သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံအသိုင်း အဝိုင်း ဖော်ဆောင်ရေး ခရီးရောက်


အာဆီယံထိပ်သီးညီလာခံကို တက်ရောက်လာတဲ့ အာဆီယံခေါင်းဆောင်များ ( ဧပြီ ၂၅၊ ၂၀၁၃)
အာဆီယံထိပ်သီးညီလာခံကို တက်ရောက်လာတဲ့ အာဆီယံခေါင်းဆောင်များ ( ဧပြီ ၂၅၊ ၂၀၁၃)
အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်တဲ့ အာဆီယံအဖွဲ့ကြီးကို EU ဥရောပသမဂ္ဂလို စီးပွားရေး အသိုင်းအဝိုင်းကြီးဖြစ်အောင်ဖန်တီးဖို့ ဆောင်ရွက်နေမှုဟာ အားရစရာ အခြေအနေဖြစ်နေပြီလို့ အာဆီယံနိုင်ငံခေါင်းဆောင်တွေက ပြောလိုက်ပါတယ်၊ အာဆီယံစီးပွားရေး အသိုင်းအဝိုင်းကြီးဖော်ဆောင်ရေး အားထုတ်မှု အပြင် ဒေသတွင်း နဲ့ နိုင်ငံတကာ က ဘုံ စိုးရိမ်စရာကိစ္စတွေကိုဆွေးနွေးခဲ့ကြတဲ့ အာဆီယံ ထိပ်သီး စည်းဝေးပွဲအပြီးမှာ ခေါင်းဆောင်တွေက အဖွဲ့ဝင်နိုင်ငံတွေ ရဲ့အားထုတ်မှု ကို ကျေနပ်တဲ့အကြောင်း ကြေညာချက် ထုတ်ပြန်လိုက် တာဖြစ်ပါတယ်၊ အပြည့်အစုံကို မစုမြတ်မွန်က ဆက်လက်တင်ပြပါမယ်၊

ဗုဒ္ဓဟူးနဲ့ ကြာသပတေး ၂ ရက်ကျင်းပခဲ့တဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးစည်းဝေးပွဲအပြီး ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ AEC အာဆီယံစီးပွားရေး အသိုင်းအဝိုင်းကြီးဖြစ်လာအောင်လုပ်ဖို့လိုတဲ့ အသေးစိတ် အစီအစဉ်တွေရဲ့ ၇၅ ရာခိုင်နှုန်း လုပ်ပြီးသွားပြီလို့ ဖော်ပြထားပါတယ်။

၂၀၁၅ ခုနှစ်မကုန်ခင်မှာ လူပေါင်း သန်း ၆၀၀ ကျော်ရှိတဲ့ အာဆီယံ နိုင်ငံတွေကြား တခု တည်းသော အသိုင်းအဝိုင်းကြီးဖြစ်အောင် ဖော်ဆောင်ရေး အတွက် လိုအပ်တဲ့ ဆောင်ရွက်မှုပေါင်း ၂၅၉ ခုကို အကောင်အထည်ဖော်ပြီး သွားပြီလို့ ဆိုပါတယ်၊ ဒေသတွင်းမှာ အားလုံးပါဝင်နိုင်တဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုပြီး မြန်မြန် ဆန်ဆန်ဖြစ်အောင် လုပ်နိုင်မယ်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Sihasak Phuangketkeow က မျှော်လင့်ပါတယ်၊

ကျွန်တော်တို့ရဲ့ စီးပွားရေးအားလုံး တသားထဲဖြစ်သွားရေးအတွက်ကို ကျွန်တော်တို့ဆက်ပြီး ဆောင်ရွက်နေကြပါတယ်၊ 2015 ခုနှစ်မကုန်ခင်မှာ အာဆီယံစီးပွားရေးအသိုင်းအဝိုင်းကြီးကို ဖော်ဆောင်နိုင်မယ်လို့လဲ မျှော်လင့်ပါတယ်၊ အာဆီယံနိုင်ငံတွေထဲမှာတင်မဟုတ်ဘဲ၊ အရှေ့အာရှဒေသဖက်မှာ လွတ်လပ်တဲ့ ကုန်သွယ်မှုကို ဘယ်လို မြှင့်တင်နိုင်မလဲဆိုတာကိုလဲ ကျွန်တော်တို့ ဆွေးနွေးနေပါတယ်၊ RCEP လို့ခေါ်တဲ့ အာဆီယံနိုင်ငံတွေနဲ့ အာဆီယံ ဆွေးနွေးဖက် နိုင်ငံ ၆ နိုင်ငံကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးကိုလည်း လုပ်နေပါတယ်၊ ဒါကြောင့် ဒေသတွင်းမှာ အားလုံးပါဝင်နိုင်မဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ပါတ်သက်လို့ ဆက်ပြီး ညှိုနှိုင်းသွားနိုင်လိမ့်မယ်၊ အမြန်ဆုံး အကောင်အထည်ဖော်သွားနိုင်လိမ့်မယ်လို့လဲ ထင်ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြောခွင့်ရ ပြောသွားတာဖြစ်ပါတယ်၊ အာဆီယံရဲ့ တခုတည်းသောဈေးကွက်ကြီးဖြစ်အောင် နဲ့ တခုတည်းသော ကုန်ထုတ်လုပ် တဲ့နေရာကြီးဖြစ်အောင်ရည်ရွယ်တဲ့ အာဆီယံစီးပွားရေး အသိုင်းအဝိုင်းကြီးဖော်ဆောင် နိုင်ရေးအတွက် အဖွဲ့ဝင်နိုင်ငံတွေလုပ်ရမဲ့ အသေးစိတ်အစီအစဉ်တွေကို 2007 ခုနှစ်ထဲက သဘောတူဆောင် ရွက်နေကြတာဖြစ်ပါတယ်၊ အာဆီယံနိုင်ငံတွေမှာ ကုန်သွယ်ခွန်တွေ အများအပြားကို လျှော့ချပေးခဲ့ပေမဲ့ လွတ်လပ်တဲ့ ကုန်စီးဆင်းမှု၊ ဝန်ဆောင်မှုနဲ့ လုပ်အား စီးဆင်းမှုတွေအတွက် အာဆီယံဒေသအနေနဲ့ အဆင်သင့်ဖြစ်ပါ့မ လားလို့ ပညာရှင်တချို့က မေးခွန်းထုတ်နေကြပါတယ်။

ဗုဒ္ဓဟူး၊ ကြာသပတေး ၂ ရက်လုပ်ခဲ့တဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးစည်းဝေးပွဲမှာ အာဆီယံအဖွဲ့ရဲ့ ယဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်တဲ့အနေနဲ့ ကုန်သွယ်ရေး နဲ့ ရင်းနှီးမြှပ်နံှမှုတွေ လုပ်လာနိုင်အောင် ပိုပြီးလမ်းတွေ ဖွင့်ပေးဖို့ကိုလဲ သဘောတူခဲ့ကြပါတယ်၊ ဒါ့အပြင် ဒေသတွင်းမှာ ပိုပြီး လွယ်လွယ်ကူကူ စီးပွားရေးလုပ်နိုင်မဲ့နည်းလမ်းတွေ ပေါ်ပေါက်လာဖို့နဲ့ ရင်းနှီးမြှုပ်နှံမှုမှာ အဟန့်အတားဖြစ်နေတာတွေကို ဖြေရှင်းနိုင်ဖို့ လမ်းပြမြေပုံတခုရေးဆွဲဖို့ကိုလည်း အာဆီယံခေါင်းဆောင်တွေက အကြံပြုခဲ့ကြပါတယ်။

တရားဝင် ကိန်းဂဏန်းတွေအရ အာဆီယံ ၁၀ နိုင်ငံရဲ့ စုစုပေါင်း ကုန်သွယ်မှုတန်ဖိုးဟာ ၂၀၁၁ ခုနှစ်မှာ ၁၇ ရာခိုင်နှုန်းအထိ တိုးတက်လာတာ တွေ့ရပါတယ်၊ အာဆီယံနိုင်ငံတွေ အချင်းချင်းကြား ကုန်သွယ်မှုတန်ဖိုးကလဲ တနှစ် တနှစ်ကို ၁၅ ရာခိုင်နှုန်းတိုးလာနေပါတယ်၊ ဒါ့အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုသစ်တွေကိုလဲ အာဆီယံနိုင်ငံတွေက ဆက်ပြီး စွဲဆောင်နေပါတယ်၊ 2011 ခုနှစ်က အာဆီယံဒေသတွင်း နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှပ်နှံမှု တန်ဖိုးက ဒေါ်လာ 114 ဘီလျံရှိပါတယ်။

ကမ္ဘာ့စီးပွားရေး တိုးတက်နှုန်း နှေးကွေးနေချိန်မှာ အရှေ့တောင် အာရှနိုင်ငံတွေရဲ့ စီးပွားရေးတိုးတက်မှုက စံချိန်တင်လောက်အောင် ခိုင်မာနေပါတယ်၊ ဒါပေမဲ့ အာဆီယံအဖွဲ့တွင်း Singapore မလေးရှား Brunei တို့လို ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံမျိုးတွေနဲ့ နိုင်ငံတကာနဲ့ ကုန်သွယ်မှု ရင်းနှီးမြှပ်နှံမှုတွေကို အခုမှ စတင်ဖွင့်ပေးနေတဲ့ မြန်မာနဲ့ Laos လိုနိုင်ငံတွေမျိုးတွေက တခုတည်းသော စီးပွားရေးအသိုင်းအဝိုင်းကြီးထဲကို အခက်အခဲ မရှိ တသားထဲ ဝင်ရောက်နိုင်မှာလား ဆိုတာကိုလဲ လေ့လာသူတွေ က မေးခွန်းထုတ်နေကြပါတယ်။
XS
SM
MD
LG