အရှေ့တောင် အာရှအသင်း အာဆီယံဒေသတွင်း ဖိုရမ်မှာတော့ ဒေသတွင်း ပေါ်ပေါက်လာနိုင်တဲ့ ပဋိပက္ခတွေကို ကြိုတင် အသိအပေး ကာကွယ်နိုင်ရေး အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံတွင်းက လက်နက်ကိုင် ပဋိပက္ခတွေ၊ နောက် ရခိုင်ဒေသဘက်က အကြမ်းဖက် တိုက်ခိုက်မှုတွေ အပေါ် ဆွေးနွေးခဲ့ကြသလို ဒေသတွင်း နိုင်ငံတွေရဲ့ ပဋိပက္ခ ကြိုတင် အသိပေး ကာကွယ်ရေး စနစ်တွေ၊ လုပ်နည်းလုပ်ဟန်တွေကိုလည်း ဆွေးနွေးခဲ့ကြတာပါ။ မသိင်္ဂ ီထိုက် စုစည်း တင်ပြထားပါတယ်။
ပေါ်ပေါက်လာနိုင်တဲ့ ပဋိပက္ခတွေကို ကြိုတင် အသိပေးခြင်း၊ သံတမန်နည်း အရ ကြိုတင်ကာကွယ်တဲ့ နည်းလမ်းတွေနဲ့ အတွေ့အကြုံတွေကို အရှေ့တောင် အာရှ နိုင်ငံများ အသင်း အာဆီယံ ဒေသဆိုင်ရာ ဖိုရမ် အဖွဲ့ဝင် နိုင်ငံ ၂၇ နိုင်ငံက ကိုယ်စားလှယ်တွေ၊ ကျွမ်းကျင် ပညာရှင်တွေ ရန်ကုန်မြို့မှာ သုံးရက်ကြာ ဆွေးနွေးခဲ့ကြတာပါ။ မြန်မာနိုင်ငံရဲ့ ပဋိပက္ခကြိုတင် အသိပေး ကာကွယ်ခြင်းဆိုင်ရာ ယန္တယား တည်ဆောက်ထားတဲ့ အကြောင်းကိုလည်း ဆွေးနွေးခဲ့တာပါ။ အာဆီယံ ဖိုရမ်မှာ ဦးဆောင်ဆွေးနွေးခဲ့သူ တဦးဖြစ်တဲ့ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ ဦးမင်းဇော်ဦးက အခုလို ပြောပါတယ်။
“၂၀၁၂ ကတည်းကနေပြီးတော့ data တွေစုပြီးတော့ Township Conflict Monitoring Systemဆိုတာကျနော်တို့ တည်ဆောက်တာရှိတယ်။ အဲဒါက ဘာလဲဆိုတော့ မြို့နယ်တခုချင်းစီမှာ ရှိတဲ့ ပဋိပက္ခအခြေအနေပေါ့နော် TCMS (Township Conflict Monitoring System ) ဆိုပြီးတော့ ကျနော်တို့ တည်ဆောက်တာရှိတယ်။ ဒါကတော့ ကျနော်တို့ မြို့နယ်တွေတခုချင်းစီမှာ ပဋိပက္ခအနေတွေဘယ်လိုရှိသလဲ ၊ ပြဿနာတွေ ပိုကြီးနိုင်သလား၊ ပြဿနာတွေ ပိုငယ်သွားနိုင်သလား ၊ ပြဿနာတွေက ဘယ်ကိုဦးတည်နေသလဲ စသဖြင့်ပေါ့နော် သုံးသပ်လို့ရတဲ့ စနစ်တခုကို ကျနော်တို့တည်ဆောက်တာရှိတယ်ပေါ့နော်။ ဆိုတော့ အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကလည်း Presentation လုပ်တော့ မြန်မာပြည်မှာလည်း ဒီလိုစနစ်မျိုးတွေ လုပ်ဖို့အတွက်ကြိုးစားနေမယ်ဆိုတဲ့ကိစ္စကိုလည်း။”
မြန်မာနိုင်ငံတွင်း လက်နက်ကိုင် ပဋိပက္ခတွေ၊ နောက် ရခိုင်ဒေသ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီးလည်း ဖိုရမ်မှာ ဆွေးနွေးခဲ့ကြပါတယ်။ ဦးဆောင် ဆွေးနွေးသူ တဦး ဖြစ်တဲ့ ဦးမင်းဇော်ဦးက အခုလို ပြောပါတယ်။
“အခုကျနော်တို့ မြန်မာပြည်နဲ့ ပတ်သက်ရင်တော့ ဒီအိမ်နီးချင်းနိုင်ငံတွေကတော့ ဒီမှာရှိတဲ့ လက်နက်ကိုင် ပဋိပက္ခပေါ့နော် အခုဖြစ်နေတာတွေကို စိတ်ဝင်စားတာရှိပါတယ်။ နောက်တခုက ရခိုင်ဘက်က အခုလက်နက်ကိုင်တိုက်ခိုက်မှုတွေပေါ့နော် ဒီမွတ်စလင်အုပ်စုတွေ အစိုးရအုပ်စုတွေ လက်နက်ကိုင်တိုက်ခိုက်မှုတွေရှိလာတဲ့အခါမှာ အဲဒါကိုတော့ နိုင်ငံတကာကလည်း အထူးသဖြင့် ပတ်ဝန်းကျင်နိုင်ငံနဲ့ ကျနော်တို့ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းမဟုတ်ပေမယ့် ဖြစ်စဉ်အရ ဆက်စပ်တဲ့ နိုင်ငံတွေရှိတယ်၊ ဥပမာ ဖိလစ်ပိုင်နိုင်ငံ ၊ မလေးရှားတို့၊ အင်ဒိုနီးရှားတို့ ဒါမျိုးတွေကိုလည်း သူတို့တွေ စိတ်ဝင်စားမှုရှိပါတယ်။ အဲဒီတော့ ခြုံပြောရမယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခနဲ့ ကိစ္စအရပ်ရပ်ကိုတော့ အာဆီယံနိုင်ငံ အကြားထဲမှာတော့ စိတ်ဝင်စားမှုရှိကြပါတယ်။”
ဒေသတွင်း ဖိုရမ် ဆွေးနွေးပွဲမှာတော့ အဓိက အားဖြင့် လူမှုအသိုင်းအဝိုင်း၊ နောက် လူမှုဆက်ဆံရေး ကွန်ယက်တွေ၊ မီဒီယာတွေကို အခြေခံပြီး ဒေသတွင်းမှာ ဖြစ်လာနိုင်ခြေ ရှိနေတဲ့ ပဋိပက္ခတွေကို ကြိုတင် ခန့်မှန်းပြီး အသိပေး ကာကွယ်ရေးနဲ့ လုပ်နည်း လုပ်ဟန်တွေကို ဆွေးနွေးကြတာပါ။ ထောက်လှမ်းရေး အချက်အလက်တွေ အပေါ် အခြေခံတဲ့ အကြမ်းဖက် ဝါဒစွဲ တိုက်ခိုက်မှုတွေ ကြိုတင်ကာကွယ်ရေးနဲ့ ပတ်သက်လို့လည်း အနည်းငယ် ဆွေးနွေးခဲ့ကြပါတယ်။ ဒေသတွင်း ပဋိပက္ခ ကြိုတင် ကာကွယ်ရေးဆိုင်ရာ စနစ်တွေ ကျယ်ကျယ်ပြန့်ပြန့် မရှိသေးပေမယ့် လက်တွေ့ ကျင့်သုံးနေတဲ့ နိုင်ငံတွေလည်း ရှိနေပြီး ဒီအတွေ့အကြုံတွေကိုလည်း လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေ၊ တာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြပါတယ်။
“ထိုင်းမှာဆိုရင် Early warning နဲ့ ပတ်သက်ပြီး သူတို့လုပ်ထားတာတွေရှိတယ်။ ထိုင်းမှာ ဥပမာ-Deep South Watch တို့ပေါ့နော် တောင်ပိုင်းနဲ့ ပတ်သက်ပြီးတော့ လုပ်ထားတဲ့ စနစ်တွေရှိတယ်။ ဖိလစ်ပိုင်မှာဆိုရင်လည်း အလားတူပေါ့နော် အဲလိုမျိုးတွေရှိတယ်။ အဓိကတော့ Early warning နဲ့ ပတ်သက်ပြီး ကျနော်တို့ အာဆီယံအတွင်းမှာကတော့ ဒီလောက် Advance တော့ မဖြစ်သေးဘူးပေါ့နော်။ အာဆီယံမှာတော့ ဒီ idea တွေတော့ရှိနေပြီ တချို့တိုင်းပြည်မှာလည်း သူ့ဟာနဲ့ သူတော့ လုပ်နေကြတာတော့ ရှိပါတယ်။”
ရန်ကုန်မြို့မှာ သုံးရက်ကြာ ပြုလုပ်ခဲ့တဲ့ အာဆီယံ ဖိုရမ်ကိုတော့ မြန်မာ၊ ဥရောပ သမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စုတို့က ပူးတွဲ ဥက္ကဌတွေ အဖြစ် ဆောင်ရွက်နေတာပါ။ လုံခြုံရေးဆိုင်ရာ ထိပါးနိုင်မှုတွေကို လျှော့ချရေး နိုင်ငံမျိုးစုံရဲ့ မတူကွဲပြားတဲ့ အမြင်တွေကို ဆွေးနွေးညှိနှိုင်းဖို့ အတွက် ၁၉၉၄ ခုနှစ်မှာ စတင် တည်ထောင်ခဲ့တဲ့ အာဆီယံ ဒေသတွင်း ဖိုရမ် ARF မှာတော့ အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံ အပြင် အမေရိကန်၊ တရုတ်၊ ကနေဒါ၊ သြစတေးလျ၊ နောက် အာရှ ပစိဖိတ်ဒေသတွင်း နိုင်ငံတွေနဲ့ အတူ နိုင်ငံပေါင်း ၂၇ နိုင်ငံ အဖွဲ့ဝင် အဖြစ် ပါဝင်ပါတယ်။