သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“အာဆီယံကို အင်ဒိုဦးဆောင်ချိန် မြန်မာ့အရေး ဖြေရှင်းနိုင်ဖို့အရေးကြီး” NUG ယာယီသမ္မတ


အင်ဒိုနီးရှားမှာကျင်းပတဲ့ ASEAN ညီလာခံတခု၊ မတ် ၃၀၊ ၂၀၂၃
အင်ဒိုနီးရှားမှာကျင်းပတဲ့ ASEAN ညီလာခံတခု၊ မတ် ၃၀၊ ၂၀၂၃
စစ်အာဏာရှင်စနစ်ကနေ ပြောင်းလဲလာတဲ့ အင်ဒိုနီးရှားနိုင်ငံက အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူနေ ချိန်မှာ ကျန်နေတဲ့အချိန်အတွင်း မြန်မာအရေးဦးဆောင်ဖြေရှင်းဖို့ အရေးကြီးကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)ရဲ့ ယာယီသမ္မတဒူဝါလရှီးလ ကဗွီအိုအေနဲ့သီးသန့်မေးမြန်းခန်းမှာ ပြောလိုက် ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken လည်း တက်ရောက်ဖို့ရှိတဲ့ အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများ အစည်းအဝေးနဲ့ အခြားဆက်စပ် အစည်းအဝေးတွေကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ မြို့တော်မှာကျင်းပဖို့ ရှိနေချိန် အခုလိုပြောလိုက်တာပါ။ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ရဲ့ ယာယီသမ္မတ ဒူဝါလရှီလကို ကိုငြိမ်းချမ်းအေးက Zoom ကနေ တဆင့် ဆက်သွယ် မေးမြန်းထားပါတယ်။
ငြိမ်းချမ်းအေး။ အာဆီယံရဲ့လုပ်ဆောင်မှု အပေါ်ဆိုရင် အခုအချိန်အထိ ဘယ်လောက်အထိ အားရ ကျေနပ်ပါသလဲ။ ဘာတွေ လိုအပ်သေးတယ်လို့ထင်ပါသလဲ ခင်ဗျာ။

ယာယီသမ္မတ ဒူဝါလရှီးလ။ ဟုတ်ကဲ့၊ ကျနော်တို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) မဖွဲ့ခင်မှာကို ဒါတွေ စဥ်းစားပြီးတော့ အာဆီယံထိပ်သီးညီလာခံနဲ့ အမီ ဖွဲ့ခဲ့ခြင်းဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရမယ်ဆိုရင် အာဆီယံထိပ်သီး ညီလာခံက သိပ်အရေး ကြီးတဲ့အတွက်ကြောင့် ကျနော်တို့ NUG အစိုးရကို အချိန်မီ ဖွဲ့စည်းခဲ့ရခြင်း ဖြစ်ပါတယ်။ အင်မတန်အရေးကြီးတယ်လို့ ကျနော်တို့က ခံယူပါတယ်။ ပြည်သူလူထုလည်း အဲဒီလိုပဲ ယုံကြည်ပါတယ်။ သူတို့အနေနဲ့ ထိထိရောက်‌ရောက် လုပ်ဆောင်မယ် ဆိုရင်တော့ အများကြီး အကျိုးရှိပါတယ်။ တကမ္ဘာလုံးကလည်း ASEAN Centrality ဆိုတဲ့ အာဆီယံ ဗဟိုနဲ့ ဖြေရှင်းနည်းဆိုပြီးတော့ အားလုံးက ထောက်ခံထားတာ ဖြစ်ပါတယ်။ ဒါကြောင့်မလို့ အင်မတန်မှ အရေးကြီးပါတယ်။ ဒီ အာဆီယံရဲ့ လုပ်ဆောင်ချက်ကြောင့် နိုင်ငံတကာဖက်မှာ တအားစစ်ရေး ချဲ့ထွင်တာမျိုး မဖြစ်အောင် လုပ်ဆောင်နိုင်တဲ့ အနေအထေား၊ နောက် ညင်ညင်သာသာနဲ့ ကိုင်တွယ်နိုင်တဲ့ အနေအထားမျိုးဖြစ်မယ်ဆိုတာ အားလုံးက ယုံကြည်ထားပြီးဖြစ်ပါတယ်။ ဒါကြောင့် အာဆီယံရဲ့ စဥ်းစားချက်က အင်မတန် ကောင်းပါတယ်။ အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅) ချက်ဆိုတာမှာ အဲဒီအချက်တွေ (၅) ချက်စလုံးက အင်မတန်ကောင်းတယ်လို့ ကျနော် အနေနဲ့ယူဆပါတယ်။ ခက်တာက အဲဒါကို မင်းအောင်လှိုင်နဲ့ အဖွဲ့က လက်ခံထားပြီးတော့ သူက သဘောတူထားပြီးလက်တွေ့မှာ မပါဝင်လာတဲ့ အတွက် အာဆီယံရဲ့ လုပ်ဆောင်ချက်က အကျိုးမသက် ရောက်သလိုဖြစ်ပါတယ်။ စဥ်းစားချက်က အရမ်းကောင်းပါတယ်။ စစ်ကောင်စီက ကန့်လန့် ကန့်လန့် လုပ်နေတဲ့ အတွက်ကြောင့်သာလျှင် ဒီလုပ်ငန်းတွေ မလုပ်ဖြစ်တာ ဖြစ်ပါတယ်။

ကျနော် အနေနဲ့ မြင်တာကတော့ အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅) ချက်မှာ လုပ်မယ့် အလုပ်ကို Time bound (အချိန်ကန့်သတ်) ထားတာ မရှိဘူး။ ဒါက နည်းနည်း လိုအပ်ချက် ရှိတယ်လို့ ထင်ပါတယ်။ ဘယ်အချိန်မှာ အပြီး လုပ်ရမယ် ဆိုတာမထားဘူး။ နောက် သဘောတူညီထားတဲ့ မလုပ်လို့ ရှိရင် အ‌ရေးယူဖို့ Action မပါဘူး၊ အဲဒါမပါဝင်ခဲ့တာတွေက နည်းနည်းလိုအပ်ချက် ဖြစ်ပါတယ်။ အခုအချိန်ဆိုရင် အင်ဒိုနီးရှား ဟာကျနော်တို့ရဲ့ ဘဝတူကနေ ပြောင်းလဲလာတဲ့ နိုင်ငံက ဥက္ကဋ္ဌ ဖြစ်‌နေတဲ့ အချိန်ကကျနော်တို့ အထူးပဲ အလေးထားပါတယ်။ အားလည်း ကိုးပါတယ်။ ဘာကြောင့်လဲဆိုတော့ ခံစားချက်လည်း တူတယ်။ ပြောင်းလဲ ချင်စိတ်လည်း အတူတူဖြစ်ပါတယ်။ အရင်တုန်းက သူတို့ ခံစားခဲ့ရသလို ကျနော်တို့ ခံစားနေရတယ် ဆိုတဲ့ ကျနော်တို့ ကိုယ်ချင်းစာနာမှု ရှိတဲ့နိုင်ငံက ဦးဆောင်နေတဲ့ အချိန်မှာ အမြန် ဖြစ်ချင်ပါတယ်။ ဒါပေမယ့် အခုအချိန် (၆) လလောက်တော့ ကျော်သွားပြီပေါ့နော်။ နောက်ထပ် ကျန်တဲ့ အချိန်မှာ အာဆီယံရဲ့၊ အင်ဒိုနီးရှားရဲ့ ဦးဆောင်မှုက ကျနော်တို့ အတွက် အရေးကြီးတယ်လို့ ကျနော် အနေနဲ့ သုံးသပ် တင်ပြချင်ပါတယ်။

ငြိမ်းချမ်းအေး။ ဟုတ်ကဲ့။ တဖက်မှာကျလည်း အာဆီယံက ပြည်တွင်းရေးကို ဝင်မစွက်တဲ့မူ ရှိပါတယ်။ တချို့ အဖွဲ့ဝင်တွေကလည်း အဲဒီမူကို ဆက် ဆုပ်ကိုင်ထားတာရှိတယ်။ တချို့ကတော့ ဒါကို မြန်မာ့အရေး၊ မြန်မာပြည်မှာ ငြိမ်းချမ်းရေးရဖို့ဆိုရင်ဒါမျိုးတွေကို ဖြေလျော့ရမယ်၊ ဝင်ရောက်ပတ်သက်ရမယ် ဆိုပြီး ပြောကြတာတွေရှိတယ်ပေါ့နော်။ အာဆီယံတဖွဲ့လုံး အနေနဲ့ ညီညွတ်တဲ့ နည်းဗျူဟာ၊ မြန်မာ့အရေးမှာ ညီညွတ်တဲ့နည်းဗျူဟာ၊ ဆုံးဖြတ်ချက်၊ ခုနသမ္မတကြီးထောက်ပြသလိုအလုပ် Action တခုခု ချမှတ်နိုင်ဖို့က လက်ရှိ အခင်းအကျင်းနဲ့ တကယ် ဖြစ်လာနိုင်ပါ့မလား ခင်ဗျာ။

ယာယီသမ္မတ ဒူဝါလရှီးလ။ ဟုတ်ကဲ့၊ ကျနော် အနေနဲ့ မြင်တာကတော့ အာဆီယံ မိသားစုဆိုတဲ့ စိတ်ဓာတ် မျိုးနဲ့ မားမားမတ်မတ် ရပ်တည်ဖို့ လိုပါတယ်။ သူတို့မှာလည်း အာဏာရှင်နိုင်ငံတွေရှိသလို တချို့က ဒီမိုကရေ စီနိုင်ငံတွေ ရှိတဲ့ အခါကျတော့ နည်းနည်း မူဝါဒပိုင်းမှာ ကွဲလွဲမှုရှိတယ်။ ဒါပေမယ့် အာဆီယံမိသားစုဆိုတဲ့ စိတ်ထားမျိုးနဲ့ သူတို့လုပ်ဆောင်သွားမယ် ဆိုရင်တော့ ကျနော် ထင်တာ ဖြစ်နိုင်ပါတယ်။ အပြင်ဘက် ပယောဂတွေ မပါဘဲနဲ့ အာဆီယံ မိသားစုရဲ့ တွေးခေါ်ချက်မျိုးနဲ့ လုပ်ဆောင်သွားမယ်ဆိုရင် အများကြီး ကောင်းပါတယ်။ ကျနော်တို့ ထင်တာတော့ သူတို့ တွေ့ဆုံ ဆွေးနွေးဖို့ဆိုတာကို ထည့်ထားပါတယ်။ တကယ်လို့ တွေ့ဆုံဆွေးနွေးဖို့ တွန်းအားပေးမယ်ဆိုရင်တော့ ကျနော်တို့က Pre-condition တွေကို ကြေညာထားပြီး ဖြစ်ပါတယ်။ အဲဒီအတိုင်းလုပ်မယ်ဆိုရင်တော့ ဖြစ်နိုင်စရာ အကြောင်း ရှိပါတယ်။ အဲဒီလို ထပ်မံ ပြီး ပြောကြားချင်ပါတယ်။


ငြိမ်းချမ်းအေး။ စစ်ကော်စီဖက်နဲ့ နိုင်ငံတကာ အသိုင်းအဝန်း၊ အာဆီယံပဲ ဖြစ်ဖြစ်၊ ကုလသမဂ္ဂပဲ ဖြစ်ဖြစ်၊ တခြားနိုင်ငံကြီးတွေပဲ ဖြစ်ဖြစ်ပါဝင်ပတ်သက်မှုနဲ့ တစုံတရာ သူတို့ ဘက်က Pre-condition တချို့ကို လိုက်လျော ညီထွေ ဖြစ်သွားအောင် လုပ်ခဲ့ပြီး ဆိုရင်ကော၊ NUG အနေနဲ့ တွေ့ဆုံ ဆွေးနွေးရေး လမ်းကြောင်းကို ဘယ်လို သဘောထား ရှိပါသလဲ ခင်ဗျာ။ အထူးသဖြင့်တော့ ပြည်သူလူထုက တော်လှန်ရေး ထဲမှာ စူးစူးနစ်နစ် ပါဝင်နေတဲ့ ပြည်သူလူထုက တွေ့ဆုံဆွေးနွေးရေးသဘောထားအမြင်ကို တမျိုး ဖြစ်လာမယ်ဆိုရင် NUG အနေနဲ့ရော ဘယ်လိုမျိုး ရှေ့ မူဝါဒ ချမှတ်နိုင်ဖို့ ရှိပါသလဲခင်ဗျာ။

ယာယီသမ္မတ ဒူဝါလရှီးလ။ အဲလို ဘုံသဘောတူညီချက် (၅) ချက် နဲ့ ပြည့်စုံမယ်ဆိုရင်တော့ အင်မတန် ကောင်းတာပေါ့ဗျာ။ ကျနော်တို့က အမြဲတမ်း ပွင့်ပွင့်လင်းလင်း ပြောပါတယ်။ ကျနော်တို့က တံခါး ပိတ်မထားပါဘူး။ တံခါးဖွင့်တဲ့ ပေါ်လစီကို ကျင့်သုံးပါတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ pre-condition တွေ မရှိလို့ရှိရင်တော့ စစ်ကောင်စီက နဂိုအတိုင်းပဲ သူ့လမ်းကြောင်းအတိုင်းပဲ ပြန်ပြီး ပြည်သူလူထုကို နည်းမျိုးစုံနဲ့ ညစ်ပတ်ပြီးတော့ အာဏာရှင်စနစ်ကို ပြန်သွားမှာ မလိုချင်တော့ဘူး။ ပြည်သူလူထုအနေနဲ့က တော့ ဒီတကြိမ်ကတော့ စစ်တပ်ရဲ့ အုပ်ချုပ်မှုကို ဆက်ပြီး မခံနိုင်တော့ဘူးဆိုတာ သန္နိဋ္ဌာန် ချထားပြီး ဖြစ်တဲ့ အတွက်ကြောင့် ပြည်သူလူထုရဲ့ အသံ၊ ပြည်သူ့ လိုအပ်ချက်ကို ကျနော်တို့ ဒီအချိန်မှာ NUG အစိုးရ အနေရော၊ ကမ္ဘာ့ နိုင်ငံ အသီးသီးရော မဖြစ်မနေ လုပ်ဆောင်ဖို့ လိုတယ်ဆိုတာတော့ အင်မတန် အရေးကြီးတဲ့ အချက် ဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့ တကယ်လို့များ အခြေအနေပေးရင် လုံးဝ မဆွေးနွေးပါဘူးလို့လည်း တခါမှ မပြောဖူးပါဘူး။

ငြိမ်းချမ်းအေး။ ဟုတ်ကဲ့ ခင်ဗျာ၊ တကယ်လို့ ဆွေးနွေးကြပြီဆိုရင် သမ္မတကြီးတို့ရဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေ အားလုံးတွေ့ဆုံ ဆွေးနွေးရေးက တစုတစည်းတည်း ဖြစ်လာနိုင်ပါ့မလား ခင်ဗျာ။

ယာယီသမ္မတ ဒူဝါလရှီးလ။ ကျနော်တို့နဲ့ ထိတွေ့တဲ့ EAOs (တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့) တွေရဲ့ သဘောထားကို ကျနော်တို့သိပါတယ်။ တကယ်လို့များ ပြည်သူလူထု လိုချင်တဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင် ပြဌာန်းခွင့်နဲ့ တရားမျှတတဲ့ နိုင်ငံတော် သစ်ထူထောင်မယ်ဆိုရင်တော့ တွေ့ဆုံဆွေး နွေးဖို့ဆိုတာ သူတို့ရဲ့ Agenda တခုအနေနဲ့ အမြဲတမ်း စဥ်းစားထားတာ ရှိတယ်လို့ သိရှိရပါတယ်။ ဒါကြောင့်မလို့ မဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး။

နောက်တချို့ Local PDFs (ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်) တွေရောထိတွေ့ပြီး မေးမြန်းထားတာ ရှိပါတယ်။ ခင်ဗျားတို့တတွေ ခုလိုလုပ်နေတာဟာလည်း တချိန်ချိန် တခါခါ အခြေအနေကောင်းလို့ရှိရင် ကျနော်တို့ အားလုံး Chain of Commands (အမိန့် ကွင်းဆက် အုပ်ချုပ်မှု) တခုတည်းမှာ၊ Rule of Laws (တရားဥပဒေစိုးမိုးမှုအောက်က်) ထဲမှာပါရမယ်။ အဲ့တော့ လက်နက်ကိုင် ပြီးတော့ ဗိုလ်ကျနေတဲ့ အခြေအနေမျိုး ဥပမာ အာဖဂန်နစ္စန်လိုမျိုး Warlord (စစ်ဘုရင်) တွေမဖြစ်‌ဖို့အရေးကြီးတယ်။ ဒီခေတ်က လူငယ်တွေ ဖြစ်တဲ့ အတွက်ကြောင့် အင်မတန်မှ တယူသန် ‘one way’ မဟုတ်ကြပါဘူး။ အားလုံးနားလည်မှု အပြည့်ရှိကြပါတယ်။ ကျနော်တို့ သူတို့ရဲ့ အားလုံးပါဝင်လာမှုက အင်မတန် အရေးကြီးပါတယ်။ ကျနော်တို့ တတွေဟာ “တလှေတည်းစီး၊ တခရီးတည်းသွား နေကြတယ်” ဆိုတာ အားလုံးသဘောပေါက်ကြတာ ဖြစ်ပါတယ်။

ငြိမ်းချမ်းအေး။ တွေ့ဆုံဆွေးနွေးရေး ဆိုတော့ တဆက်တည်း ပေါ့လေ၊ NUG ရော၊ နွေဦးတော်လှန်ရေးမှာ ရော ထဲထဲဝင်ဝင်မပါပဲနဲ့ အရင်တုန်းက ငြိမ်းချမ်းရေး စာချုပ်အတိုင်း ဆက်နေပြီး၊ တိုက်ပွဲလည်း လက်ရှိ ဆက်ဖြစ်နေတာမျိုးမရှိတဲ့၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ ရှိပါတယ်။ အဲဒီ တိုင်းရင်းသား အဖွဲ့အစည်းတွေ မှာလည်းအရင် အစဥ်အဆက်ကတည်းက အင်အား တစုံတရာရှိခဲ့တဲ့၊ နိုင်ငံရေးအရ အင်အားရှိခဲ့တဲ့ အဖွဲ့အစည်းတွေ ရှိပါတယ်ဗျာ။ နွေဦးတော်လှန်ရေးမှာ တိုင်းရင်းသားအဖွဲ့တွေ အားလုံးမပါလို့၊ ပါတဲ့ အချိန် ကျရင် သူတို့လည်း ဝင်ရောက် ပူးပေါင်းမှာ ဖြစ်ပါတယ် ဆိုတာမျိုးပြောလာတာတွေ အခုလတ်တလောမှာပဲ ကြားရတာ ရှိပါတယ်ဗျာ။ NUG အနေနဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတာမှာ ဒီဖက် ရန်သူဖက်ရော၊ တဖက်မှာကျ မဟာမိတ်ချဲ့ထွင်မှုအနေနဲ့ရော ဒီလိုမျိုး ထိတွေ့တာမျိုးတွေ ရှိပါသလား ခင်ဗျာ။

ယာယီသမ္မတ ဒူဝါလရှီးလ။ ဟုတ်ကဲ့ ကျနော်တို့ အနေနဲ့တော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အားလုံးနဲ့ မထိတွေ့တာ မရှိပါဘူး။ တချို့ကျတော့ ရဲရဲတင်းတင်း ဗြောင် ကျနော်တို့ နဲ့ ထိတွေ့ ပါဝင်လျက် ရှိတယ်။ တချို့က ကျနော်တို့နဲ့ ဗြောင်မဟုတ်ပေမယ့် တိတ်တဆိတ် ပါဝင်ပြီးတော့ ထိတွေ့ ဆွေးနွေးနေတာ ရှိပါတယ်။ ဒါကြောင်မလို့ သေချာတာကတော့ သူတို့ တတွေကလည်း ခုနက ပြောသလို တရားမျှတတဲ့ နိုင်ငံတော်၊ ကိုယ့်ရဲ့ ဒေသမှာကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတဲ့ ဖယ်ဒရယ် ဒီမိုကရေစီသာ တည်ထောင်မယ်ဆိုရင် ဆန့်ကျင်မယ့်သူလုံးဝ မရှိဘူးလို့ကျနော့် အနေနဲ့အင်မတန် ပြတ်ပြတ်သားသား ပြောလိုပါတယ်။ သူတို့ အနေနဲ့ လုံးဝကို ပါလာမှာပါ။ သူတို့လည်း ထောက်ခံပါတယ်။ သူတို့ရဲ့ သဘောထား အသေးစိတ်ကို ကျနော်တို့ သိပြီးသား ဖြစ်ပါတယ်။ အခြေအနေ အမျိုးအမျိုးကြောင့် မပါလာတာ ဖြစ်ပါတယ်။ တချို့က နီးစပ်ရာဖိအားရှိတဲ့အပေါ်မှာ မူတည်ပြီးတော့ အဲ့လိုချက်ချင်း မကြေညာနိုင်တာ၊ ဗြောင်မပြောရဲတာ တခုပဲ ရှိပါတယ်။ အတွေးချက်ကတော့ အကုန်လုံး သူတို့က ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ဆိုတာ အားလုံးက ထောက်ခံပြီးသား ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။

ငြိမ်းချမ်းအေး။ နောက်တခု အင်အားစု တခုအနေနဲ့က အင်အားကြီး တရုတ်နိုင်ငံရဲ့ ကြားဝင်မှုပေါ့နော်။ အာဆီယံ ပြင်ပမှာမှ၊ အိမ်နီးချင်း တရုတ်နိုင်ငံကလည်း တချို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အပေါ် သြဇာ သက်ရောက်မှု ရှိတာရှိပါတယ်။ တဖက်မှာလည်း တရုတ်က အခုနောက်ပိုင်းမှာ ဆိုရင် စစ်ကောင်စီနဲ့ ဆိုရင် သိသိသာသာကို ထိတွေ့ ဆက်ဆံလာတာတွေ ရှိပါတယ်။ တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဥ် ဆိုရင် တရုတ်နိုင်ငံက တာဝန်ရှိသူတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေ ရှိပါသလား။

ယာယီသမ္မတ ဒူဝါလရှီးလ။ ကျနော်တို့ရဲ့ နိုင်ငံခြားရေး မူဝါဒမှာ အိမ်နီးချင်းနိုင်ငံတွေ အင်မတန် အရေးကြီး တယ်လို့ သတ်မှတ်ထားပါတယ်။ အဲဒီ ပေါ်လစီ အတိုင်း ကျနော်တို့ တရုတ်နိုင်ငံရော၊ အိန္ဒိယရော၊ ထိုင်းတို့ ကျနော်တို့နဲ့ နယ်စပ်ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်ရော ဒါတွေဟာ အင်မတန် အရေးကြီးတယ်။ သူတို့နဲ့ အဆင် ပြေအောင် ကျနော်တို့ ပေါင်းသင်း ဆက်ဆံမယ်။ သူတို့ရဲ့ အကျိုးတွေကိုလည်း ကျနော်တို့က အမြဲတမ်း ကြည့်တယ်ဆိုတဲ့ ဟာတွေနဲ့ ကျနော်တို့ ဆက်ဆံပါတယ်။ အထူးသဖြင့်တရုတ်နိုင်ငံဟာအိမ်နီးချင်း မိုင်ပေါင်း များစွာ ဆက်စပ်နေတာလည်း ရှိတယ်။ သမိုင်းကြောင်းအရလည်း ကျနော်တို့ ဟိုးနှစ်ပေါင်းများစွာကတည်း က ထိတွေ့ဆက်စပ်နေတဲ့ နိုင်ငံဖြစ်တဲ့ အပြင် ဒီအချိန်မှာ သူက စီးပွားရေး အရလည်း တော်တော် အားကောင်းတဲ့ နိုင်ငံ။ နိုင်ငံရေးအရလည်း တော်တော် သြဇာကြီးတဲ့ နိုင်ငံ ဖြစ်နေပြီဆိုတော့ ကျနော်တို့က ပိုပြီး သတိထားပါတယ်။ သူနဲ့က ကျနော်တို့ နည်းမျိုးစုံနဲ့ ကျနော်တို့ အမြဲတမ်း ထိတွေ့ ဆက်ဆံပါတယ်။ သူတို့ရဲ့ အနေအထား၊ သူတို့ရဲ့ ခံယူချက်၊ သူတို့ရဲ့ သဘောထား အမြင်တွေကိုလည်း ကျနော်တို့ အမြဲတမ်း လေ့လာသုံးသပ်နေတာ ရှိပါတယ်။ အကဲခတ်နေတာ ရှိပါတယ်။ အရင်တုန်းကတော့ သူထင်တာတော့ စစ်ကောင်စီပဲ နိုင်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သူ လုပ်ခဲ့ပုံ ရပါတယ်။ အခု နောက်ပိုင်းတော့ အဲဒါတွေလည်း ရွေ့လျောလာတယ်လို့ မြင်ပါတယ်။ အခုနောက်ပိုင်းမှာ နည်းနည်း သူ့မှာ စစ်ကောင်စီကို Favor ပေးသလို ဖြစ်လာတာက NDAA (ဘားမားအက် ပါဝင်တဲ့ အမေရိကန်ရဲ့ အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်အက်ဥပဒေ) ထွက်လာတဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ ယူဆပါတယ်။

ဒါပေမယ့် တခြား နိုင်ငံတွေလိုပဲ သူတို့က တိတ်တိတ်ဆိတ်ဆိတ် တိတ်ဆိတ်တဲ့ သံတမန်နည်းပဲ ဆက်ဆံတယ်ဆိုတာကို နားလယ်မှု ရှိထားတာ ဖြစ်ပါတယ်။ ကျနော်တို့ကတော့ ပြည်သူလူထုရဲ့ အာလုံး လိုလားတဲ့ ပုံစံမျိုးနဲ့ သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးရော၊ နိုင်ငံတကာနဲ့ ဆက်ဆံရာမှာ ပြည်သူလုထုရဲ့ ဆန္ဒကို အင်မတန် အလေးထားပြီး လုပ်ဆောင်နေတဲ့ အစိုးရ ဖြစ်ပါတယ်။

ငြိမ်းချမ်းအေး။ တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်ပြီးတော့ ဒီဟာက တကယ့် လက်တွေ့ အဖြေ၊ တခုတည်း သောအဖြေဆိုပြီး နိုင်ငံတကာရော၊ အာဆီယံရောက တစိုက်မတ်မတ် ပြောကြတာတွေ ရှိပါတယ် ခင်ဗျာ။ ဒီ့အပေါ်မှာ ဆိုရင် သမ္မတကြီး အနေနဲ့ နိဂုံးချုပ် မှတ်ချက်အနေနဲ့ တွေ့ဆုံဆွေးနွေးရေးက တကယ့် အဖြေလား၊ တကယ့် ထွက်ပေါက်လား၊ မြန်မာ့နိုင်ငံရေး အခြေအနေ အတွက် ထွက်ပေါက် ဖြစ်လာနိုင်လား။

ယာယီသမ္မတ ဒူဝါလရှီးလ။ ကျနော်တို့ အမြင်ကတော့ ဖြေရှင်းတဲ့ နေရာမှာ နိုင်ငံရေးအရ ဖြေဖြေရှင်းတယ် လို့ ဆိုရမှာပေါ့။ တွေ့ဆုံဆွေးနွေးတာက နိုင်ငံရေး အရ ဖြေရှင်းတဲ့ နည်း ဖြစ်ပါတယ်။ အဲ့ဒါက လူတွေ ဒုက္ခလည်း မဖြစ်ဘူး၊ အသေအပျောက် နည်းတယ် ဆိုတဲ့ နည်းလမ်း ဖြစ်ပါတယ်။ အဲဒီလို မျိုးသာ နိုင်ငံတကာကရော စစ်ကောင်စီကို ဖိအားပေးပြီးတော့ လုပ်ဆောင်နိုင်မယ်ဆိုရင်တော့ ဖြစ်ကောင်း ဖြစ်နိုင် ပါတယ်။ ဒါပေမယ့် သူက တကယ့်ကို ပြောင်းလဲဖို့ စိတ်ကို ရှိရမယ် ဆိုတာတော့ လေ့လာသုံးသပ်ရမယ်။ စစ်တပ်ဟာ ဘယ်တော့မှ စကား အမှန် မပြောပါဘူး။ အမြဲတမ်းလိမ်လည် နေခဲ့တာ အားလုံးအသိ ဖြစ်ပါတယ်။ ၁၉၈၈ အကျပ်အတည်း ဖြစ်လာတော့ သူ ၁၉၉၀ မှာ ရွေးကောက်ပွဲ လုပ်ပေးလိုက်ပါတယ်။ အဲဒီ ရွေးကောက်ပွဲကို ဖျက်တယ်။ အခု ၂၀၂၀ မှာလည်း မရှုမလှ ရှုံးလာတဲ့ အခါ သူ အာဏာပြန်သိမ်းတယ်။ ဘယ်တော့မှ ကတိမတည်တာ ဖြစ်ပါတယ်။ ဒါကြောင့်မလို့ ကျနော်တို့ကတော့ သူတို့ရဲ့ ကတိတည်နိုင် အောင် Tool လိုတာပေါ့နော်၊ Mechanism (ယန္တရား) လိုတာ၊ ထိန်းသိမ်းနိုင်ဖို့။ သူက ပြန်ပြီးတော့ ရှောင်ထွက်မသွားအောင် Action (ဆောင်ရွက်မှု) ပိုင်း အဲ့ဒါကို ပြောချင်တာ ဖြစ်ပါတယ်။ အဲ့လိုမျိုး လုပ်နိုင်မယ်ဆိုရင်တော့ အားလုံးအတွက် အကောင်းဆုံးပါပဲ။ဒါပေမယ့် သူ့ရဲ့ စိတ်နေစိတ်ထားကို ပုံမှန်ဖြစ်အောင် လုပ်ဆောင်နိုင်ဖို့က အင်မတန် အရေးကြီးပါတယ်။ တကယ်တော့ သူကတော့ ရူးသွပ်နေတဲ့ အာဏာရူး ဖြစ်တဲ့အတွက် ကြောင့် အင်မတန်မှ ခန့်မှန်းရခက်ပါတယ် လို့ ပြောချင်ပါတယ်။

ငြိမ်းချမ်းအေး။ ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ်။ ဗွီအိုအေကို အခက်အခဲကြားထဲက ဖြေကြားပေး တဲ့ အတွက် ကျေးဇူးတင်ပါတယ်။
XS
SM
MD
LG