သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ ကြေညာချက် တောင်တရုတ်ပင်လယ်ရေး တိုက်ရိုက်ဖော်ပြခြင်းမရှိ


ASEAN Foreign Ministry Meeting in Laos
ASEAN Foreign Ministry Meeting in Laos

အာဆီယံဒေသတွင်းမှာ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်ရေး ဆက်လက် တည်မြဲအောင် ဆောင်ရွက်သွားကြဖို့အတွက် လာအိုနိုင်ငံ Vientiane မြို့တော်မှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ သဘောတူခဲ့ကြပါတယ်။ ဒါပေမဲ့ အာဆီယံနိုင်ငံတချို့နဲ့ တရုတ်နိုင်ငံကြား ရေပြင်ပိုင်နက် အငြင်းပွားမှု ကိစ္စနဲ့ ပါတ်သက်လို့ ဒီကြေညာချက်ထဲမှာ တရုတ်အပေါ် တိုက်ရိုက် ပြစ်တင်ဝေဖန်တာမျိုး မပါဝင်ပါဘူး။

တောင်တရုတ်ပင်လယ်ထဲက ရေပြင်နယ်နိမိတ် နေရာအများစုကို တရုတ်နိုင်ငံက ပိုင်ဆိုင်တယ်လို့ ပြောနေတာ မမှန်ဘူးလို့ နိုင်ငံများကြား အငြင်းပွားမှု ဖြေရှင်းရေး ခုံသမာဓိအဖွဲ့ PCA ရဲ့ ဆုံးဖြတ်ချက်ကို နိုင်ငံခြားရေးဝန်ကြီးများ ပူးတွဲ ကြေညာချက်ထဲမှာ ဖိလစ်ပိုင်နဲ့ Vietnam နိုင်ငံတို့က ထည့်သွင်းဖို့ လိုလားခဲ့ပါတယ်။

The Hague မှာရှိတဲ့ ခုံသမာဓိအဖွဲ့ ဇူလိုင်လ ၁၂ ရက်နေ့က ချခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် အာဆီယံနိုင်ငံတွေဖက်ကလဲ ကြေညာချက်ထုတ်ပြန်ဖို့ အမေရိကန်က လိုလားပါတယ်။ လာအိုနိုင်ငံခြားရေးဝန်ကြီး အပါအဝင် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ သီးခြားစီ တွေ့ဆုံစဉ်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ကလဲ တိုက်တွန်းခဲ့ပါတယ်။

ဒါပေမဲ့ Cambodia နိုင်ငံက ကန့်ကွက်ခဲ့တဲ့အတွက် အာဆီယံရဲ့ အဖွဲ့ဝင်အားလုံး သဘောတူညီမှုလိုတယ်ဆိုတဲ့ မူအရ ကြေညာချက် ထုတ်ပြန်ချိန်မှာ ဒီကိစ္စကို တစုံတရာဖော်ပြခြင်း မရှိခဲ့ပါဘူး။ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ အဲဒီနိုင်ငံတွေရဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ ငြိမ်းချမ်း၊ တည်ငြိမ်၊ လုံခြုံရေးဆက်လက် တည်မြဲရေးအတွက် ဆောင်ရွက်ကြဖို့နဲ့ ဒေသတွင်း တင်းမာမှုတွေဖြစ်စေနိုင်တဲ့ ကိစ္စမျိုးကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့ အတွက်ကိုပဲ တနင်္လာနေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

တနင်္လာနေ့ အစောပိုင်းတုန်းကတော့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အာဆီယံ နိုင်ငံခြားရေးတွေနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့ ဆွေးနွေးကြပါတယ်။

ဆွေးနွေးပွဲအပြီး အာဆီယံနဲ့ တရုတ်နိုင်ငံကြား ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ နိုင်ငံတကာဥပဒေတွေနဲ့ ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီချက် UNCLOS အတိုင်း တောင်တရုတ်ပင်လယ်ထဲမှာ ရေကြောင်းသွားလာမှုနဲ့ လေကြောင်းပျံသန်းမှုတွေကို လွတ်လွတ်လပ်လပ် သွားလာ ပျံသန်းနိုင်ရေးကို လေးစားလိုက်နာဖို့ ထပ်လောင်း သဘောတူညီခဲ့ပါတယ်။ အမေရိကန်၊ ဂျပန်နဲ့ Australia ၃ နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးတွေ သီးခြားတွေ့ဆုံတဲ့ ၃ နိုင်ငံဗြူဟာမြောက် ဆွေးနွေးပွဲမှာတော့ တရုတ်နဲ့ ဖိလစ်ပိုင်ရေပြင်နယ်နိမိတ် ကိစ္စနဲ့ပါတ်သက်လို့ PCA ခုံသမာဓိအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို အခိုင်အမာ ထောက်ခံတယ်လို့ ပြောကြားခဲ့ကြပါတယ်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ စည်းဝေးပွဲကို ဒီကနေ့ အင်္ဂါနေ့မှာ နောက်ဆုံးနေ့အဖြစ် ဆက်ပြီး ကျင်းပမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG