သုံးရလွယ်ကူစေသည့် Link များ

9-11 နှစ်ပတ်လည်မှာ တိုက်ခိုက်မယ့်သတင်း အမေရိကန်စုံစမ်း

  • ဗွီအိုအေ (မြန်မာဌာန)

9-11 နှစ်ပတ်လည်မှာ တိုက်ခိုက်မယ့်သတင်း အမေရိကန်စုံစမ်း

အမေရိကန်နိုင်ငံကို တိုက်ခိုက်ခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက် တိုက်ခိုက်မှု ၁၀ နှစ်မြောက်နေ့နဲ့ တိုက်ဆိုင်ပြီး အကြမ်းဖက်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတရပ်ကို အမေရိကန် အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး တာဝန်ရှိသူတွေက စုံစမ်းနေကြပါတယ်။ ဒီသတင်းဟာ ယုံကြည်ရလောက်ပေမဲ့ အတည်မပြုနိုင်ပါဘူးလို့ သူတို့က ပြောပါတယ်။ ၀ါရှင်တန်၊ ဒါမှမဟုတ် နယူးယောက်ကို ပစ်မှတ်ထား တိုက်ခိုက်မယ်ဆိုတဲ့ ယုံကြည်ရလောက်တဲ့သတင်းကို သူတို့ရရှိထားတဲ့အကြောင်း အာဏာပိုင်တွေက ကြာသပတေးနေ့က ပြောခဲ့တာပါ။

အမေရိကန်နိုင်ငံသား တယောက် အပါအ၀င် လူ ၃ ယောက်ဟာ ကားဗုံးနဲ့ တိုက်ခိုက်ဖို့အတွက် သြဂုတ်လအတွင်းက အမေရိကန်နိုင်ငံကို ၀င်ရောက်ခဲ့ကြတယ်လို့ သူတို့က သံသယရှိနေကြပါတယ်။ နယူးယောက်မြို့မှာ ဒီသတင်းကြောင့် လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတယ်လို့ မြို့တော်ဝန် မိုက်ကယ်လ် ဘလွန်းဘက် က ကြာသပတေးနေ့က ပြောပါတယ်။ အန္တရာယ်ရှိနိုင်ပေမဲ့ သွားလာနေထိုင်မြဲ နေထိုင်ကြဖို့ နယူးယောက် မြို့သူမြို့သားတွေကို သူက ပြောဆိုလိုက်ပါတယ်။

ဒီတိုက်ခိုက်မယ် ဆိုတာရဲ့နောက်မှာ ဘယ်အဖွဲ့အစည်း ရှိနေတယ်ဆိုတာကို ပြောဖို့ကိုတော့ FBI နယူးယောက်ဌာနခွဲ အကြီးအကဲ ဂျန် ဖက်ဒါဆစ်ခ် (Jan Fedarcyk) က ပြောဆိုဖို့ ငြင်းဆိုပါတယ်။ အခုလို သတ်သတ်မှတ်မှတ်ရှိတဲ့ နေ့ကြီးတွေကို အယ်လ်ခိုင်းဒါး လို အုပ်စုတွေက စိတ်ဝင်စားကြတာကို အိုစမာဘင်လာဒင်ရဲ့ အိမ်ကိုစီးနင်းစဉ်က ရရှိခဲ့တဲ့ သတင်းတွေက ပြသနေပါတယ်လို့ သူမက ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG