သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ မုန်တိုင်းသင့်ဒေသတွေအတွက် အကူအညီ အာဆီယံပေးပို့


အင်ဒိုနီးရှားနိုင်ငံ Labuan Bajo မှာကျင်းပတဲ့ ၄၂ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေကို တွေ့ရစဉ် (မေ ၁၁၊ ၂၀၂၃)
အင်ဒိုနီးရှားနိုင်ငံ Labuan Bajo မှာကျင်းပတဲ့ ၄၂ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေကို တွေ့ရစဉ် (မေ ၁၁၊ ၂၀၂၃)

မိုခါမုန်တိုင်း ဒုက္ခသည်တွေအတွက် အာဆီယံကပေးတဲ့ ကူညီထောက်ပံ့ရေးပစ္စည်းတွေ မနက်ဖြန် တနင်္ဂနွေနေ့ကျရင် မြန်မာနိုင်ငံကို ရောက်ရှိမယ်လို့ Bernama သတင်းဌာနက ရေးပါတယ်။

မလေးရှားနိုင်ငံ Subang မြို့နဲ့ ထိုင်းနိုင်ငံ Chainat မြို့တွေမှာရှိတဲ့ သဘာဝဘေးဒဏ် အရေးပေါ် တုံ့ပြန်ရေး အာဆီယံ ထောက်ပို့ဂိုဒေါင်တွေက ထောက်ပံ့ရေးပစ္စည်းတွေ ဖြစ်တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဌာနက ပြောပါတယ်။

မေလ ၂၂ ဒါမှမဟုတ် ၂၃ ရက်နေ့ကျရင်လည်း အင်ဒိုနီးရှား၊ စင်္ကာပူနဲ့ ထိုင်းနိုင်ငံတွေက လူသားချင်း စာနာအကူအညီပေးရေး စစ်လေယာဉ်နဲ့ အကူအညီတွေ ထပ်ပြီးပို့ပေးမယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ရေးထားတဲ့အကြောင်း သတင်းမှာ ကိုးကားဖော်ပြပါတယ်။ လူသားချင်းစာနာမှု အကူအညီဆိုင်ရာ အာဆီယံညှိနှိုင်းရေးရုံး အမှုဆောင်ညွန်ကြားရေးမှူး၊ အရေးပေါ် တုံ့ပြန်ရေးနဲ့ သုံးသပ်ရေးအဖွဲ့က အင်ဒိုနီးရှား၊ ဘရူနိုင်း၊ စင်္ကာပူ၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံ ကိုယ်စားလှယ်တွေ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးက ကိုယ်စားလှယ်တွေလည်း မြန်မာနိုင်ငံမှာ ရောက်နေကြပြီး အရေးပေါ် လိုအပ်ချက်တွေကို လေ့လာဆန်းစစ် နေကြတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီအတောအတွင်း G7 ထိပ်သီး စည်းဝေးပွဲအတွက် ဂျပန်နိုင်ငံမှာ ရောက်နေတဲ့ အင်ဒိုနီးရှားသမ္မတ Joko Widodo နဲ့ ကနေဒါသမ္မတ Justin Trudeau တို့ ဒီနေ့ သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ကြတာမှာ မြန်မာနိုင်ငံအရေး ဆွေးနွေးခဲ့ကြပါတယ်။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေအပြင် အာဆီယံအဖွဲ့အကြောင်း ဆွေးနွေးစဉ် မြန်မာနိုင်ငံ အခြေအနေကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြတာပါ။

မြန်မာအပါအဝင် အာဆီယံနိုင်ငံတွေရဲ့ တည်ငြိမ် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စတွေ ဆွေးနွေးခဲ့ကြတဲ့ အကြောင်းနဲ့ အာဆီယံ-ကနေဒါ ထိပ်သီးဆွေးနွေးပွဲကို ဒီနှစ် စက်တင်ဘာလထဲ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမယ်လို့ သမ္မတ Jokowi က ပြောတဲ့အကြောင်း အင်ဒိုနီးရှားသတင်းတွေမှာ ရေးသားထားပါတယ်။

XS
SM
MD
LG