သုံးရလွယ်ကူစေသည့် Link များ

တောင်တရုတ် ပင်လယ်ပြင်ပဋိပက္ခ အာဆီယံနဲ့အမေရိကန်မှာ တာဝန်ရှိ


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry (ဝဲ) နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့ နေပြည်တော် အာဆီယံအစည်းအဝေးမှာ တွေ့ရစဉ်။ (သြဂုတ် ၉၊ ၂၀၁၄)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry (ဝဲ) နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့ နေပြည်တော် အာဆီယံအစည်းအဝေးမှာ တွေ့ရစဉ်။ (သြဂုတ် ၉၊ ၂၀၁၄)

တောင်တရုတ်ပင်လယ်ပြင်အတွင်း ရေပြင်ပိုင်နက်ဆိုင်ရာ အငြင်းပွားမှုတွေကို ဖြေရှင်းရေး အာဆီယံအဖွဲ့နဲ့ အမေရိကန်ပြည်ထောင်စုတို့မှာ တာဝန်ရှိတယ်လို့ အမေရိကန် ထိပ်တန်းသံတမန်က ပြောလိုက်ပါတယ်။ တဖက်မှာလည်း တရုတ်ရဲ့အကျိုးစီးပွားကို အခိုင်အမာ ကာကွယ်သွားမှာဖြစ်တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုထားတာပါ။ နေပြည်တော်မှာ လက်ရှိကျင်းပနေတဲ့ အာဆီယံ အစည်းအဝေးတွေအတွင်း စနေနေ့မှာ တောင်တရုတ် ပင်လယ်ပြင်အရေး ထုတ်ဖော်ပြောဆိုမှုတွေကိုတော့ မသိင်္ဂ ီထိုက်က စုစည်း တင်ပြပေးထားပါတယ်။

သဘာဝအရင်းအမြစ်တွေ ကြွယ်ဝပြီး ကုန်သွယ်ရေးအတွက်ပါ အရေးပါတဲ့ တောင်တရုတ် ပင်လယ်ပြင်အတွင်းက ရေပြင်ပိုင်နက်တချို့ကို တရုတ်ကတဖက်၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြတဲ့ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နိုင်ငံတွေအပြင် ထိုင်ဝမ်တို့နဲ့ပါ အသီးသီး အငြင်းပွားနေတာ ဖြစ်ပါတယ်။ ဒီတောင်တရုတ် ပင်လယ်ပြင်အရေး ပိုင်ဆိုင်မှုအငြင်းပွားမှုဟာဆိုရင် အာဆီယံအစည်းအဝေးတိုင်းမှာ ပါဝင်နေတဲ့ကိစ္စ ဖြစ်ပါတယ်။ လတ်တလော နေပြည်တော်မှာ ကျင်းပနေတဲ့ စနေနေ့ အာဆီယံအစည်းအဝေးပွဲအတွင်းမှာတော့ တောင်တရုတ်ပင်လယ်ပြင် ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ကိစ္စတွေကို ဖြေရှင်းဖို့ အာဆီယံနဲ့ အမေရိကန်ပြည်ထောင်စုတို့မှာ တာဝန်ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောဆိုလိုက်ပါတယ်။

“အရေးပါတဲ့ ကမ္ဘာ့ပင်လယ်ပြင်တွေနဲ့ ဆိပ်ကမ်းတွေရဲ့ ရေကြောင်း လုံခြုံရေးဆိုင်ရာလုံခြုံရေး အသေအချာ ရှိအောင် ဆောင်ရွက်ဖို့ အမေရိကန်ပြည်ထောင်စုနဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့- အာဆီယံတို့မှာ တာဝန်ရှိပါတယ်။ တောင်တရုတ်ပင်လယ်ပြင်အတွင်းက တင်းမာမှုတွေကို ကိုင်တွယ်ဖို့၊ ငြိမ်းချမ်းစွာဆောင်ရွက်နိုင်ဖို့၊ အတူတကွ လက်တွဲလုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ နောက် ဒီအရေးကို လုပ်ဆောင်ရာမှာ နိုင်ငံတကာဥပဒေ အခြေခံနဲ့ ဆောင်ရွက်ကြရမှာပါ။ ဒီအဖြစ်အပျက်တွေဟာ ဒိဒေသတွင်းနဲ့ အမေရိကန်ရဲ့ အရေးကိစ္စလို့ လျှော့တွက်လို့ မရပါဘူး။ အရှေ့တောင်အာရှဒေသမှာ နိုင်ငံတကာဥပဒေပေါ်ကို အခြေခံပြီး ဖွံ့ဖြိုးတိုးတက်မှုတွေကို ဆက်လက်တွေ့မြင်ရဖို့အရေးက တကမ္ဘာလုံးရဲ့အရေး ဖြစ်ပါတယ်။”

တရုတ်တို့ကတော့ မကြာသေးခင်ကပဲ ဗီယက်နမ်နဲ့ ပိုင်နက်အငြင်းပွားနေတဲ့ နေရာတွေမှာ ရေနံရှာဖွေရေးကို တဖက်သတ် ဝင်ရောက် လုပ်ဆောင်မှုကြောင့် တရုတ်နဲ့ ဗီယက်နမ်ကြား တင်းမာမှုတချို့ ဖြစ်ခဲ့သေးတာပါ။ စနေနေ့ နေပြည်တော် အာဆီယံ အစည်းအဝေးအတွင်း သတင်းထောက်တွေနဲ့ တွေ့ဆုံတာမှာတော့ တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi က အခြေအမြစ်မရှိ ရန်စတဲ့လုပ်ရပ်တွေ ရှိလာရင်တော့ တရုတ်တို့က ပြတ်ပြတ်သားသား တုံ့ပြန်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

“တရုတ်ရဲ့ အချုပ်အခြာအာဏာ တည်မြဲဖို့ ရေကြောင်းဆိုင်ရာ အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို ထိန်းသိမ်းစောင့်ရှောက်ရေးအပေါ် တရုတ်ရဲ့ရပ်တည်ချက်ဟာ ခိုင်မာပြီး ပြောင်းလဲလို့လည်း မရနိုင်ပါဘူး”-လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်းရီက ပြောခဲ့တာပါ။

"တချိန်တည်းမှာပဲ အငြင်းပွားမှု တစ်ခုချင်းစီအလိုက် ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့ အတွက် တရင်းတနှီးအကြံဉာဏ်ပေး စေ့စပ်ညှိနှိုင်းရေးကို တရုတ်ဘက်က ဆက်လက်ဆောင်ရွက်ဖို့ အဆင့်သင့်ပါပဲ"-လို့ သူက ပြောခဲ့တာပါ။

"တရုတ်နိုင်ငံအနေနဲ့ နိုင်ငံကြီးတခုရဲ့ တာဝန်ယူရမှုရှိတာနဲ့အညီ ရှေ့ဆက်ပြီး စိတ်ရှည် သည်းခံသွားဖို့ အဆင်သင့်ရှိနေပါတယ်။ ဒါပေမယ့် အခြေအမြစ်မရှိတဲ့ ရန်စတဲ့လှုပ်ရှားမှုတွေကိုတော့ တရုတ်ဘက်က ရှင်းလင်းအောင် ဆောင်ရွက်ပြီး ခိုင်မာတဲ့တုံ့ပြန်မှုတွေ လုပ်သွားမှာပါ"-လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

တောင်တရုတ် ပင်လယ်ပြင်အတွင်း ရေပိုင်နက် အငြင်းပွားနေတဲ့ ကျွန်းတချို့အပေါ်မှာ တရုတ်တို့က မီးပြတိုက်တွေ တည်ဆောက်သွားမယ် ဆိုပြီးလည်း ဒီသီတင်းပတ်အတွင်းမှာပဲ တရုတ် နိုင်ငံပိုင်သတင်းတွေမှာ ဖော်ပြကြပါတယ်။ အာဆီယံနိုင်ငံတချို့နဲ့ တရုတ်နိုင်ငံကြား ရေပြင်ပိုင်နက်ဆိုင်ရာ အငြင်းပွားမှုတွေအပေါ်မှာတော့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ မြန်မာနိုင်ငံက ဘက်လိုက် ရပ်တည်မှာမဟုတ်ဘဲ သက်ဆိုင်ရာ နိုင်ငံတွေအကြား ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာရေးအတွက် တရုတ်နဲ့ မြန်မာအကြား ရင်းနှီးတဲ့ဆက်ဆံရေးကို အသုံးချပြီး ကြားဝင် ဆောင်ရွက်မှာဖြစ်တယ်လို့ မြန်မာဘက်က ပြောဆိုထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG