သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥက္ကဋ္ဌရာထူးအတွက် မြန်မာနိုင်ငံကို အာဆီယံ စောင့်ကြည့်မည်


အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင် ပစ်ဆူဝန်။
အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင် ပစ်ဆူဝန်။

မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ်ကျရင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးမယ်၊ မပေးဘူး ဆိုတာကို မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး အလားအလာကို ကြည့်ပြီးမှ ဆုံးဖြတ်မယ်လို့ အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင် ပစ်ဆူဝန် (Dr. Surin Pitsuwan) က ပြောကြားလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု ဝါရှန်တန်ဒီစီမြို့တော်မှာ ပြုလုပ်ခဲ့တဲ့ ဒီမိုကရေစီ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနဲ့ ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲ အတွင်းမှာ ဒေါက်တာ ဆူရင် ပစ်ဆူဝန်က အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ အခမ်းအနားကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

သမ္မတ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဦးဆောင်တဲ့ မြန်မာအစိုးရက ၂၀၁၄ ခုနှစ်မှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ လုပ်ချင်တယ်လို့ ပြောခဲ့ပြီးကတည်းက မြန်မာနိုင်ငံဟာ အာဆီယံဥက္ကဋ္ဌ လုပ်ဖို့ အဆင်သင့် ဖြစ်မဖြစ်၊ သင့်တော် မသင့်တော်ဆိုတဲ့ မေးခွန်းတွေ ထွက်နေခဲ့တာ ဖြစ်သလို ကန့်ကွက် ပြောဆိုတာတွေကလည်း ရှိနေတာပါ။

အလှည့်ကျဥက္ကဋ္ဌဆိုတာ အလိုအလျောက်ဖြစ်တာ မဟုတ်ဘဲ အာဆီယံ ခေါင်းဆောင်တွေက ဆုံးဖြတ်မှာ ဖြစ်ပြီးတော့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေက ဒီကိစ္စကို သေသေချာချာ လေ့လာစူးစမ်းဖို့ အာဆီယံ ခေါင်းဆောင်တွေ ဆုံးဖြတ်ထားတယ်လို့ ဒေါက်တာ ဆူရင် ပစ်ဆူဝန်က ဗွီအိုအေကို ပြောပါတယ်။

“၂၀၁၄ ဆိုတဲ့ ခုနှစ်နဲ့ ပတ်သက်ပြီး အချက်အလက်တွေ ပိုသိရတဲ့အထိ၊ သူတို့အနေနဲ့ ပိုပြီးတော့ ခိုင်ခိုင်မာမာ စိတ်ချ ယုံကြည်ရတဲ့အထိ ဆုံးဖြတ်ချက်ချဖို့ကို ရွှေ့ဆိုင်းထားသင့်တယ်လို့ အာဆီယံ ခေါင်းဆောင်တွေက ပြီးခဲ့တဲ့ မေလ ၇ ရက်၊ ၈ ရက် အစည်းအဝေးအတွင်း ဆုံးဖြတ်ထားပါတယ်။” လို့ မစ္စတာ ပစ်ဆူဝန်က ပြောပါတယ်။

ဘာ့ကြောင့်လဲဆိုတော့ အာဆီယံအဖွဲ့ဟာ ကိစ္စရပ် အများအပြားမှာ နိုင်ငံတကာ အသိုက်အဝန်းနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက် လုပ်ကိုင်ရမှာကြောင့် ဖြစ်တယ်လို့ သူက ဆိုပါတယ်။ ထင်မြင်ချက် အမျိုးမျိုး၊ စိတ်ကူးအတွေး အမျိုးမျိုးကို နားထောင်တာဟာ နှိုင်းနှိုင်းချိန်ချိန် လုပ်ဆောင်ရာ ကျပါတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ လုပ်ဖို့ အချိန်မကျသေးဘူးလို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောထားသလို အာဆီယံအနေနဲ့ မြန်မာကို ဥက္ကဋ္ဌလုပ်ခွင့် မပေးသင့်ဘူးလို့ ဗြိတိန်နိုင်ငံကလည်း ပြောထားတာပါ။

လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ (Marty Natatlegawa) ဦးဆောင်တဲ့ အဖွဲ့တဖွဲ့ဟာ မြန်မာနိုင်ငံက ဖြစ်ပေါ်တိုးတက်မှုတွေကို ကိုယ်တိုင်လေ့လာ ကြည့်ရှုပြီး သက်ဆိုင်သူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ မြန်မာနိုင်ငံဆီ လာဖို့ရှိပါတယ်။ ဘယ်တော့ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

လာမယ့် နိုဝင်ဘာလကျရင် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ အာဆီယံ ခေါင်းဆောင်တွေရဲ့ ထိပ်သီး အစည်းအဝေးရှိပြီး အဲဒီမှာ ဒီကိစ္စကို ဆုံးဖြတ်ချက် ချမယ် မချဘူးဆိုတာ မသေချာသေးပါဘူး။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ကနေ ဘယ်လို အချက်အလက်တွေ သိရမယ် ဆိုတာရယ်၊ ဆုံးဖြတ်ချက်ချဖို့ သူတို့အနေနဲ့ အခိုင်အမာ စိတ်ချယုံကြည်မှု ရှိတယ် မရှိဘူး ဆိုတာတွေကို ခေါင်းဆောင်တွေ စောင့်ကြည့်ရမှာ ဖြစ်တယ်လို့လည်း အာဆီယံ အတွင်းရေးမှူးချုပ်က ပြောပါတယ်။

အာဆီယံ ခေါင်းဆောင်တွေ အနေနဲ့ကတော့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ဖြစ်ချင် မြင်ချင်သလိုပဲ မြန်မာနိုင်ငံကို ဖြစ်စေချင်ပါတယ်လို့လည်း သူက ဆိုပါတယ်။

“မြန်မာလူထုတွေ ဖြစ်ချင်သလိုပါပဲ၊ အာဆီယံ ခေါင်းဆောင်တွေ အနေနဲ့လည်း မြန်မာနိုင်ငံမှာ တည်ငြိမ်မှု ရှိစေချင်ပါတယ်။ စစ်မှန်တဲ့ ရင်ကြားစေ့ရေး ဖြစ်တာကို မြင်ချင်ပါတယ်။ မြန်မာလူထုအတွက် ပိုပြီး တည်ငြိမ်မှုရှိတဲ့၊ ပိုပြီးတော့ ပွင့်လင်းတဲ့ အခြေအနေဆီ ဦးတည်တဲ့ လမ်းကြောင်းကို လျှောက်လှမ်းချင်ပါတယ်လို့ မြန်မာနိုင်ငံက ကြေညာထားခဲ့ဖူးတဲ့အတိုင်း လျှောက်လှမ်းတာကို မြင်ချင်ကြပါတယ်။” လို့ မစ္စတာ ပစ်ဆူဝန်က ပြောပါတယ်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတိုင်း လုပ်ဆောင်သွားမယ် ဆိုတာကို မြန်မာနိုင်ငံက ကတိပေးထားပြီး အဲဒါကိုကပဲ အာဆီယံနဲ့ ဆွေးနွေးဘက် နိုင်ငံတွေအကြား၊ နိုင်ငံတကာ အသိုက်အဝန်း အကြားမှာ အချေအတင် ပြောစရာကိစ္စ ဖြစ်နေရတာပါလို့ မစ္စတာ ပစ်ဆူဝန်က ပြောပါတယ်။ အဲဒီလုပ်ငန်းစဉ်ကို အားကောင်းအောင် လုပ်ဆောင်တဲ့ နည်းလမ်းမှန်သမျှဟာ အာဆီယံ အဖွဲ့အတွက် ဆွေးနွေးဘက် နိုင်ငံတွေနဲ့ ဆက်ဆံတဲ့နေရာမှာ၊ ပြဿနာ အရပ်ရပ်ကို ဖြေရှင်းတဲ့ နေရာမှာ ထိရောက်ပါလိမ့်မယ်လို့လည်း ဆိုပါတယ်။

“ကျနော်တို့ဟာ ဒေသတွင်းမှာ ကပ်ရောဂါ ဘေးအန္တရာယ်တွေ၊ သဘာ၀ ဘေးအန္တရာယ်တွေ၊ စီးပွားရေး နာလန်ထူရေး ကိစ္စတွေ၊ အလုပ်အကိုင်၊ ရွှေ့ပြောင်းအလုပ်သမား ကိစ္စ၊ ကျန်းမာရေးကိစ္စ စတာတွေကို အတူတကွ ရင်ဆိုင်နေကြရတာပါ။ ဒီကိစ္စတွေ အားလုံးမှာ အဖွဲ့ဝင်အားလုံးရဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ အာဆီယံ လုပ်ငန်းစဉ်အတိုင်း ထိထိရောက်ရောက် လုပ်ဆောင်သွားဖို့ အဆင်သင့်ဖြစ်ပြီ ဆိုတာနဲ့၊ ပြင်ဆင်ထားပြီးပြီ ဆိုတာနဲ့ ကျနော်တို့ဟာ ဆွေးနွေးဘက် နိုင်ငံတွေဆီကနေ အပြည့်အ၀ ထောက်ခံမှု၊ ပူးပေါင်းဆောင်ရွက်မှု ရမှာဖြစ်ပြီးတော့ အဲဒါဟာ အာဆီယံအတွက် ပိုကောင်းပါလိမ့်မယ်။” လို့ မစ္စတာ ပစ်ဆူဝန်က ပြောပါတယ်။

မြန်မာအစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ပေးတယ်ဆိုပြီး သေဒဏ်ကျနေသူတွေ တသက်တကျွန်းပြောင်း၊ ကျန်သူတွေ ထောင်ဒဏ် တနှစ်လျော့ဆိုတဲ့ အမိန့်ကြောင့် အကျဉ်းသားပေါင်း ၁၄,၀၀၀ ကျော် လွတ်လာတဲ့ အထဲမှာ နိုင်ငံရေး အကျဉ်းသားက ၄၀ ပတ်ဝန်းကျင်ပဲ ပါပါတယ်။ ဒါပေမဲ့လည်း အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင် ပစ်ဆူဝန်ကတော့ ဒါကို အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုလို့ မြင်ပြီး ဆက်ပြီးလုပ်သွားဖို့ အားပေးရမယ်လို့ ပြောခဲ့ပါတယ်။

XS
SM
MD
LG