သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် 9/11 တိုက်ခိုက်ခံရမှု ၁၀ နှစ်ပြည့်


အမေရိကန် 9/11 တိုက်ခိုက်ခံရမှု ၁၀ နှစ်ပြည့်

အမေရိကန်ပြည်ထောင်စုမှာ လူပေါင်း ၃,၀၀၀ နီးပါး သေဆုံးခဲ့ရတဲ့ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက် တိုက်ခိုက်မှုရဲ့ ၁၀ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွေကို တနင်္ဂနွေနေ့က ကျင်းပခဲ့ကြပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် နာကျင်ခဲ့ကြရပေမဲ့ အဲဒီနောက်မှာ ပိုပြီး သန်မာလာခဲ့ရပါတယ်လို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောကြားသွားပါတယ်။

၂၀၀၁ ခုနှစ်မှာ တိုက်ခိုက်ခံခဲ့ကြရတဲ့ နယူးယောက်မြို့၊ ၀ါရှင်တန်မြို့တော် အပြင်ဘက်က ပင်တဂွန် စစ်ဌာနချုပ်နဲ့ ပင်ဆယ်လ်ဗေးနီးယားပြည်နယ်က ရှန့်က်စ်ဗီးလ် (Shanksville) မြို့တို့မှာ အောက်မေ့ဖွယ် အခမ်းအနားတွေ ကျင်းပကြတာပါ။

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက တိုက်ခိုက်ခံခဲ့ရတဲ့ နေရာ ၃ ခုလုံးကို သွားရောက်ပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားတွေကို တက်ရောက်ခဲ့ပါတယ်။

နယူးယောက်မြို့မှာတော့ သမ္မတ အိုဘားမားနဲ့ သူ့မတိုင်ခင် သမ္မတဟောင်း ဂျော့ခ်ျ ဒဗလျူ ဘုရှ် (George W. Bush) တို့က တိုက်ခိုက်ခံခဲ့ရလို့ ပြိုကျ ပျက်စီးသွားတဲ့ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံ နေရာမှာ မကြာခင်ကပဲ ဆောက်လုပ်ပြီးစီးခဲ့တဲ့ ဝမ်းနည်းခြင်း အထိမ်းအမှတ် ရေကန်နေရာကို လမ်းလျှောက် ကြည့်ခဲ့ပါတယ်။

ကမ္ဘာ့ကုန်သွယ်ရေး မျှော်စင်ညီနောင်ကို ပြန်ပေးဆွဲခံရတဲ့ ခရီးသည်တင် လေယာဉ်တွေ ဝင်တိုက်ခဲ့တဲ့ ဖြစ်ရပ်အတွင်း သေဆုံးသွားရသူ ထောင်ကျော်ရဲ့ တဦးချင်း နာမည်တွေကို သူတို့ရဲ့ မိသားစုဝင်တွေက ရွတ်ဖတ်တဲ့ အခမ်းအနားကို သမ္မတ ၂ ဦးလုံး တက်ရောက်ခဲ့ပါတယ်။

ပင်ဆယ်လ်ဗေးနီးယားပြည်နယ်က ရှန့်က်စ်ဗီးလ်မြို့ပြင် ကွင်းထဲ လေယာဉ်ပျက်ကျပြီး သေဆုံးခဲ့ရသူ ၄၀ အတွက်တော့ သမ္မတ အိုဘားမားနဲ့ သမ္မတကတော် မစ်ရှဲလ် အိုဘားမား (Michelle Obama) တို့က လွမ်းသူ့ပန်းခွေ ချခဲ့ပါတယ်။

သူတို့က ကွယ်လွန်သူတွေရဲ့ မိသားစုတွေကို ဝမ်းနည်းစကား ပြောကြားခဲ့ပြီး လေယာဉ်ပေါ် ပါသွားတဲ့ ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်း တဦးချင်းစီရဲ့ နာမည်တွေ ကမ္ပည်းထိုးထားတဲ့ ကျောက်သားနံရံဆီလည်း သွားရောက်ခဲ့တာပါ။

မွန်းလွဲပိုင်း ပင်တဂွန် စစ်ဌာနချုပ်မှာ ကျင်းပတဲ့ အခမ်းအနားမှာတော့ လေယာဉ်အမှတ် ၇၇ က ပင်တဂွန်ကို ဝင်တိုက်ပြီး သေဆုံးခဲ့ရသူ ၁၈၄ ဦးအတွက် သမ္မတနဲ့ သမ္မတကတော်တို့က လွမ်းသူ့ပန်းခွေ ချခဲ့ပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ် ရင်ပြင်မှာ သေဆုံးသူတွေရဲ့ မိသားစုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်ခံရမှုမှာ ဗြိတိန်နိုင်ငံက ၆၇ ဦး အပါအဝင် တခြား နိုင်ငံပေါင်း ၉၀ က သေဆုံသွားကြသူတွေအတွက် ဝမ်းနည်းကြေကွဲမှု အထိမ်းအမှတ် အခမ်းအနားတွေကို နိုင်ငံအသီးသီးမှာ ကျင်းပခဲ့ကြပါတယ်။

XS
SM
MD
LG