သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ASEAN-EU ကြား အကောက်ခွန်ကင်းမဲ့ရေး အလားအလာကောင်း


EU နဲ့ ASEAN ခေါင်းဆောင်များ ဘရပ်ဆဲလ်က ထိပ်သီးဆွေးနွေးပွဲမှာ တွေ့ရစဉ်။ (အောက်တိုဘာ ၁၉၊ ၂၀၁၈)
EU နဲ့ ASEAN ခေါင်းဆောင်များ ဘရပ်ဆဲလ်က ထိပ်သီးဆွေးနွေးပွဲမှာ တွေ့ရစဉ်။ (အောက်တိုဘာ ၁၉၊ ၂၀၁၈)

ဘလ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာကျင်းပတဲ့ EU-ASEAN ထိပ်သီးဆွေးနွေးပွဲမှာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဥတုရာသီ ဖေါက်ပြန်မှုနဲ့ လုံခြုံရေးကိစ္စတွေကိုဆွေးနွေးခဲ့ကြပြီး အဖွဲ့အစည်း၂ ခု အကြား အပြန်အလှန် သဘော တူညီချက်တွေလည်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ကုန်သွယ်ရေး သဘောတူညီချက်တွေအရ အကောက် ခွန်တွေ အားလုံးနီးပါးကင်းလွတ် လာမယ့်သဘောတွေ ရှိနေပါတယ်။ ဒီအကြောင်း ကိုကျော်အောင်လွင်က ဆက်ပြီးပြောပြပါလိမ့်မယ်။

EU ဥရောပသမဂ္ဂနိုင်ငံံတွေက ခေါင်းဆောင်တွေနဲ့ အာဆီယံနိုင်ငံတွေရဲ့ခေါင်းဆောင်တွေ ဘလ်ဂျီ ယံ နိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ၂ ရက်ကြာထိပ်သီးဆွေးနွေးပွဲကျင်းပခဲ့ပြီး မနေ့ကသောကြာနေ့ မှာပဲ ဆွေးနွေးပွဲ အဆုံးသတ် ခဲ့တာပါ။ အမေရိကန်သမ္မတ ဒေါ်နလ်ထရမ့်ရဲ့အဆီစဉ်ကြောင့် ကမ္ဘာတဝှမ်း ကုန်သွယ်ရေးတင်းမာမှုတွေ မြင့်တက်လာနေချိန်မှာ အီးယူနဲ့အာဆီယံအဖွဲ့ ၂ ခု အကြား လွတ်လပ် တဲ့ ကုန်သွယ်ရေးတွေလုပ်ဆောင်ကြဖို့ မနေ့က သောကြာနေ့တုန်းက သဘောတူခဲ့ကြပါတယ်။ အီးယူအဖွဲ့နဲ့ စင်္ကာပူအကြားမှာလည်း လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူစာချုပ်တခုကို မနေ့ကပဲ လက်မှတ်ရေးထိုးခဲ့ကြပြီး ဒါဟာ အီးယူနဲ့အာဆီယံအကြား ပထမဆုံးအကြိမ် လွတ်လပ်တဲ့ ကုန်သွယ်ရေးသဘောတူစာချုပ်လည်းဖြစ်ပါတယ်။ အဖွဲ့ အစည်း ၂ ခုအကြား အရင်ကထက်ပိုပြီး နီးနီးကပ်ကပ်လုပ်ဆောင်မှုတွေရှိလာမယ့်အကြောင်းဥရောပကောင်ဆီရဲ့ ဥက္ကဋ္ဌ Donald Tusk ကပြောပါတယ်။

“ဥရောပဘက်ခြမ်းကဆိုရင် ကျနော်တို့ရဲ့ စိတ်ဝင်စားမှုက ရှင်းပါတယ်။ အာဆီယံနဲ့ ဥရောပနိုင်ငံတွ အကြား ကုန်သွယ်ရေးတွေ ပိုပြီးလုပ်ချင်တယ်။ ၂ ဘက်အဖွဲ့အစည်းအကြားက နိုင်ငံတွေအချင်းချင်း အပြန်အလှန် အလည်အပတ် သွားတာတွေ ခပ်စိပ်စိပ်လုပ်လာချင်တယ်။ ကမ္ဘာ့ရဲ့သဘာဝတွေ ကို လည်း အတူတွဲပြီး ထိန်းသိမ်းဖို့နဲ့ နောက်ဆုံး အခုလိုမရေရာတဲ့ ကာလမျိုးမှာ လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ချက်တွေကို အချင်းချင်း အပြန်အလှန် ပိုပြီးတိုးမြှင့်လုပ်ဆောင်စေချင်ပါတယ်။”

ဘရပ်ဆဲလ်မြို့က ထိပ်သီးဆွေးနွေးပွဲကို ဥရောပနိုင်ငံတွေက ခေါင်းဆောင် ၃၀ နဲ့ အာဆီယံ နိုင်ငံတွေက ခေါင်းဆောင်၂၁ ဦး တက်ရောက်ခဲ့ကြပါတယ်။ အာဆီယံနဲ့အီးယူ ၂ ဖွဲ့ပေါင်း လူဦးရေ က ကမ္ဘာ့လူဦးရေရဲ့ ခြောက်ဆယ်ရာခိုင်နှုန်းရှိပြီး ကမ္ဘာ့ကုန် သွယ်ရေးရဲ့ ၅၅ ရာခိုင်နှုန်းကို မောင်းနှင်နေတာပါ။ ဒီ ၂ ဖွဲ့ ပေါင်းရဲ့ စီးပွါးရေးအင်အားက ကမ္ဘာ့စီးပွါးရေးရဲ့ သုံးပုံနှစ်ပုံလောက်ရှိ နေတာပါ။ ၂ ရက်ကြာ ထိပ်သီးဆွေးနွေးပွဲအတွင်း အဓိက ဆွေးနွေးခဲ့ကြတဲ့အထဲမှာ ဥတုရာသီ ဖောက်ပြန်မှုကိစ္စ၊ ရင်းနှီးမြှုပ်နှံမှုကိစ္စနဲ့ လုံခြုံရေးကိစ္စတွေအပါအဝင် ပွင့်လင်းလွတ်လပ်တဲ့ ကမ္ဘာ့ စီးပွါးရေးကို ကောင်းမွန်အောင်ဆက်ပြီးထိမ်းသိမ်း ထားဖို့နဲ့ WTO ကမ္ဘာ့ ကုန်သွယ် ရေးအဖွဲ့ရဲ့ အဓိက ရပ်တည်ချက်အတိုင်း စည်းမျဉ်းစည်းကမ်းကိုအခြေခံတဲ့ နိုင်ငံစုံကုန်သွယ်ရေး စံနစ်ကို အားပေးထောက်ခံသွားဖို့ဆိုတဲ့ကိစ္စတွေလည်းပါဝင်ပါတယ်။

စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong ကလည်း အာဆီယံနဲ့အီးယူအဖွဲ့တွေဟာ သဘာဝအားဖြင့် တူညီတဲ့အဖွဲ့တွေဖြစ်တယ်လို့ ဆိုပါတယ်။

“ကမ္ဘာပေါ်မှာအအောင်မြင်ဆုံးဒေသဆိုင်ရာအဖွဲ့အစည်း ၂ ခုဖြစ်တဲ့ အာဆီယံနဲ့ အီးယူတို့ဟာ သဘာဝအရပါ တူညီတဲ့ တကယ့်လက်တွဲဖေါ် အဖွဲ့အစည်းတွေပါ။ အထူးသဖြင့် ကိုယ့်နိုင်ငံရဲ့ အကျိုးစီးပွါးကို ကာကွယ်တဲ့ ခံယူချက်ဟာ နိုင်ငံစုံ ပေါင်းစုံ အဖွဲ့အစည်းတွေအတွက် ချိန်းခြောက်မှုအဖြစ် သဘောထားတဲ့နေရာမှာ အာဆီယံရော အီးယူအဖွဲ့ရော တူညီကြပါတယ်။”

အီးယူ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာပြဿနာကိုလည်း ထည့်ပြောခဲ့ကြပါတယ်။ ဒါပေမဲ့ ရိုဟင်ဂျာ ဆိုတဲ့အသုံးအနှုန်းကိုတော့ မသုံးစွဲခဲ့ပါဘူး။ ဒုက္ခသည်တွေ ရခိုင်ပြည်နယ်ကို စိတ်ချလုံခြုံပြီး ဂုဏ်သိက္ခာရှိရှိနဲ့ ကိုယ့်သဘောနဲ့ကိုယ် ရေရှည်ပြန်ပြီး နေထိုင် နိုင်ရေး လမ်းခင်းပေးဖို့လိုတယ်လို့ ပြောခဲ့ကြပါ တယ်။ မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံတွေ ထဲမှာ လူ့အခွင့်အရေးချိုးဖေါက်မှုတွေရှိနေတာကြောင့် အာဆီယံ ခေါင်းဆောင်တွေနဲ့ဆုံတဲ့အခါ လူ့အခွင့်အရေးဆိုင်ရာ တိုးတက်မှုတွေရှိလာအောင် လုပ်ဆောင်ရေး ဖိအားပေးတိုက်တွန်းဖို့ ဥရောပခေါင်းဆောင်တွေကို လူ့အခွင့်အရေးအုပ်စုတွေက တောင်းဆိုနေကြတာပါ။ ၁၃ ကြိမ်မြောက် အီးယူ-အာဆီယံထိပ်သီးဆွေးနွေးပွဲကိုတော့ ကမ္ဘောဒီးယားနိုင်ငံမြို့တော် ဖနွမ်းပင်မှာ ၂၀၂၀ ခုနှစ်ကျရင် ကျင်းပမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG