သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

9/11 အကြမ်းဖက် တိုက်ခိုက်မှု ၁၀ နှစ်ပြည့်သွားပြီ


9/11 အကြမ်းဖက် တိုက်ခိုက်မှု ၁၀ နှစ်ပြည့်သွားပြီ

၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က အမေရိကန်နိုင်ငံ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရတဲ့ ၁၀ နှစ်ပြည့် အောက်မေ့ဘွယ် အခမ်းအနားတွေကို ကျင်းပနေကြပါတယ်။ အဲဒီ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် အမေရိကန် ပြည်ထောင်စုအတွင်း လူပေါင်း ၃,၀၀၀ လောက် သေဆုံးခဲ့ကြရတာပါ။

နယူးယောက်မြို့ အကြမ်းဖက် တိုက်ခိုက်ခံရပြီး ပြိုကျသွားခဲ့တဲ့ ကမ္ဘာ့ ကုန်သွယ်ရေးညီနောင် မျှော်စင်နေရာမှာ မကြာခင်ကပဲ တည်ဆောက် ပြီးစီးသွားခဲ့တဲ့ စက်တင်ဘာ ၁၁ ရက် အမှတ်ရ အောက်မေ့ဘွယ် အဆောက်အဦးကို သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) နဲ့ အရင်သမ္မတဟောင်း ဂျော့ခ်ျ ဒဗလျူ ဘုရှ် (George W.Bush) တို့ တနင်္ဂနွေနေ့ မနက်က သွားရောက် ကြည့်ရှုခဲ့ကြပါတယ်။

အရင်က ကုန်သွယ်ရေးညီနောင် အဆောက်အဦး ၂ ခုအကြား တည်ဆောက်ထားတဲ့ ရောင်ပြန်ဟပ် ရေတံခွန်တွေနား မိသားစုတွေကိုလည်း ပထမဆုံး အကြိမ်အဖြစ် လာရောက် ကြည့်ရှုခွင့်ပြုမယ်လို့ ဆိုပါတယ်။

သမ္မတ ဘရက်ခ် အိုဘားမားနဲ့ ဇနီး၊ သမ္မတဟောင်း ဘုရှ်နဲ့ ဇနီးတို့က အရင်နဲ့ လက်ရှိ နယူးယောက်မြို့ အရာရှိတွေကို နှုတ်ဆက်ခဲ့ကြပါတယ်။

နယူးယောက်မြို့က ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အဦးကို ပထမလေယာဉ် ၀င်ရောက် တိုက်ခိုက်ခဲ့တဲ့ မနက် ၈ နာရီ ၄၆ မိနစ် အချိန်မှာ မြို့သူမြို့သားတွေက အသံတိတ် ဂုဏ်ပြုခဲ့ကြပြီး ဒုတိယလေယာဉ် ၀င်ရောက် တိုက်ခိုက်တဲ့ မနက် ၉ နာရီ ၃ မိနစ်မှာလည်း အလားတူ ငြိမ်သက် ဂုဏ်ပြုခဲ့ကြပါတယ်။

အဲဒီကနေ သမ္မတ အိုဘားမားနဲ့ ဇနီး မစ်ရှဲလ် အိုဘားမား (Michelle Obama) တို့ဟာ ယူနိုက်တက် လေကြောင်းလိုင်း အမှတ် ၉၃ ပျက်ကျခဲ့တဲ့ ပင်ဆယ်လ်ဗေးနီးယားပြည်နယ် ရှန့်က်စ်ဗီးလ်မြို့ (Shanksville) ကို ခရီးဆက်ကြမှာပါ။

အဲဒီနောက်မှာတော့ သမ္မတနဲ့ သမ္မတကတော်တို့ဟာ ၀ါရှင်တန်မြို့ အပြင်မှာရှိတဲ့ ပင်တဂွန် အမေရိကန် စစ်ဌာနချုပ်ကို စက်တင်ဘာ ၁၁ ရက်နေ့က ၀င်ရောက်တိုက်ခိုက်ခံရစဉ် သေဆုံးသွားခဲ့ကြသူတွေအတွက် အမှတ်ရ လွမ်းသူ့ပန်းခွေချတဲ့ အခမ်းအနားကို တက်ကြမှာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ ညပိုင်းမှာတော့ သမ္မတနဲ့ သမ္မတကတော်တို့ဟာ ၀ါရှင်တန် ကနေဒီ ကပွဲရုံမှာ ကျင်းပမယ့် မျှော်လင့်ချက် တေးဂီတ ဖျော်ဖြေပွဲကို တက်ရောက် ကြည့်ရှုကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG