သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ ဖွံ့ဖြိုးရေး အတိုး နည်းနည်းနဲ့ တရုတ် ငွေချေးမည်


တရုတ်ဝန်ကြီးချုပ် Li Keqiang က မိန့်ခွန်းပြော။ (နိုဝင်ဘာ ၁၃၊ ၂၀၁၄၊ နေပြည်တော်၊ မြန်မာ။)
တရုတ်ဝန်ကြီးချုပ် Li Keqiang က မိန့်ခွန်းပြော။ (နိုဝင်ဘာ ၁၃၊ ၂၀၁၄၊ နေပြည်တော်၊ မြန်မာ။)

တရုတ်နိုင်ငံအနေနဲ့ -အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ချစ်ကြည်ရေး သဘောတူမှု တရပ် ရရှိရေး အလေးထားပြီး အာဆီယံနိုင်ငံတွေကို အတိုး နည်းနည်းနဲ့ အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ ချေးမယ်လို့ ကမ်းလှမ်းလိုက်ပါတယ်။ ဒါဟာ ရေပိုင်နက် အငြင်းပွားမှုတွေကြောင့် တရုတ်နဲ့အာဆီယံ နိုင်ငံတွေကြား ဒီနှစ်အတွင်း အခြေအနေ တင်းမာနေခဲ့တာကို ထိန်းသိမ်းလိုတဲ့ သဘောမျိုးလည်း ဖြစ်ပါတယ်။

အာဆီယံအဖွဲ့ဝင် ဆယ်နိုင်ငံကို အတိုးနှုန်းသက်သက်သာသာနဲ့ အမေရိကန် ဒေါ်လာ တဆယ် ဘီလျံ ချေးမှာဖြစ်ပြီး နောက်ထပ် ဆယ်ဘီလျံကိုတော့ အခြေခံ အဆောက်အအုံ စီမံကိန်းတွေ ချပေးမှာဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ် Li Keqiang က မြန်မာနိုင်ငံမှာ ကျင်းပတဲ့ အရှေ့တောင် အာရှညီလာခံ မှာ ပြောသွားခဲ့တာပါ။ဒီ စီမံဆောင်ရွက်ချက်တွေကြောင့် ဒေသတွင်း ဆက်ဆံရေး ခိုင်မာအားကောင်းလာစေဖို့ အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။

တောင်တရုတ် ပင်လယ်ပြင် အတွင်း ပိုင်နက် အငြင်းပွားနေမှုရဲ့ ပေါက်ကွဲလုနီးပါး အခြေအနေကို ရှောင်ရှားနိုင်ဖို့ အရေးပေါ်ဆက်သွယ်ရေးထားသတ်မှတ်ဖို့လည်း တရုတ်နိုင်ငံက သဘောတူခဲ့ပါတယ်။ နောက်ပြီး အငြင်းပွားနေတဲ့ အာဆီယံနိုင်ငံတွေနဲ့ ခင်မင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် တရပ်ကို လက်မှတ် ရေးထိုးဖို့ အသင့်ရှိနေကြောင်း မစ္စတာ လီကို ကိုးကားဖော်ပြထားပါတယ်။

အာဆီယံ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ် လေးနိုင်ငံဟာ ရေကြောင်းလမ်းလည်းဖြစ်၊ ရေနံသိုက်ရှိတယ်လို့လည်း ယူဆနေကြတဲ့ တောင်တရုတ်ပင်လယ်ထဲက နေရာတွေကို တရုတ်နိုင်ငံနဲ့ သူပိုင်၊ ကိုယ်ပိုင် အငြင်းပွားနေကြပါတယ်။ တရုတ်နိုင်ငံကလည်း - အိမ်နီးချင်းနိုင်ငံငယ်လေးတွေရဲ့ ပင်လယ်ကမ်းစပ်နား က ရေပြင် အပါအဝင် တောင်တရုတ်ပင်လယ်ပြင်ရဲ့ အားလုံးနီးပါးကို သူသာလျှင် ပိုင်ဆိုင်ကြောင်း အခိုင်အမာ ပြောနေတာဖြစ်ပါတယ်။

ဒီနှစ်အစောပိုင်းတုန်းက ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ဟာ ပင်လယ်ပြင်အတွင်း တရုတ်နိုင်ငံရဲ့ ရန်လိုတဲ့လုပ်ရပ်တွေကြောင့် တရုတ်နိုင်ငံနဲ့ အိမ်နီးချင်း အာဆီယံနိုင်ငံတွေကြားက ဆက်ဆံရေးမှာ အောက်ဆုံးအဆင့်ထိ ထိုးကျသွားခဲ့ရပါတယ်။ မစ္စတာလီက အာဆီယံနိုင်ငံတွေအတွက်ရော၊ တရုတ်နိုင်ငံ အတွက်ပါ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရှိရေးလိုအပ်တဲ့အကြောင်းကိုလည်း အမေရိကန်သမ္မတ ဘာရက်အိုဘားမားပါ တက်ရောက်တဲ့ အာဆီယံ ခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG