သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ဘုံသဘောတူညီချက် တိုးတက်မှုမရှိတဲ့အပေါ် အာဆီယံ စိတ်ပျက်


အင်ဒိုနီးရှားနိုင်ငံမှာ ဒီနေ့ကျင်းပတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲ (အောက်တိုဘာ ၂၇၊ ၂၀၂၂)
အင်ဒိုနီးရှားနိုင်ငံမှာ ဒီနေ့ကျင်းပတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲ (အောက်တိုဘာ ၂၇၊ ၂၀၂၂)

[[Zawgyi/Unicode]]

မြန်မာနိုင်ငံရဲ့နိုင်ငံအရေးအကျပ်အတည်းကို အဖြေရှာရေးမှာ အာဆီယံအဖွဲ့ကြားချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်က အရေးကြီးတယ်ဆိုတဲ့အချက်ကို သက်ဆိုင်ရာဒေသတွင်းနိုင်ငံတွေ ထပ်လောင်း အခိုင်အမာ သဘောတူကြကြောင်း ဒီကနေ့ အင်ဒိုနီးရှားနိုင်ငံမှာကျင်းပတဲ့ မြန်မာ့အရေး အာဆီယံ အထူး စည်းဝေးပွဲအပြီးမှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ကြေညာချက်ထုတ်ပြန်ပါတယ်။

ဒါပေမယ့် ဒီဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ဖို့ မြန်မာဘက်က လိုက်ပါဆောင်ရွက်မှုမရှိသလို တိုးတက်မှုမရှိတဲ့အပေါ် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စိတ်ပျက်မိကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retna Marsudi က ဒီကနေ့ ဝေဖန်ပါတယ်။ ကချင်ပြည်နယ် ဖားကန့်မြို့အနီးက ဂီတဖျော်ဖြေပွဲကို မြန်မာစစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့လည်း ဝန်ကြီး Marsudi က ရှုတ်ချပါတယ်။

“ကချင်ပြည်နယ်အတွင်းက ဂီတဖျော်ဖြေပွဲကို မြန်မာစစ်တပ်က တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်ကို ပြစ်တင်ရှုတ်ချသင့်သလို ဒါဟာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိတဲ့လုပ်ရပ်ပါ။ သေဆုံးသွားသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ဝမ်းနည်းကြောင်း ပြောကြားလိုပါတယ်။ ဒီလို အကြမ်းဖက်လုပ်ရပ်တွေ ချက်ခြင်း ရပ်တန့်သင့်ပါပြီ။ ဒီတောင်းဆိုချက်ကို (မြန်မာ) တပ်မတော်ထံ ချက်ခြင်း ပို့ပေးဖို့အတွက် အင်ဒိုနီးရှားနိုင်ငံက တောင်းဆိုပါတယ်။” လို့ ဒီကနေ့ မြန်မာ့အရေး အထူးစည်းဝေးပွဲအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး Marsudi က ပြောကြားသွားတာပါ။

KIO ကချင်လွတ်လပ်ရေးအဖွဲ့ တည်ထောင်တဲ့ ၆၂ နှစ်ပြည့် အခမ်းအနားအကြို ဂီတဖျော်ဖြေပွဲ ကျင်းပနေချိန် မြန်မာစစ်တပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံ တနိုင်ငံအနေနဲ့ ဒါအပြင်းထန်ဆုံး ပြောဆိုခြင်းလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ပြဿနာကို ဖြေရှင်းရာမှာ မြန်မာနိုင်ငံသားတွေပါဝင်မှ ပြေလည်နိုင်မှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံနိုင်ငံသားတွေနဲ့ တွေ့ဆုံ စကားပြောဆိုဖို့ လိုအပ်ကြောင်း၊ ဒါမှလည်း အာဆီယံရဲ့ ကြားဝင်ဆောင်ရွက်ပေးမှု အောင်မြင် ထမြောက်နိုင်မှာ ဖြစ်ကြောင်းလည်း ဝန်ကြီး Marsudi က ပြောပါတယ်။

လာမယ့် နိုဝင်ဘာလ အာဆီယံ ထိပ်သီးအစည်းအ‌ဝေးမတိုင်ခင် အကြိုကျင်းပတဲ့စည်းဝေးပွဲအတွင်း မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် ဒီထက်ပိုပြီး ဆောင်ရွက်နိုင်ရေး သန္နိဌာန်ခိုင်ခိုင်မာမာ ချမှတ်ဆောင်ရွက်နိုင်ရေး အဖွဲ့ဝင်နိုင်ငံတွေ သဘောတူကြကြောင်းလည်း ဒီကနေ့ စည်းဝေးပွဲအပြီး လက်ရှိ အလှည့်ကျဥက္ကဋ္ဌ ကေမ္ဘာဒီးယားနိုင်ငံက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ မနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အကြမ်းဖက်မှုသံသရာ လည်နေတဲ့အပေါ် အထူးစိတ်ပျက်မိတဲ့အကြောင်း ဒီ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ စည်းဝေးပွဲကို တက်နေတဲ့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan ကလည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]








XS
SM
MD
LG