သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ သဘောတူညီမှု ၅ ချက် အပြည့်အဝလုပ်ဆောင်ဖို့ EU တိုက်တွန်း


European Union flag lies at the centre of Schuman Square outside European Commission headquarters in Brussels, Belgium, May 8, 2021.
European Union flag lies at the centre of Schuman Square outside European Commission headquarters in Brussels, Belgium, May 8, 2021.

{Zawgyi/Unicode}

မြန်မာ့အရေး အာဆီယံအထူးသံတမန်နဲ့ အပြုသဘော ဆက်သွယ်လုပ်ဆောင်ဖို့၊ အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို အလျင်အမြန် မှန်မှန်ကန်ကန် အပြည့်အဝ အကောင်အထည်ဖော်ဖို့ စစ်ကောင်စီကို ဥရောပသမဂ္ဂ (EU) က တောင်းဆိုလိုက်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံကို အာဆီယံအထူးသံတမန် ပုံမှန်လာရောက်နိုင်ရေး စီစဉ်ဖို့၊ သူ တွေ့ချင် သူတွေအားလုံးနဲ့ လွတ်လွတ်လပ်လပ် တွေ့ဆုံနိုင်စေဖို့ လိုအပ်တယ်ဆိုတာကိုလည်း ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်တခုမှာ EU က ထောက်ပြထားပါတယ်။

အာဆီယံအထူးသံတမန်၊ ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof မြန်မာနိုင်ငံ လာရောက်ပြီး ဘက်အားလုံးက သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံရေးကိစ္စ စစ်ကောင်စီနဲ့ ညှိနှိုင်းဆွေးနွေးတာတွေ ပြေလည်မှုမရသေးတဲ့အချိန်မှာပဲ EU ရဲ့ တိုက်တွန်း တောင်းဆိုချက် ထွက်လာတာပါ။

မြန်မာနိုင်ငံမှာ အဓိပ္ပါယ်ပြည့်ဝတဲ့ စေ့စပ်ညှိနှိုင်းမှုဖြစ်ဖို့ဆိုရင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူမျိုးစုအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ လက်ရှိအကျပ်အတည်းအတွက် ငြိမ်းချမ်းတဲ့အဖြေတခုရဖို့ ရည်ရွယ်လုပ်ဆောင်နေတဲ့ ဒီမိုကရေစီရေး လိုလားသူ တခြားအစုအဖွဲ့တွေအပါအဝင် သက်ဆိုင်တဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းအားလုံး ပါဝင်ရမယ်လို့ EU က အလေးအနက် ပြောထားပါတယ်။

စတယ်ဆိုကတည်းကိုက တကယ်စစ်မှန်ပြီး အားလုံးပါဝင်တဲ့ စေ့စပ်ညှိနှိုင်းမှုမျိုးကသာလျှင် မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းပြီး ရေရှည်ခိုင်မာတဲ့ အနာဂတ်တခုပေါ်ပေါက်စေရေး အာမခံချက်ပေးနိုင်မှာဖြစ်တယ်လို့ EU နိုင်ငံခြားရေးနဲ့ လုံခြံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် Josep Borrell က EU ကိုယ်စားထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေ အရှိန်မြင့်လာတဲ့အပေါ် EU အနေနဲ့ အထူးစိုးရိမ်တယ်လို့ ပြောထားသလို သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဏာသိမ်းမှုနဲ့ဆက်စပ်ပြီး ဖမ်းဆီးထားသူအားလုံးကို ချက်ခြင်းနဲ့ ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့လည်း EU က ထပ်ပြီး တောင်းဆိုထားပါတယ်။
EU ရဲ့ ဒီကနေ့ထုတ်ပြန်ချက်အပေါ် စစ်ကောင်စီဘက်က တုံ့ပြန်ချက်တစုံတရာ ထွက်မလာသေးပါဘူး။


=======

{Unicode}







#MyanmarEU #MyanmarASEAN #MyanmarPolitics #VOABurmese
#ဥရောပသမဂ်ဂ#အာဆီယံအထူးသံတမနျ#CRPH#EU#ErywanYusof

XS
SM
MD
LG