲ့ ကျောင်းသားတွေကို ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့မှာ စစ်အစိုးရက သူပုန်တွေ၊ ဆူပူရေးသမားတွေ တံဆိပ်ကပ်ပြီး အင်အားသုံး ဖိနှိပ်ခဲ့သလိုပဲ ဇူလိုင် ၈ ရက် မနက်အစောပိုင်းမှာတော့ သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အဦးကိုလည်း မိုင်းခွဲ ဖျက်ဆီးလိုက်ပါတယ်။
အဲဒီကစပြီး စစ်အစိုးရ အဆက်ဆက်ဟာ ကျောင်းသားလှုပ်ရှားမှုတွေနဲ့ ဆက်တိုက်ပဲ ထိပ်တိုက် တွေ့ခဲ့ရပါတယ်။ ဒါကြောင့်လည်း အခု ကျောင်းသားသမဂ္ဂ အဆောက်အဦး ဖျက်ဆီးခံရတဲ့ နေရာဟာ ကျောင်းသားလှုပ်ရှားမှုသက်သက် မဟုတ်ဘဲ အမျိုးသား လွတ်လပ်ရေးနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး သမိုင်းကြောင်းရဲ့ ပြယုဂ်နေရာ ဖြစ်တယ်လို့ ၇၀ ခုနှစ်ကာလ ကျောင်းသားဟောင်း၊ မြန်မာ့သမိုင်းဆိုင်ရာ လေ့လာသူ ဦးအောင်စောဦးက ပြောပါတယ်။
“ကျောင်းသားသမဂ္ဂနဲ့ ဒီကိစ္စတွေက ဗမာပြည်ရဲ့ နယ်ချဲ့ဆန့်ကျင်ရေးနဲ့ လွတ်လပ်ရေး ထိန်းသိမ်းရေးအတွက် တိုက်ပွဲနဲ့ ဆက်စပ်နေတဲ့နေရာ ဖြစ်တယ်။ ပြည်တွင်းစစ် ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး တိုက်ပွဲနဲ့ ဆက်စပ်တဲ့နေရာ ဖြစ်တယ်။ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တိုက်ပွဲတွေကို ဆင်နွှဲနေတဲ့နေရာ ဖြစ်တယ်။ သူတို့အနေနဲ့ကတော့ ဒါကို လက်စတုံးပို့တယ်။ ကျောင်းသားသမဂ္ဂ၊ ကျောင်းသားလှုပ်ရှားမှု၊ ကျောင်းသားခေါင်းဆောင်တွေကို အပြီးတိုင် ချေမှုန်းမယ်ဆိုတဲ့ သဘောနဲ့ လက်စတုံး ဖျောက်ဖျက်ပစ်တယ်လို့ ကျနော်ကတော့ မြင်ပါတယ်။”
ကျောင်းသားသမဂ္ဂက အဲဒီကာလကတည်းက ဆိုရင် တကယ်တမ်း တရားဝင် ပုံစံမျိုးနဲ့ နောက်ပိုင်းမှာ ရပ်တည်လို့ မရတော့တဲ့ အနေအထား ဖြစ်နေတော့ ကျောင်းသားသမဂ္ဂ အဆောက်အဦး ပြန်ဆောက်ပေးမယ် ဆိုပြီးတော့ ၁၉၈၈ ခုနှစ်တုန်းကတော့ ဒေါက်တာမောင်မောင်က ပြောဖူးပါတယ်။ အဲတော့ ကျောင်းသားသမဂ္ဂ ပြန်ပေါ်ပေါက်လာရေး အလားအလာ၊ အခြေအနေနဲ့ ပတ်သက်လို့ ဦးအောင်စောဦးအမြင် ပြောပြပေးပါ။
“ဒီအပေါ်မှာ ကျနော်တို့ ၆၀ ပြည့်လွန်၊ ၇၀ ပြည့်လွန် ကျောင်းသားတွေ ဆွေးနွေးခဲ့ဖူးတာ ရှိပါတယ်။ ဒီနေရာက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး တိုက်ပွဲအတွက် အထင်ကရ နေရာကြီး ဖြစ်ခဲ့တဲ့အတွက် တချိန်မှာ ကျနော်တို့က မူလ သမဂ္ဂ အဆောက်အဦးရဲ့ Blue Print အတိုင်းပဲ ပြန်လည်တည်ဆောက်ဖို့ သဘောထား ရှိတယ်။ ပြီးရင် အဲဒီနေရာကို နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး တိုက်ပွဲအတွက် ကျောင်းသားတို့ရဲ့ လှုပ်ရှားခဲ့တဲ့ သမိုင်းဆိုင်ရာ၊ သမိုင်းဝင်နေရာ၊ သမိုင်းပြတိုက်အဖြစ်နဲ့ ကျနော်တို့ ထားရှိဖို့ သဘောထားရှိတယ်။
“ဒီနေရာမှာ အရေးအကြီးဆုံး တချက်က ပြန်လည်တည်ဆောက်မယ့် အဲဒီ သမဂ္ဂ အဆောက်အဦး နေရာမှာ တခြား ဘယ်လို အဆောက်အဦးမျိုးကိုမှ တည်ဆောက်ခွင့် မပြုဖို့ ကျနော်တို့ တားဆီးသွားဖို့ သဘောထားတွေ ရှိသလို သမဂ္ဂ အဆောက်အဦး တည်ဆောက်တဲ့ နေရာမှာ ဘယ်စစ်အာဏာရှင် တကောင်တမြီးရဲ့ လက်နဲ့မှ အုတ်မြစ်ချခွင့် မပြုနိုင်ဘူးဆိုတဲ့ အချက်တွေကို ကျနော်တို့ စဉ်းစားခဲ့ကြပါတယ်။”
အဲဒါဆိုရင် နောက်ပိုင်း ကျောင်းသားတွေအတွက် ကျောင်းသားသမဂ္ဂ ပြန်လည် တည်ဆောက်မယ် ဆိုရင်ရော။
“အဲဒီအခါကျရင် နောင် ပေါ်ပေါက်လာမယ့် ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တွေက သူတို့စိတ်ကြိုက်၊ သူတို့ကြိုက်တဲ့ နေရာမှာ သူတို့အတွက် သင့်တော်မယ့် သမဂ္ဂ အဆောက်အဦးမျိုးကို သူတို့ တည်ဆောက်သွားဖို့ အကြံပြုချင်ပါတယ်။”
အခုက 7 July နဲ့ ပတ်သက်လို့ပေါ့၊ ကျောင်းသားသမဂ္ဂ ပြန်လည်တည်ရှိခွင့်နဲ့ ပတ်သက်လို့ အခုနောက်ပိုင်း အခြေအနေက စစ်အစိုးရကတော့ ရွေးကောက်ပွဲ လုပ်ပေးမယ်၊ ဒီမိုကရေစီ လမ်းကြောင်းကို ခင်းပေးမယ်၊ နိုင်ငံရေးပါတီတွေလည်း တစုံတရာ ဖွဲ့စည်းခွင့်တွေလည်း ပေးနေပါတယ်။ အဲဒီတော့ နောက်ပိုင်း အလားအလာမှာ ကျောင်းသားသမဂ္ဂ တရားဝင် ရပ်တည်လာနိုင်မယ့် အလားအလာရော ဘယ်လိုမြင်လဲခင်ဗျ။
“လောလောဆယ်တော့ ကျနော်တို့ အဲဒီလို မမြင်သေးပါဘူး။ ကျနော်တို့ တိုက်ပွဲတွေ ဆက်တိုက်ရဦးမှာ ဖြစ်ပါတယ်။ အခု သူတို့ လုပ်ပေးနေတယ်ဆိုတဲ့ ရွေးကောက်ပွဲတို့၊ ဘာတို့ဆိုတာ အလကား အပေါ်ယံ ဟန်ပြတွေပဲ ဖြစ်တယ်။ ဘာတခုမှ အနှစ်သာရရှိရှိ ပြောင်းလဲမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ ကျနော်တို့က တိုက်ပွဲနဲ့ပဲ ဆက်ပြီး သွားရမှာပဲလို့ မြင်ပါတယ်။”
ကျောင်းသားသမဂ္ဂ ပြန်လည်ရပ်တည်ခွင့်နဲ့ ပတ်သက်ပြီးတော့ ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လှုပ်ရှားမှုကာလ အတွင်းကတော့ ဝန်ကြီးချုပ် ဒေါက်တာမောင်မောင်က ပြန်လည် တည်ဆောက်ပေးမယ်ဆိုပြီး ကမ်းလှမ်းခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း ကျောင်းသားအဖွဲ့အစည်းတွေက တညီတည်းလိုလို အဲဒီအဆိုကို ပြက်ရယ်ပြုခဲ့ကြပါတယ်၊ လက်မခံဘဲ ငြင်းပယ်ခဲ့ကြပါတယ်။
အခုနောက်ပိုင်းမှာတော့ စစ်အစိုးရက ကျောင်းသားသမဂ္ဂ တည်ရှိခွင့် ကိစ္စကို စကားမစပ်သလိုဘဲ သမဂ္ဂ လှုပ်ရှားသူတွေကိုလည်း ပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီး အရေးယူခဲ့ပါတယ်။ စစ်အစိုးရ အဆက်ဆက် အနေနဲ့ ကျောင်းသားသမဂ္ဂ တည်ရှိမှုကို လက်မခံပေမဲ့ အရင် ဖျက်ဆီးခံခဲ့ရတဲ့ ကျောင်းသားသမဂ္ဂ မြေနေရာမှာတော့ ဘာအဆောက်အဦးမှ ဆောက်လုပ်ခြင်း မရှိသေးဘဲ ဒီအတိုင်း မြေကွက်လပ်၊ နေရာလပ် ထားရှိခဲ့ပါတယ်။