သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်-မြန်မာ ဆက်ဆံရေးတိုးတက်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Tillerson ဟာ မြန်မာ အပါအဝင် အာဆီယံနိုင်ငံခြား ဝန်ကြီးတွေ နဲ့ ကြာသပတေးနေ့က တွေ့ဆုံ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Tillerson ဟာ မြန်မာ အပါအဝင် အာဆီယံနိုင်ငံခြား ဝန်ကြီးတွေ နဲ့ ကြာသပတေးနေ့က တွေ့ဆုံ။

မြန်မာ နဲ့ အမေရိကန် ၂ နိုင်ငံဆက်ဆံရေးဟာ အလွန်ကောင်းမွန်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းတာဝန်ရှိသူတဦး က ပြောကြား လိုက်ပါတယ်။ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မြန်မာနိုင်ငံမှာ တိုးလာနေတာနဲ့အမျှ၊ မြန်မာနိုင်ငံဟာတရုတ်နိုင်ငံနဲ့ဆက်ဆံရေး ပိုပြီးနီးကပ်လာနေတယ်လို့ ထင်မြင်ချက်တွေ လည်း ထွက်ပေါ်လာနေတာဖြစ်ပါတယ်။ ဗီအိုအေသတင်းထောက် Joe Freeman သတင်းပေးပို့ထားတာကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံ နဲ့ ဆက်ဆံရေးပိုပြီးတော့ နီးကပ်လာနေတယ်လို့ ထင်မြင်ချက်တွေထွက်ပေါ်လာနေတဲ့ကြားမှာပဲ၊ မြန်မာ နဲ့ အမေရိကန်ကြားမှာ အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးရှိနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထိပ်တန်းတာဝန်ရှိသူတဦးက ပြောလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပနိုင်ငံတွေကို ခရီးသွားနေတာကြောင့်၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နဲ့ ဝါရှင်တန်ဒီစီမှာ အခုတပတ် တွေ့ဆုံခြင်းမရှိခဲ့ပါဘူး။

အမေရိကန် နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား မဟာဗျူဟာကျတဲ့ ပူးပေါင်းဆောင်ရွက် မှုတွေကို ပြန်ပြီးမြှင့်တင်လုပ်ဆောင်တဲ့အနေနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Tillerson ဟာ အာဆီယံနိုင်ငံခြားဝန်ကြီးတွေနဲ့ မနေ့ကြာသပတေးနေ့က တွေ့ဆုံခဲ့တာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒီတွေ့ဆုံမှုတွေအတွင်း ဒေါ်အောင်ဆန်းစုကြည်မပါဝင်တာဟာ၊ ခရီးစဉ်တိုက်နေ တာကြောင့်ဖြစ်တယ်လို့ အရှေ့အာရှနဲ့ပစိဖိတ်ရေးရာဌာနက ဒု-လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Patrick Murphy က ဒေသတွင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

"အမေရိကန် နဲ့ မြန်မာနိုင်ငံကြား ဆက်ဆံရေးက အလွန်ကိုကောင်းတယ်ဆိုတာကို ကျနော်အနေနဲ့အလေးပေးပြောချင်ပါတယ်။"

ဒီတွေ့ဆုံပွဲကို မြန်မာနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းတက်ရောက်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ပေးလိုက်တဲ့ စာကို ဝန်ကြီး Tillerson ကိုပေးခဲ့ကြောင်း မစ္စတာမာဖီက ပြောပါတယ်။ ဒါပေမဲ့ အဲဒီစာမှာ ဘာရေးထားတယ်ဆိုတာတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာခရီးစဉ်တခုသွားဖို့ ဒီမတိုင်ခင်ကတည်းက စီစဉ်ထားတာကြောင့် မလာနိုင်တာဖြစ်တယ်လို့ သူကရှင်းပြခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ အခု ဥရောပကိုရောက်နေပါတယ်။ ဒီခရီးစဉ်က နိုင်ငံခြားရေးဝန်ကြီးတွေ ဝါရှင်တန်မှာ တွေ့ဖို့မစီစဉ်ခင်ကတည်းက လုပ်ထားပြီး သားဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့သမ္မတအိုဘားမားအစိုးရနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိခဲ့တာဖြစ်ပြီး၊ အိုဘားမားအစိုးရလက်ထက်မှာ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြန်ရုတ်သိမ်းခဲ့တာဖြစ်ပါတယ်။ လက်ရှိအမေရိကန်သမ္မတ ထရမ့်အစိုးရကလည်း အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ကြိုးပမ်းခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံမှုတွေအပြင်၊ သမ္မတထရမ့်က ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာ နဲ့ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးတို့ကို အိမ်ဖြူတော်ကို လာရောက်လည်ပတ်ဖို့ သီးခြားစီဖိတ်ကြားခဲ့ပါတယ်။ အဲဒီလိုဖိတ်ကြားခဲ့တဲ့အတွက် လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဝေဖန်တာတွေကိုခံခဲ့ရပါတယ်။

အဲဒီလိုဖိတ်ကြားမှုတွေ အပြင် ၊ မြန်မာနိုင်ငံအပေါ်မှာ အာရုံသိပ်မစိုက်တာနဲ့ TPP အဖွဲ့ကနေ အမေရိကန်နုတ်ထွက်လိုက်တာတွေကြောင့်၊ အမေရိကန်အစိုးရဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လစ်လျူရှုထားချင်ပုံရတဲ့ဆိုတဲ့ သဘောမျိုးဖြစ်စေတဲ့ အပြင်၊ ဒီဒေသနဲ့ပတ်သက်ပြီး အမြင်မရှိဘူးဆိုပြီး ဝေဖန်ခံနေရတာဖြစ်ပါတယ်။

ကြာသပတေးနေ့ကတွေ့ဆုံမှုအတွင်း တောင်တရုတ်ပင်လယ်အတွင်းက နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ကိစ္စတွေ နဲ့ မြောက်ကိုရီးယားကိစ္စတွေကို အဓိကထားဆွေးနွေး ခဲ့ကြပြီးတော့၊ အာဆီယံနိုင်ငံတွေအနေနဲ့ မြောက်ကိုရီးယားအစိုးရနဲ့ မပတ်သက်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Tillerson က တိုက်တွန်းခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

ထိုင်းနိုင်ငံမှာရှိတဲ့ အရှေ့တောင်အာရှလေ့လာရေးဌာနရဲ့ ကထိက Paul Chambers ကတော့ - အခုလို ပြောပါတယ်။

"မြန်မာနိုင်ငံဟာ အခုလောလောဆယ်မှာ တရုတ်နိုင်ငံဘက်ကို ပိုပြီးတော့ တိမ်းတယ်ဆိုတာကတော့ သိပ်အံ့သြစရာတော့မရှိပါဘူး။ ထရမ့်အစိုးရက သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ပြီး ဘာလုပ်ရမှန်းမသိဖြစ်နေပုံရတဲ့အချိန်မှာ တရုတ်အစိုးရဘက်က ရင်းနှီးမြှုပ်နှံမှုတွေ အမြောက်အမြားလုပ်ဖို့ နဲ့ ODA လို့ခေါ်တဲ့ တရားဝင်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူတွေပေးဖို့ ဆန္ဒရှိနေပါတယ်။"

မြန်မာနိုင်ငံက မကြာသေးခင်ကပဲ၊ တရုတ်နိုင်ငံကို ရေနံတင်ပို့ဖို့ သဘောတူညီခဲ့ပြီး၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတာမှာ တရုတ်နိုင်ငံဟာ အရေးပါတဲ့အခန်းကဏ္ဍမှာရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့လတုန်းကလည်း၊ မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကြားက အငြင်းပွားမှုကို တရုတ်အစိုးရအနေနဲ့ ကြားဝင်ဆောင်ရွက်ပေးနိုင်တယ်လို့ တရုတ်တာဝန်ရှိသူတဦးက ရိုက်တာသတင်းကို ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ တခြားနိုင်ငံတခုကိုအသုံးချပြီးတော့ ကိုယ့်နိုင်ငံရဲ့ ဆက်ဆံရေးကို တိုးမြှင့်လာအောင် လုပ်ဆောင်သွားမှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းတာဝန်ရှိသူတဦးကတော့ - အခုသီတင်းပတ်အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG