သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ မြန်မာ အပြန်အလှန် အရေးပါမှု ဒေါ်စုထောက်ပြ


အာဆီယံ မြန်မာ အပြန်အလှန် အရေးပါမှု ဒေါ်စုထောက်ပြ
အာဆီယံ မြန်မာ အပြန်အလှန် အရေးပါမှု ဒေါ်စုထောက်ပြ

အရှေ့တောင်အာရှ နိုင်ငံတွေဟာ မြန်မာနိုင်ငံအတွက် အရေးပါသလို မြန်မာနိုင်ငံဟာလည်း အရှေ့တောင်အာရှ နိုင်ငံတွေအတွက် အရေးပါမယ်လို့ မျှော်လင့်တဲ့အကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီနဲ့ ပတ်သက်ပြီး အာရှတန်ဖိုးနဲ့ အနောက်တိုင်းတန်ဖိုး ကွာခြားတယ်ဆိုတဲ့ ပြောဆိုချက်တွေအပေါ်၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုနဲ့ ပတ်သက်တာ၊ အင်ဒိုနီးရှားနိုင်ငံ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီနိုင်ငံဆီ အသွင်ကူးပြောင်းခဲ့တဲ့အပေါ် စတာတွေကိုလည်း ထည့်သွင်း ပြောဆိုသွားသလို မြန်မာ့ဒီမိုကရေစီရေးအတွက် ဝိုင်းဝန်း ကူညီကြဖို့ကိုလည်း ပန်ကြားခဲ့ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

မေလ ၃ ရက်နေ့ကနေ ၅ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်မှာ ကျင်းပမယ့် အာဆီယံ အရပ်ဘက် လူမှု အဖွဲ့အစည်းတွေရဲ့ ကွန်ဖရင့် ACSF နဲ့ အာဆီယံ လူထုဖိုရမ် APF ဖွင့်ပွဲနေ့အတွက် ကြိုတင် အသံသွင်း ရိုက်ကူးထားတဲ့ ဗွီဒီယိုမှာ ဒေါ်အောင်ဆန်းစုကြည်က အာဆီယံနဲ့ မြန်မာနိုင်ငံ အပြန်အလှန် အရေးပါမှုကို ထောက်ပြ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“မြန်မာနိုင်ငံဟာ အာဆီယံရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။ ကျမတို့ မြန်မာလူထုဟာ အာဆီယံ ဒေသတွင်း တခြားနိုင်ငံတွေက လူထုနဲ့ အင်မတန် နီးနီးကပ်ကပ် လက်တွဲ လုပ်ဆောင်ချင်ပါတယ်။ အာဆီယံဟာ ကျမတို့ အကျိုးစီးပွားအတွက်၊ ကျမတို့ အနာဂတ်အတွက် အင်မတန် အရေးပါပါတယ်။ ကျမတို့ဟာလည်း အာဆီယံအတွက် အင်မတန် အရေးပါမယ်လို့ ကျမတို့ မျှော်လင့်ပါတယ်။”

အာရှတန်ဖိုးနဲ့ အနောက်တိုင်းတန်ဖိုးတွေဟာ ကွာခြားတယ်လို့ လူအတော်များများက ဆိုကြကြောင်း၊ ဒီလိုပြောတာဟာ မိမိတို့ရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုကို ဆန့်ကျင် ငြင်းခုန်ဖို့အတွက် ပြောဆိုကြတာဖြစ်ကြောင်း စသည်အားဖြင့် ပြောပြီး မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က အကျယ်တဝံ့ ပြောဆိုခဲ့ပါတယ်။

မြန်မာလူထု နားလည်ခဲ့တာက သူတို့ဟာ လုံခြုံမှုကို လိုချင်တယ်၊ လွတ်လပ်မှုကို လိုချင်တယ်၊ သူတို့ကိုယ်တိုင်ရဲ့ ကံကြမ္မာကို သူတို့ဘာသာ ပုံဖော်ချင်တယ်၊ ကြောက်ရွံ့မှုတွေကနေ ကင်းလွတ်တဲ့ မြေပေါ်မှာ နေထိုင်ချင်တယ်၊ သူတို့အစိုးရကို သူတို့ကိုယ်တိုင် ရွေးကောက်တင်မြှောက်နိုင်တဲ့ နိုင်ငံမှာ နေထိုင်ချင်တယ် ဆိုတာတွေပဲ ဖြစ်တယ်လို့ ပြောပါတယ်။

“ဒါကြောင့် ကျမတို့ မြန်မာနိုင်ငံမှာ လုပ်ဖို့ ကြိုးစားနေတာက ကျမတို့ ဘဝတွေ ပိုမိုကောင်းမွန်လာစေဖို့ ဖြစ်ပါတယ်။ အဲဒီအတွက် အကောင်းဆုံး လုပ်နိုင်တဲ့ နည်းလမ်းကတော့ ဒီမိုကရေစီ အဖွဲ့အစည်းတွေကနေ တဆင့် လုပ်ဖို့ပဲ ဖြစ်တယ်လို့ ကျမတို့ ယုံကြည်ပါတယ်။”

မြန်မာနိုင်ငံက ဒီမိုကရေစီမှာ မြန်မာအရသာ၊ မြန်မာ့သွင်ပြင် လက္ခဏာ သဏ္ဌာန်တွေ ပါနေမှာကတော့ ရှောင်လွှဲလို့ မရနိုင်ကြောင်း၊ ဒါပေမဲ့ ဒီမိုကရေစီရဲ့ အခြေခံ ကျိုးကြောင်း သဘောတရားတွေကိုတော့ မျက်ကွယ်ပြုဖို့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ အဲဒါတွေကို မျက်ကွယ်ပြုလိုက်ရင်တော့ မိမိတို့ရတာဟာ ဒီမိုကရေစီဖြစ်မှာ မဟုတ်ဘဲ ပုံတူပဲ ဖြစ်လိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အခု အာဆီယံ လူမှုအဖွဲ့အစည်းတွေရဲ့ အစည်းအဝေးတွေ ကျင်းပတဲ့ အင်ဒိုနီးရှားနိုင်ငံ ကိုယ်တိုင်က အာဏာရှင်စနစ်ကနေ ဒီမိုကရေစီနိုင်ငံအဖြစ် အသွင်ပြောင်းခဲ့တဲ့ နိုင်ငံပါ။ အဲဒီအပေါ် အားကျ လေးစားတဲ့အကြောင်း၊ မိမိတို့လည်း အဲဒီလိုပဲ ဖြစ်ချင်တဲ့အပြင် ပိုပြီးတော့တောင်မှ ဖြစ်ချင်ပါတယ်လို့ဆိုပြီး မြန်မာ့ဒီမိုကရေစီရေးအတွက် ဝိုင်းဝန်းကူညီကြဖို့ ပန်ကြားခဲ့ပါတယ်။

“တကိုယ်ကောင်းဆန်တဲ့ သဘော မဟုတ်ဘဲ မြန်မာနိုင်ငံက ဒီမိုကရေစီရေးအတွက် ကူညီကြပါလို့ ကျမ ပန်ကြားပါတယ်။ ကျမတို့နိုင်ငံမှာ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ အားကောင်းလာစေရေး ကြိုးပမ်းတဲ့နေရာမှာ ကူညီကြပါလို့ ပန်ကြားပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းအပေါ် အစည်းအဝေး တက်ရောက်နေသူတွေက ကျေနပ်အားရစွာ တခဲနက် တုံ့ပြန်ခဲ့ကြတယ်လို့ ပါဝင်တက်ရောက်နေသူ တဦးဖြစ်တဲ့ မြန်မာ့ရေးရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က လုပ်ငန်းညှိနှိုင်းရေးမှူး မခင်ဥမ္မာက ပြောပါတယ်။

“အစိုးရဆိုတာက အရေးကြီးတော့ ကြီးတယ်၊ ဒါပေမဲ့ လူထုက ပိုအရေးကြီးတယ်။ အစိုးရဆိုတာ အထူးသဖြင့် ပြည်သူအတွက် အကျိုးဆောင်နေတဲ့ အစိုးရ ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့အချိန်မှာ လက်ခုပ်သံတွေ တက်လာတယ်။ ပြီးသွားတဲ့အချိန်မှာ လက်ခုပ်သံတွေက တခန်းလုံးလျှံတယ်။ အရမ်း ဝမ်းသာအားရ ဖြစ်ကြတာပေါ့။ တချို့ဆိုရင် ကျမတွေ့တာ မျက်ရည်တွေဘာတွေ လည်ပြီး အဲဒီလိုမျိုး ဖြစ်ကြတယ်။”

အခုအစည်းအဝေးတွေမှာ ဒေသတွင်း နိုင်ငံတွေက အရပ်ဘက် လူမှုအဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေ တက်ရောက်နေကြပြီး စုစုပေါင်း လူ ၁,၂၀၀ ပတ်ဝန်းကျင် ရှိမယ်လို့ မခင်ဥမ္မာက ပြောပါတယ်။ ဒီအစည်းအဝေးတွေကနေ ထွက်လာတဲ့ တောင်းဆိုချက်တွေနဲ့ သဘောထားတွေကိုတော့ မကြာခင်မှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးဆီ ပေးပို့မယ်လို့ ပြောပါတယ်။

XS
SM
MD
LG