သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အာဆီယံချဉ်းကပ်ပုံ ပြောင်းလဲဖို့ အကဲခတ်တွေတိုက်တွန်း 


INDONESIA-ASEAN-DIPLOMACY
INDONESIA-ASEAN-DIPLOMACY

[[Zawgyi/Unicode]]

မြန်မာပြည်တွင်းက နိုင်ငံရေးအကျပ်အတည်းနဲ့ ပဋိပက္ခတွေကြောင့်ဖြစ်လာတဲ့သက်ရောက်မှုဟာ အိမ်နီးချင်းနဲ့ ဒေသတွင်းနိုင်ငံတွေဆီအထိ ကျော်လွန်ရောက်ရှိလာတဲ့အတွက် အာဆီယံနိုင်ငံတွေအနေနဲ့ မြန်မာ့အရေးကူညီဖြေရှင်းရာမှာ အရင်ကထက် ပိုမိုထိရောက်တဲ့ချဉ်းကပ်မှုအသစ်တွေနဲ့ လုပ်ဆောင်သင့်တယ်လို့ မြန်မာ့အရေးစောင့်ကြည့်နေသူတွေက ပြောပါတယ်။ သောင်းနဲ့ချီတဲ့ စစ်ဘေးဒုက္ခသည်တွေ၊ လူကုန်ကူးမှုနဲ့ မူးယစ်ဆေးဝါး ပြဿနာလို နောက်ဆက်တွဲပြဿနာတွေဟာ မြန်မာနိုင်ငံနဲ့ ဆက်နွယ်ပြီး အိမ်နီးချင်းနိုင်ငံတွေ လက်ငင်းကြုံနေရတဲ့ ပြဿနာတွေဖြစ်တာကို ထောက်ပြပြီး ဒီချက်တွေကို အာဆီယံနိုင်ငံတွဘက်က ထည့်သွင်းစဉ်းစားရလိမ့်မယ်လို့ လေ့လာသူတွေက တိုက်တွန်း ပြောဆိုကြပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းပေးပို့ချက်ကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံ့အရေး အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ အထူးအစည်းအဝေးတရပ် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ဒီနေ့ ကျင်းပခဲ့ပြီး အာဆီယံရဲ့ မြန်မာ့နိုင်ငံ့အရေး ရပ်တည်ချက်ဟာ လက်ရှိအချိန်အထိ ဘုံသဘောတူညီချက် ၅ ရပ်အပေါ်မှာပဲ အခြေခံထားဆဲ ဖြစ်တယ်ဆိုတာကို အာဆီယံဘက်က ထပ်လောင်း အတည်ပြု ပြောဆိုထားပါတယ်။ နိုင်ငံရေး လေ့လာသူတွေကတော့ စစ်ရေးနဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုပြီးကျယ်ပြန့်လာတဲ့ မြန်မာနိုင်ငံအတွက် နောက်ထပ်ထိရောက်တဲ့ ဆုံးဖြတ်ချက်တွေကို အာဆီယံဘက်က စဉ်းစားသင့်တယ်ပြီလို့ မြင်ကြပါတယ်။ အာဆီယံရဲ့ရပ်တည်ချက်က ချဉ်းကပ်မှုပုံစံအသစ်၊ အပြောင်းအလဲအသစ်နဲ့ လုပ်နိုင်ပါ့မလားဆိုတာ သံသယရှိကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုအဖွဲ့က စောအဲလက်စ်ထူးက ဗွီအိုအေကို ပြောပါတယ်။

" အာဆီယံအဖွဲ့အစည်းတွေ၊ နိုင်ငံတွေစဉ်းစားရမှာက မြန်မာပြည်ရဲ့ ပြဿနာက ပြည်တွင်းပြဿနာ မဟုတ်ဘူး။ သူကနိုင်ငံကို ကျော်ပြီးတော့ အိမ်နီးချင်းနိုင်ငံတွေမှာ သွားပြီးတော့မှ သက်ရောက်တယ်ပေါ့။ ပြီးရင် ဒေသတွင်းလုံခြုံရေးကို အများကြီးထိရောက်တဲ့ဟာ။ အခုတော့ လူကုန်ကူးမှုတွေ အများအပြား ဖြစ်လာတယ်။ နောက်ပြီး drug issue ပေါ့နော်။ ပဋိပက္ခဖြစ်တဲ့အတွက် မလိုလားအပ်တဲ့ နောက်ဆက်တွဲ လူမှုရေး ပြဿနာတွေ ငွေရေးကြေးရေး ပြဿနာ မှောင်ခို ဒီဟာတွေက အားလုံးက အာဆီယံနိုင်ငံတွေ အားလုံးကို ကူးနေဖြစ်နေတာ ကျနော်တို့ တွေ့ရတယ်။"

စစ်ကောင်စီ အာဏာရယူပြီးနောက်ပိုင်းမှာ အိန္ဒိယဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည် ၅ သောင်းလောက်ရှိပါတယ်။ ထိုင်းနိုင်ငံကနေ UNHCR ဆီမှာ ခိုလှုံခွင့် တောင်းခံထားတဲ့ နိုင်ငံရေးလှုပ်ရှားသူ အရေအတွက်ကလည်း လက်ရှိစာရင်းအရ ၁၂,၀၀၀ အထက်မှာ ရှိပါတယ်။ မလေးရှားနိုင်ငံကို ရောက်နေတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေ၊ အာဏာဖီဆန်ရေး လှုပ်ရှားမှုစီဒီအမ်လုပ်ထားသူတွေရဲ့ကိစ္စကလည်း မလေးရှားအစိုးရအတွက် ထည့်သွင်းစဉ်းစားစရာ ဖြစ်လာပါတယ်လို့ အကဲခတ်တွေက ရှုမြင်ပါတယ်။

ပြည်တွင်းမှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ စစ်ရေးပဋိပက္ခ၊ အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးလာတာတွေက အာဆီယံနိုင်ငံတွေအတွက် နောက်ထပ်စဉ်းစားစရာ အချက်တွေဖြစ်တယ်လို့ မြန်မာ့လူ့အခွင့်အရေးအဖွဲ့ BHRN က ဦးကျော်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

" ပြီးခဲ့တဲ့ တော်လှန်ရေးစဖြစ်ကာစမှာ အဲဒီအခြေအနေပေါ်မူတည်ပြီးတော့ ဒီငါးချက်ကို သူတို့ကယူခဲ့တာ။ ဒါပေမယ့် အခုအချိန်မှာတော့ စစ်တပ်ရဲ့ရာဇဝတ်မှုကျူးလွန်မှုတွေက မျက်ဝါးထင်ထင် clearly မြင်နေရပြီဆိုတော့ အဲဒီငါးချက်နဲ့ ဘယ်လိုမှ အဆင်မပြေနိုင်တော့ဘူး။ ဒါကို ကျနော်တို့ မြန်မာပြည်ဘက်က တော်လှန်ရေး အုပ်စုတွေကလည်း ဒါကို အစကတည်းက ပယ်ချနေတာ။ ဒါကို အင်ဒိုနီးရှားဘက်ကလည်း သူတို့ကလည်း ဒါကိုမြင်တယ် ဒီငါးချက်က အဆင်မပြေနိုင်တော့ဘူး။"

မကြာခင်မှာ အာဆီယံရဲ့ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို အင်ဒိုနီးရှားနိုင်ငံက တာဝန်ယူရမှာပါ။ အင်ဒိုနီးရှားနိုင်ငံရဲ့ မီဒီယာနဲ့ အရပ်ဘက်အဖွဲ့တွေ၊ ပြည်သူတွေရဲ့အားက ထိရောက်တဲ့အတွက် မြန်မာနိုင်ငံက အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် လက်တွဲသင့်တယ်လို့ ဦးကျော်ဝင်းက ပြောပါတယ်။

ပြီးခဲ့တဲ့အစည်းအဝေးတွေမှာ အာဆီယံက မြန်မာစစ်ကောင်စီအကြီးအကဲတွေကို မဖိတ်ကြားတော့ဘဲ နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့ ကိုယ်စားလှယ်တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ ဒီနေ့ နိုဝင်ဘာ ၂၇ရက် ကြာသပတေးနေ့မှာကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ မြန်မာ့အရေး သီးသန့်အစည်းအဝေးမှာလည်း မြန်မာစစ်ကောင်စီဘက်ကကိုယ်စားလှယ် တက်ရောက်ခွင့်မရခဲ့ပါဘူး။ လာမယ့်နိုဝင်ဘာလ အာဆီယံ ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် မြန့်မာ့အရေး ကြိုတင်ဆွေးနွေးတာဖြစ်ပြီး ဒီနေ့ဆွေးနွေးပွဲရဲ့ အဆိုပြုချက်တွေကို အာဆီယံ ထိပ်သီးဆွေးနွေးပွဲအတွင်း အလေးအနက် စဉ်းစားသုံးသပ်ကြမယ်လို့ နိုင်ငံရေး လေ့လာသူတွေ မျှော်လင့်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]










XS
SM
MD
LG