သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က အာဆီယံ ရပ်တည်


ASEAN MEETING (Myanmar State Counsellor Office)
ASEAN MEETING (Myanmar State Counsellor Office)

လက်ရှိ ၃၁ ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံ အပြီးထုတ်ပြန်မယ့် အာဆီယံ သဘောထားကြေညာချက်ရဲ့ မူကြမ်းမှာ နိုင်ငံတကာက စောင့်ကြည့်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် အရေးနဲ့ ပတ်သက်လို့ ထည့်သွင်းဖေါ်ပြထားခြင်းမရှိတဲ့အတွက် အာဆီယံအဖွဲ့ကြီးဟာ ဒီကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က ရပ်တည်လိုက်တယ်လို့ သုံးသပ်ချက်တွေထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် လူ့အခွင့်အရေးအဖွဲ့တွေကတော့ ပြစ်တင်ဝေဖန်လိုက်ပါတယ်။

ရိုဟင်ဂျာအရေး အာဆီယံညီလာခံအတွင်း ဆွေးနွေးခဲ့သလို အာဆီယံနဲ့ ကုလသမဂ္ဂ ညီလာခံမှာလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres က ရိုဟင်ဂျာဒုက္ခသည်ပြဿနာဖြေရှင်းရေးဟာ အာဆီယံဒေသအတွက် အရေးကြီးကြောင်း သတိပေးခဲ့ပေမယ့် အခုလို အာဆီယံရဲ့ မူကြမ်းမှာတော့ ရိုဟင်ဂျာအရေး ထည့်သွင်းထားခြင်းမရှိခဲ့တာပါ။

မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

ဖိလစ်ပိုင်နိုင်ငံမှာကျင်းပနေတဲ့ အာဆီယံ ၁၀ နိုင်ငံရဲ့ ညီလာခံအပြီး ထုတ်ပြန်မယ့် ကြေညာချက်ရဲ့ မူကြမ်းကို သတင်းဌာနတွေက လက်ခံရရှိရာမှာ၂ လအတွင်း ရိုဟင်ဂျာဒုက္ခသည်ပေါင်း ၆၀၀,၀၀၀ သိန်းကျော် အိုးအိမ်စွန့်ခွာပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ထည့်သွင်းထားတာမတွေ့ရပါဘူး။

ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်မှုအခြေအနေကိုနိုင်ငံတကာအသိုင်းအဝိုင်းက ပြင်းပြင်းထန်ထန်ဝေဖန်နေချိန်မှာပဲ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရွေးကောက်ခံ မြန်မာအစိုးရဘက်မှာ အာဆီယံက ရပ်တည်နေကြောင်း အာဆီယံ ကြေညာချက်မူကြမ်းက ပြနေတယ်လို့ ဒေသတွင်းကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ ဒါအပြင် ဒီကြေညာချက်မူကြမ်းမှာ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကိုလည်း ထည့်သွင်းဖေါ်ပြခြင်းမရှိသလို၊ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး လူသားချင်းစာနာမှု အထောက်အကူပေးရေးရရှိမှု အရေးကြီးကြောင်းကိုသာ စာပိုဒ်တပိုဒ်အနေနဲ့ပဲ ထည့်သွင်းဖေါ်ပြထားပါတယ်။

ဒီကြေညာချက်ကို အာဆီယံ အလှည့်ကျဥက္ကဌ ဖိလစ်ပိုင်က အဓိက တာဝန်ယူရေးဆွဲခဲ့တာဖြစ်ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်အရေးကို မူကြမ်းမှာ ဖေါ်ပြထားခြင်းမရှိပေမယ့် တနင်္လာနေ့က ပြုလုပ်တဲ့ အာဆီယံနဲ့ ကုလသမဂ္ဂ ဆွေးနွေးပွဲမှာတော့ အတွင်းရေးမှူးချုပ် Guterres က ရိုဟင်ဂျာဒုက္ခသည်အရေး ဖြေရှင်းဖို့ အရှေ့တောင်အာရှ ဒေသအတွက် အရေးကြီးကြောင်း အခုလို သတိပေးခဲ့ပါတယ်။

"မြန်မာနိုင်ငံဘက်အခြမ်းမှာ အကြမ်းဖက်မှုကြောင့် ထိတ်လန့်ကြောက်ရွံပြီး သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးကြတဲ့ အခြေအနေအပေါ် ကျနော်ရဲ့ အလွန်အမင်းစိုးရိမ်မကင်းဖြစ်မှုကို ကျနော် ဖုန်းကွယ်မထားနိုင်ပါဘူး။ အတိဒုက္ခရောက်နေကြတဲ့ အခြေအနေ ကြာမြင့်လာတာနဲ့အမျှ စိုးရိမ်ဖွယ်ရာအခြေအနေတွေ မြင့်တက်လာပြီး ဒေသတွင်း မတည်မငြိမ်ဖြစ်ဖို့နဲ့ အစွန်းရောက်အကြမ်းဖက်မှုတို့အတွက် အခြေခံပင်ရင်းဖြစ်လာနိုင်ခြေရှိနေပါတယ်။"

ဒါအပြင် ရိုဟင်ဂျာဒုက္ခသည် ပြဿနာလို အရေးကြီးတဲ့ ပြဿနာတွေဖြေရှင်းပြီး ဒေသတွင်း ရှေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံဖြိုးရေး ဖေါ်ဆောင်နိုင်မှ ၂၀၁၅ အာဆီယံ မျှော်မှန်းချက်ကို အရောက်လှမ်းနိုင်မှာဖြစ်တယ်လို့လည်း ကုလအတွင်းရေးမှူးချုပ်က ပြောကြားခဲ့ပါတယ်။

တချိန်တည်းမှာပဲမနေ့က ကျင်းပတဲ့ အာဆီယံညီလာခံအတွင်း ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြောင်း၊ မြန်မာဘက်ကတော့ ကိုဖီအာနန် အစီရင်ခံစာနဲ့အညီ အကောင်အထည် ဖော်ဆောင်ရွက်နေတဲ့အကြောင်းနဲ့ လူသားချင်း စာနာမှုအကူအညီတွေကို လက်ခံကြိုဆိုတဲ့အကြောင်းပြောကြားခဲ့တဲ့အပြင် ဘင်္ဂလားဒေ့ရှ်နဲ့ သဘောတူညီချက်ကို လက်မှတ်ရေးထိုး ပြီးတာနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေ ပြန်လည် နေရာချထားရေးကို သီတင်းပတ် သုံးပတ်အတွင်း အပြီးသတ် လုပ်ဆောင် သွားမယ့်အကြောင်း ဖိလစ်ပိုင်သမ္မတရဲ့ ပြောခွင့်ရ ဟယ်ရီ ရော့ကီ Harry Roque က သတင်းထောက်တွေကို အတည်ပြုပြောကြားခဲ့ပါတယ်။

ဒါအပြင် ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲမှာ အနည်းဆုံးအာဆီယံအဖွဲ့ဝင် နှစ်နိုင်ငံက တင်ပြခဲ့တယ်လို့လည်း သူကပြောပါတယ်။

“ကျနော်မမှားဘူးဆိုရင်တော့ အနည်းဆုံး နှစ်နိုင်ငံ ဒါမှမဟုတ် သုံးနိုင်ငံလောက် ဆွေးနွေးခဲ့ကြပါတယ်။”

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲမှာ မွတ်စလင်အများစုနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှားစတဲ့ နိုင်ငံတွေက ရိုဟင်ဂျာအရေးကိစ္စကို အလေးပေးပြောဆိုကြတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ အခုလို အာဆီယံ ကြေညာချက်မူကြမ်းမှာ ရိုဟင်ဂျာအကျပ်အတည်းကိစ္စထည့်သွင်းဖေါ်ပြခြင်းမရှိတဲ့အပေါ်မှာ နယူးရောက်အခြေစိုက် နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Rights Watch အာရှရေးရာတာဝန်ခံ Brad Adams က အံသြသင့်မိကြောင်း ဝေဖန်လိုက်ပါတယ်။

“အာဆီယံအနေနဲ့ သူတို့ရဲ့ ကြေညာချက် မူကြမ်းမှာ ရိုဟင်ဂျာ ဒုက္ခသည် အကျပ်အတည်းနဲ့ ပတ်သက်လို့ တိုက်ရိုက် ထုတ်ဖေါ်ပြောဆိုဖို့ ပျက်ကွက်ခဲ့တာကို ကျနော်တို့ တုန့်လှုပ် စိတ်ပျက်မိသလို မယုံကြည်နိုင်အောင်ဖြစ်မိပါတယ်။ အခုချိန်မှာ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ ဒုက္ခအကျပ်အတည်းကြီး ဖြစ်နေတာပါ။ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို လူပေါင်း ၆၀၀,၀၀၀ ကျော် ထွက်ပြေးခဲ့ကြပါတယ်။ အများအပြားအသက်ဆုံးရှုံးခဲ့ကြသလို၊ ရွာပေါင်း ၃၀၀ ကျော် မီးရှို့ဖျက်စီးခံခဲ့ရပါတယ်။ အမြဲတမ်းအဖွဲ့ဝင်ဖြစ်တဲ့ တရုတ်နိုင်ငံပါတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာတောင် အကြမ်းဖက်မှုတွေရပ်တန့်ဖို့ တောင်းဆိုတဲ့ မြန်မာ့အရေးကြေညာချက် ထုတ်ပြန်နိုင်ခဲ့ပါတယ်။”

မေး။ ။ အာဆီယံရဲ့ ကြားဝင်ရောက်စွက်မဖက်ရေး မူအရ ဒီကိစ္စကို ထည့်သွင်းဖေါ်ပြတာ မဖြစ်နိုင်ဘူးလားရှင့်

ဖြေ။ ။ ဟုတ်ပါတယ်။ သူတို့အချင်းချင်း အကာအကွယ်ပေးနေတာပါ။ ဘာကြောင့်လဲဆိုတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံအများစုဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်ရင် နာမည်ကောင်းမရှိကြပါဘူး။ ဒါကြောင့် တကယ်လို့များ သူများနိုင်ငံနဲ့ ပတ်သက်လို့ ကြေညာချက်ထုတ်ပြန်မယ်ဆိုရင် တချိန်မှာ အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေက သူနိုင်ငံနဲ့ ပတ်သက်လို့ ပြန်ပြီးလုပ်ခံရမှာကို အာဆီယံခေါင်းဆောင်တွေက စိုးရိမ်ကြပါတယ်။

ဒီအတောအတွင်း ဖိလစ်ပိုင်နိုင်ငံမှာကျင်းပနေတဲ့ အာဆီယံနဲ့ အမေရိကန် ထိပ်သီးဆွေးနွေးပွဲကို အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်နဲ့အတူ တက်ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာလည်းရိုဟင်ဂျာဒုက္ခသည်အကျပ်အတည်းနဲ့ ပတ်သက်လို့ မြန်မာအစိုးရနဲ့ ဆွေးနွေးဖို့ နိုဝင်ဘာလ ၁၅ ရက် ဗုဒ္ဓဟူးနေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိလာမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်မှုတွေကို ကျူးလွန်ခဲ့သူတွေ၊ တာဝန်ရှိသူတွေကို အရေးယူဖို့ ဖိအားပေးပြောဆိုလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဒီခရီးစဉ်မတိုင်ခင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုး နေရာမှာဗိုလ်မှူးချုပ် စိုးတင့်နိုင်ကိုရုတ်တရက် အစားထိုးပြောင်းလဲ ခန့်အပ်လိုက်ပါတယ်။ အခုလို ရခိုင်ပြည်နယ်ကို ကြီးကြပ်ကွပ်ကဲနေတဲ့ စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်အပြောင်းအလဲနဲ့ ပတ်သက်လို့ အကြောင်းအရင်းကို မသိရသေးပါဘူး။ ကုလသမဂ္ဂဘက်ကတော့ ရခိုင်ပြည်နယ်တွင်း မြန်မာစစ်တပ်ရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပါအဝင် အခြားလူ့အခွင့်အရေးဆိုင်ရာ ခြိုးဖောက်ကျူးလွန်မှုတွေဟာ crimes against humanity လူသားထုအပေါ် ရာဇာဝတ်ကျူးလွန်မှုမြောက်ဖြစ်ကြောင်း စွပ်စွဲထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG