စစ်အစိုးရလက်ထက်က မိသားစု မျက်ကွယ်မှာ ရှေ့နေမပါဘဲ နှစ်ရှည်ထောင်ဒဏ်တွေ ချခံထားရတဲ့ ၈၈ ကျောင်းသားခေါင်းဆောင် ၉ ဦးရဲ့ ပြစ်ဒဏ်တွေကို အစိုးရသစ် အနေနဲ့ ပြန်သုံးသပ်ပေးဖို့ ဥပဒေ အကျိုးဆောင်တွေနဲ့ မိသားစုဝင်တွေ ပြင်ဆင်နေကြပါတယ်။ ပြန်လည်ချေပခွင့် မရှိတဲ့ တရားခွင်ကနေ ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေဟာ တရားမျှတမှု ရှိမရှိ ဆိုတာကို အစိုးရသစ် တရားရုံးတော်မှာ ပြန်လည် ဆန်းစစ်ပေးဖို့ တင်ပြမှာ ဖြစ်ပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။
ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု အပြီးမှာ ဖမ်းဆီးခံခဲ့ရတဲ့ ၁၉၈၈ ခုနှစ် ကျောင်းသားလှုပ်ရှားမှု ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ အပါအဝင် ၉ ဦးကို စစ်အစိုးရက ၂၀၀၈ ခုနှစ်မှာ ထောင်ဒဏ် ၆၅ နှစ် ၆ လစီ ချမှတ်ခဲ့တာပါ။ တရားစီရင်တဲ့ တရားခွင်မှာ မိသားစုတွေ တက်ရောက်ခွင့် မရခဲ့သလို ရှေ့နေတွေလည်း လိုက်ပါဆောင်ရွက်ခွင့် မရခဲ့တဲ့အတွက် မတရားဖမ်းဆီး ချုပ်နှောင်ပြီး စီရင်တာလို့လည်း ရှေ့နေတွေက ပြောဆိုကြပါတယ်။ ဒါကြောင့် ဒီဖမ်းဆီးချုပ်နှောင်မှုကနေ ထွက်ပေါ်လာတဲ့ ပြစ်ဒဏ် အမိန့်တွေရဲ့ တရားမျှတမှု ရှိမရှိ ဆိုတာကို အစိုးရသစ် တရားရုံးတော်က ပြန်လည် စစ်ဆေးပေးဖို့ မိသားစုဝင်တွေက ပြင်ဆင်နေကြတာ ဖြစ်တယ်လို့ ဥပဒေ အကျိုးဆောင် ဦးအောင်သိန်းက ပြောပါတယ်။
“အစိုးရလည်း ပြောင်းပြီ၊ စနစ်အသစ် တခုနဲ့လည်း သွားနေပြီပေါ့၊ ဒီလိုအခြေအနေမျိုးမှာ သူတို့အပေါ်မှာ ချထားတဲ့ ပြစ်ဒဏ်တွေဟာ မတရားပြစ်ဒဏ် ခံရတယ်လို့ သူတို့က ယူဆတယ်၊ ခံစားတယ်။ အဲဒီလို မတရား ပြစ်ဒဏ်ခံရတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ဘက်က ဘယ်လို တရားရုံးပေါ်မှာ အရေးယူ ဆောင်ရွက်နိုင်မလဲဆိုတာ ပြန်စဉ်းစားတာပေါ့။”
နှစ်ပေါင်း ၂၀ ကျော် နိုင်ငံအာဏာကို ချုပ်ကိုင်ခဲ့တဲ့ စစ်အစိုးရကနေ အာဏာလွှဲပြောင်း ရယူလိုက်တဲ့ အရပ်သား အစိုးရရဲ့ တရားရုံးတော်မှာ ဒီ နှစ်ရှည်ထောင်ဒဏ်တွေကို ပြန်သုံးသပ်ပေးရေး တင်ပြဖို့ နိုင်ငံရေး အကျဉ်းသား မိသားစုတွေက ပြင်ဆင်နေကြဆဲ ဖြစ်တယ်လို့ ထောင်ဒဏ် ၆၅ နှစ် ကျခံနေရတဲ့ ၈၈ ကျောင်းသားခေါင်းဆောင် မသင်းသင်းအေး ခေါ် မမီးမီးရဲ့ မိသားစုဝင်တဦးက အခုလို ပြောပါတယ်။
“ဦးအောင်သိန်းနဲ့ အကျိုးအကြောင်း သွားပြီးတော့ ရှေ့နေရှေ့ရပ် ကိစ္စတွေ မေးမြန်းတယ်။ ပြီးရင် ဦးအောင်သိန်းက ဘယ်လိုအကြံဉာဏ် ပေးမလဲ၊ အဲဒီအပေါ်မှာ ကျနော်တို့ ဘာဆက်လုပ်မလဲ၊ အဲဒီလောက် အကြမ်းဖျင်းပဲ ကျနော်တို့ သိထားတယ်။”
၈၈ ကျောင်းသားတွေကို ဝတ္တရား နှောင့်ယှက်မှု၊ အီလက်ထရောနစ် ဥပဒေနဲ့ အမှု ၄ မှု၊ မတရားအသင်းနဲ့ ဆက်သွယ်မှု စတဲ့ အမှုတွေနဲ့ ၂၀၀၈ ခုနှစ်မှာ စစ်အစိုးရက ထောင်ဒဏ် ၆၅ နှစ်စီ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီ တရားရုံး ဆုံးဖြတ်ချက်မှာ မတရားတဲ့ အထောက်အထားတွေ ရှိနေတယ်လို့လည်း ဥပဒေ အကျိုးဆောင် ဦးအောင်သိန်းက အခုလို ပြောပါတယ်။
“အင်းစိန်ထောင်ထဲမှာ ထောင်ဒဏ် ၆ လ ချလိုက်တဲ့အခါ သူတို့က ပြည်သူ့ဝန်ထမ်းကို ဝတ္တရား နှောင့်ယှက်တယ်ဆိုပြီး ထောင်ဒဏ် ၆ လ ကျတယ်။ ပြီးတော့ သူတို့ကို ဧရာဝတီတိုင်း မအူပင်ခရိုင် အထူးတရားရုံးကို ရွှေ့ပြီး အဲဒီမှာ စစ်တယ်။ အဲဒီမှာ စစ်တဲ့အခါ ရှေ့နေလည်း မပါဘူး၊ မိသားစုနဲ့လည်း ဆက်သွယ်လို့ မရဘူး။ သူတို့ကလည်း ဘာမှ ပြန်လှန်မမေးဘူး။ ဆိတ်ဆိတ်ငြိမ်တာ ဝန်ခံတာပဲဆိုတဲ့ သဘောမျိုး လုပ်ပြီးတော့ အကုန်လုံး ပြစ်ဒဏ်တွေ ချပစ်လိုက်တာပေါ့ဗျာ။
“အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေ ၃၃(ဃ) နဲ့ ၄ မှု ဆွဲထုတ်တယ်။ ပုဒ်မ ၆ နဲ့ ပတ်သက်ပြီး ၅ နှစ်ချတယ်။ အဲဒီမှာတင် ၆၅ နှစ် ဖြစ်နေပြီ။ ပထမ ၆ လနဲ့ဆို ၆၅ နှစ်နဲ့ ၆ လပေါ့ဗျာ။ ဒါတွေဟာ မတရား ဖမ်းဆီး ချုပ်နှောင်ခြင်း ခံရတာကနေ စပြီးတော့ ပေါ်ပေါက်လာတဲ့ ပြစ်ဒဏ်တွေ ဖြစ်တဲ့အတွက် အဲဒါတွေကို ကျနော်တို့က ပြန်လှန် ဖော်ထုတ်ပြီး တရားလွှတ်တော်ချုပ်မှာ တက်ပြောဖို့ စဉ်းစားကြတာပါ။”
နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ ၈၈ ကျောင်းသားတွေရဲ့ ပြစ်ဒဏ်တွေကို ပြန်လည်သုံးသပ်ပေးရေး တရားရုံးတော်ကို စာတင်နိုင်ဖို့အတွက် အခုတော့ မိသားစုဝင်တွေနဲ့ ရှေ့နေတွေ၊ ဥပဒေ အကျိုးဆောင်တွေ တိုင်ပင် ဆွေးနွေးနေကြဆဲ ဖြစ်ပါတယ်။
မနေ့ကတော့ နှစ်ရှည်အကျဉ်းကျ နိုင်ငံရေးအကျဉ်းသား တဦးဖြစ်တဲ့ ကိုရဲမြတ်ဟိန်းရဲ့ နေအိမ်မှာ လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေ၊ အကျဉ်းကျ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေနဲ့ ဥပဒေ အကျိုးဆောင်တွေ တက်ရောက်ပြီး စစ်အစိုးရလက်ထက် တရားစီရင်ရေး အနေအထားတွေကို ဆွေးနွေးခဲ့ကြပြီး လက်ရှိ နိုင်ငံရေးအကျဉ်းသား အားလုံးရဲ့ ထောင်တွင်း အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့ကတော့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က မြန်မာအစိုးရသစ် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး မြန်မာအစိုးရသစ် အနေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရာမှာ နိုင်ငံတကာ အသိုင်းအဝိုင်းက မျှော်လင့်ထားတဲ့ အရေးကြီးဆုံး လုပ်ငန်းတရပ်အဖြစ် နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးရေး တိုက်တွန်းထားပါတယ်။