သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေ ဘရူနိုင်းမှာဆွေးနွေး


အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲ။ (ဇွန် ၃၀ ရက်၊ ၂၀၁၃)။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲ။ (ဇွန် ၃၀ ရက်၊ ၂၀၁၃)။
၄၆ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲကို ဘရူနိုင်း (Brunei) နိုင်ငံ ဘန်ဒါဆရီဘန်ဂဝန် (Bandar Seri Begawan) မြို့တော်မှာ ဒီကနေ့ ကျင်းပပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့အပြင် တရုတ်၊ ဂျပန် စတဲ့ နိုင်ငံတွေကြား သူပိုင်ကိုယ်ပိုင် အငြင်းပွားနေတဲ့ ကျွန်းတွေ ရှိရာ တောင်တရုတ် ပင်လယ်ထဲမှာ မဖြစ်မနေ လိုက်နာရမယ့် စည်းမျဉ်းတွေကို အခုဆွေးနွေးပွဲကနေ သဘောတူမှု ရရှိနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

ဘန်ဒါဆရီဘန်ဂဝန်မှာ ရောက်နေတဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Seri Anifah Aman တို့ မနေ့တုန်းက သီးခြား အလွတ်သဘော တွေ့ဆုံခဲ့ကြတာမှာ မြန်မာနိုင်ငံက လူမှုအသိုင်းအဝိုင်းတွေကြားမှာ အကြမ်းဖက်မှုတွေ ရှိနေတဲ့ကိစ္စကို မြန်မာအစိုးရအနေနဲ့ အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းဖို့ မလေးရှားဘက်က တိုက်တွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံမှာဖြစ်တဲ့ ပဋိပက္ခတွေဟာ မလေးရှားနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေမှာပါ သက်ရောက်မှုရှိနေတဲ့ အပေါ်မှာ စိုးရိမ်တဲ့အကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံခြားရေးဝန်ကြီးကို ပြောကြား ခဲ့တယ်လို့ မလေးရှားဆိုင်ရာ အာဆီယံရုံးက ထုတ်ပြန်တဲ့ ကြေညာချက် ထဲမှာ ဖော်ပြထားပါတယ်။ အကြမ်းဖက်မှုတွေကို ကျူးလွန်သူတွေ ကိုလည်း မြင်သာထင်သာ ရှိပြီး တရားမျှမျှတတနဲ့ ဥပဒေကြောင်းကနေ အရေးယူဖို့ မြန်မာအစိုးရကို မလေးရှားက တိုက်တွန်းခဲ့ပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ သက်ဆိုင်တဲ့ စည်းဝေးပွဲတွေကို ဇွန်လ ၂၉ ရက်နေ့ကနေ ဇူလိုင်လ ၂ ရက်နေ့အထိ ဘရူနိုင်းနိုင်ငံမှာ ကျင်းပနေတာပါ။ ARF အာဆီယံဒေသတွင်း ဆွေးနွေးပွဲကိုတော့ ဇူလိုင်လ ၂ ရက်နေ့ အင်္ဂါနေ့မှာ ကျင်းပမှာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကို အာဆီယံဝန်ကြီးတွေ
အပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (John Kerry) အပါအဝင် ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ရုရှား စတဲ့နိုင်ငံတွေ က နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။
XS
SM
MD
LG