သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးဆွေးနွေးဖို့ အစိုးရသစ် တံခါးဖွင့်ထားမည်


နိုင်ငံရေးဆွေးနွေးဖို့ အစိုးရသစ် တံခါးဖွင့်ထားမည်
နိုင်ငံရေးဆွေးနွေးဖို့ အစိုးရသစ် တံခါးဖွင့်ထားမည်

နိုင်ငံရေး ဆွေးနွေးမှုတွေအတွက် တံခါးဖွင့်ထားတဲ့အကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးသစ်က အာဆီယံ အစည်းအဝေးပွဲမှာ ပြောလိုက်ပါတယ်။

မြန်မာအစိုးရအဖွဲ့ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာ့နိုင်ငံရေးမှာ သက်ဆိုင်သူ အားလုံးနဲ့ ဆက်သွယ်သွားဖို့ တံခါးဖွင့်ထားပါတယ်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးအသစ်က ပြောလိုက်ပါတယ်။ ထိုင်း နိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ကျင်းပပြီးစီးခဲ့တဲ့ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ ASEAN နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးအတွင်းမှာ အဲဒီလို ပြောခဲ့တာပါ။

မြန်မာနိုင်ငံခြားရေးဝန်ကြီးရဲ့ အခုလိုပြောဆိုချက်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် NLD ကလည်း ကြိုဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။
အရှေ့အာရှ ထိပ်သီးအစည်းအဝေးဆိုင်ရာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အလွတ်သဘော အထူးအစည်းအဝေးကို ဘန်ကောက်မြို့တော်မှာ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံခြားရေး ဝန်ကြီးသစ် ဦးဝဏ္ဏမောင်လွင်လည်း အဲဒီအစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။

အစည်းအဝေး အတွင်းမှာ မြန်မာနိုင်ငံက နောက်ဆုံး အခြေအနေတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံခြားရေး ဝန်ကြီးက အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေကို ပြောပြခဲ့တာမှာ မြန်မာနိုင်ငံမှာ သက်ဆိုင်သူအားလုံးနဲ့ အဆက်အသွယ် လုပ်သွားရေး တံခါး ဖွင့်ထားပါတယ်လို့ ထည့်သွင်း ပြောဆိုခဲ့တဲ့အကြောင်း အာဆီယံအဖွဲ့ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာရ်တီ နာတာလီဂါဝါ (Marty Natalegawa) က သတင်းထောက်တွေကို ပြန်ပြောပြခဲ့ပါတယ်။

“ကျနော်တို့ကို ပြန်မျှဝေပြောပြခဲ့တဲ့ အဓိက အချက်တွေထဲမှာ သက်ဆိုင်သူအားလုံးနဲ့ ဆက်သွယ်သွားဖို့ တံခါးဖွင့်ထားတယ် ဆိုတာလည်း ပါဝင်ပါတယ်။ အာဆီယံဥက္ကဋ္ဌ အနေနဲ့မဟုတ်ဘဲ အင်ဒိုနီးရှား နိုင်ငံအနေနဲ့ ကျနော်ဟာ ဒေါ်အောင်ဆန်းစု ကြည်နဲ့ အကြိမ်အတော်များများ စကားပြောခဲ့ဖူးပါတယ်။ သူဟာ မြန်မာအစိုးရ အဖွဲ့သစ်နဲ့ ဆက်သွယ် လုပ်ဆောင်သွားဖို့ မျှော်လင့်ထားတယ်ဆိုတာ ကျနော်သိပါတယ်။ အစိုးရအဖွဲ့ကလည်း ဒီလိုအမြင်မျိုး ရှိတယ်ဆိုရင် ဆက်သွယ်တဲ့ကိစ္စဟာ ရည်ရွယ်ချက် သက်သက် အနေနဲ့ မဟုတ်ဘဲ အစစ်အမှန် ဖြစ်လာသင့်ပါတယ်။”

ဦးဝဏ္ဏမောင်လွင်ရဲ့ အခုပြောစကားဟာ မြန်မာအစိုးရ အဖွဲ့သစ် ဖွဲ့စည်းပြီးတဲ့နောက်ပိုင်းမှာ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ ပထမဆုံးထွက်လာတဲ့ မှတ်ချက် ဖြစ်ပါတယ်။ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေကလည်း မြန်မာနိုင်ငံက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ တိုးတက်မှုတွေ ဆက်ရှိ သွားဖို့ လိုအပ်တယ်ဆိုတာကို အလေးအနက် ပြောခဲ့ကြတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်လို့ အင်ဒိုနီးရှားနိုင်ငံရဲ့ သဘောထားကိုလည်း မစ္စတာ နာတာလီဂါဝါက ပြောခဲ့ပါသေးတယ်။

“မြန်မာ့အရေးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အဖြေရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။ ဒါက ပကတိလက်တွေ့ အစစ်အမှန် အခြေအနေပါ။ ဒါ့ကြောင့် မြန်မာနိုင်ငံ အနာဂတ်မှာ သူပါဝင်ရပါမယ်၊ အနာဂတ် ဆွေးနွေးပွဲတွေမှာ သူ ပါဝင်ရပါမယ်။ ဒါက အင်ဒိုနီးရှားနိုင်ငံရဲ့ အမြင်ပါ၊ အာဆီယံဥက္ကဋ္ဌ အနေနဲ့ ကျနော်ပြောတာမဟုတ်ပါဘူး။”

မြန်မာနိုင်ငံခြားရေးဝန်ကြီးက ဒီလိုပြောခဲ့တာ မှန်တယ်ဆိုရင် ကြိုဆိုပါတယ်လို့ NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ သဘောထားအပေါ်လည်း တုံ့ပြန်မှတ်ချက်ပေးခဲ့ပါတယ်။

“ဒီလိုပြောတယ်ဆိုတာ ဟုတ်တယ်ဆိုရင်တော့ ကျနော်တို့ ကြိုဆိုပါတယ်။ ကျနော်တို့ ထိတွေ့ဆက်ဆံဖို့က အရေးကြီးပါတယ်။ ကျနော်တို့ ကြိုဆိုပါတယ်။ ကျနော်တို့ကလည်း ကိုယ်ပါဝင်ရမှ မဟုတ်ဘူး၊ တိုင်းပြည်အရေးအတွက် ဆောင်ရွက်ဖို့ လမ်းဖွင့်ပြီးတော့ dialogue (ဆွေးနွေးဖို့) တောင်းနေတာပါ။”

သမ္မတ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ဆီကို မကြာသေးခင်ရက်ပိုင်းကပဲ NLD က စာတစောင် ရေးသားပေးပို့ခဲ့ပါတယ်။ ဒါဟာလည်း အစိုးရအဖွဲ့သစ်ဆီကို NLD ဘက်က ပထမဆုံး စတင် ဆက်သွယ်ခဲ့တာဖြစ်ပါတယ်။

“ကျနော်တို့ ပို့ထားတာ မှန်ပါတယ်။ ဟိုအရင်တုန်းကတော့ ဆက်သွယ်ရေးဝန်ကြီးက ကျနော်တို့ ပို့တဲ့စာကို ၆ ရက်ကြာမှ ရတယ်လို့ ပြောဖူးတယ်လေ။ ကျနော်တို့ အဲဒါကို စောင့်ပါတယ်။”

အာဆီယံနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံကအခြေအနေတွေကို ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုလေ့လာနိုင်ဖို့ အာဆီယံ ကိုယ်စားလှယ်တွေကို မြန်မာနိုင်ငံလာရောက်ခွင့် ပြုဖို့ကိုလည်း ဘန်ကောက်အစည်းအဝေးအတွင်း ပြောခဲ့ကြတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးက ပြန်ပြောပြပါတယ်။ ဒီကမ်းလှမ်းချက်ကို မြန်မာတာဝန်ရှိသူတွေဘက်က ချက်ခြင်းအဖြေမပေးခဲ့ဘဲ အကြောင်းပြန်ပါ့မယ်လို့သာ ပြောခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကတော့ အမြန်ဆုံးဖြစ်လာဖို့ သူ့အနေနဲ့ မျှော်လင့်ပါတယ်လို့ သတင်း ထောက်တွေကို ပြောခဲ့ပါတယ်။

XS
SM
MD
LG