[[Zawgyi/Unicode]]
ဒေသတွင်း လုံခြုံရေး ကို ဆွေးနွေးဖို့အတွက် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေး ကို စစ်ကောင်စီ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး လည်း တက်ရောက်ခဲ့ပါတယ်။ မြန်မာ ကို ဖိတ်ကြားခဲ့တာ နဲ့ ပတ်သက်ပြီး ကမ္ဘောဒီးယား ကာကွယ်ရေး ဝန်ကြီး က ခုလို ပြောပါတယ်။
“ဒီနှစ် အကြောင်းအရာ သတ်မှတ်ချက် က လုံခြုံရေး နဲ့ သဟဇာတ ဖြစ်ရေးအတွက် သွေးစည်းညီညွတ်ရေး ဖြစ်တဲ့အတွက် ကျနော်တို့ က ဒီ အခန်းကဏ္ဍ ကို ဖော်ဆောင်တာပါ။ ဒီ အစည်းအဝေးမှာ ကာကွယ်ရေး ဝန်ကြီးအားလုံး နဲ့ စည်းလုံးညီညွတ်ရေး ကို ထိန်းသိမ်းပါတယ်။ ဒါကြောင့် ဒီတကြိမ်မှာ မြန်မာ ပါဝင်ခဲ့တာ ဖြစ်တယ်” လို့ ကမ္ဘောဒီးယား ကာကွယ်ရေး ဝန်ကြီး Tea Banh က မီဒီယာတွေ ကို ပြောသွားတာပါ။
၁၆ ကြိမ်မြောက် ဒီ အစည်းအဝေး ကို ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင်မြို့တော် မှာ ဗုဒ္ဓဟူးနေ့ က ကျင်းပခဲ့တာဖြစ်ပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် ကို မြန်မာ က အကောင်အထည်ဖော်ဖို့ ပျက်ကွက်တဲ့အတွက် အာဆီယံ ရဲ့ အဓိက အစည်းအဝေးတွေ မှာ မြန်မာနိုင်ငံ က နိုင်ငံရေး အဆင့် ကိုယ်စားလှယ် ကို မဖိတ်ကြားဘဲထားခဲ့တာပါ။ အရင်နှစ် လုံခြုံရေး အစည်းဝေးတုန်းကလည်း မြန်မာ ကို မဖိတ်ကြားခဲ့ပါဘူး။ ဒါပေမယ့် ကမ္ဘောဒီးယား နိုင်ငံ က အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန် မှာ မြန်မာ စစ်ဗိုလ်ချုပ်ကြီးတွေ နဲ့ တိုက်ရိုက် ထိတွေ့ လုပ်ကိုင်တဲ့ မူဝါဒဘက် ကို တိမ်းညွတ်ခဲ့ပါတယ်။
အာဆီယံလုံခြုံရေး အသိုက်အဝန်း ရဲ့ လုပ်ငန်းစဉ် စီမံကိန်း ကို အာဆီယံ ၁၀ ကြိမ်မြောက် ထိပ်သီး အစည်းအဝေး မှာ ချမှတ်ခဲ့တာ ဖြစ်ပြီး ၂၀၀၆ ခုနှစ် မေလ၊ မလေးရှား နိုင်ငံ ကွာလမ်လမ်ပူမြို့ မှာ ပထမဆုံး ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေး ကို ကျင်းပခဲ့ပါတယ်။
================
[[Unicode]]
================