သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ် အာဆီယံ ပြန်သုံးသပ်မည်


လာအိုနိုင်ငံမှာကျင်းပတဲ့ ၅၇ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တက်ရောက်လာတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနဲ့ မြန်မာအမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုး (ဝဲ-အစွန်) (ဇူလိုင် ၂၅၊ ၂၀၂၄)
လာအိုနိုင်ငံမှာကျင်းပတဲ့ ၅၇ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တက်ရောက်လာတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနဲ့ မြန်မာအမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုး (ဝဲ-အစွန်) (ဇူလိုင် ၂၅၊ ၂၀၂၄)

မြန်မာ့အရေး ဖြေရှင်းဖို့ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) က ပြန်သုံးသပ်မယ်လို့ ပြောလိုက်ပါတယ်။

မြန်မာ့အရေး ဖြေရှင်းရာမှာ အာဆီယံ ဘုံသဘောတူညီချက်ကို အခြေခံမူအဖြစ် ဆက်လက်ဆွဲကိုင်ထားဆဲဖြစ်ပြီး လက်တွေ့အကောင်အထည်ဖော်မှု အခြေအနေတွေကို အပြည့်အဝ ပြန်လည်သုံးသပ်သွားမယ့်အကြောင်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ လာအိုနိုင်ငံမှာ မနေ့က ကျင်းပပြီးစီးသွားတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြခဲ့တာပါ။

သုံးသပ်ချက်တွေနဲ့ အကြံပြုချက်တွေကိုတော့ လာအိုနိုင်ငံမှာပဲ အောက်တိုဘာလကျရင် ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ တင်ပြမယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်အာဏာသိမ်းခဲ့ရာက ပေါ်ပေါက်လာတဲ့ နိုင်ငံရေးအကျပ်အတည်းတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီး အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ထားပြီး စစ်ကောင်စီကလည်း လက်ခံထားပေမဲ့ လက်တွေ့လိုက်နာဖို့ ပျက်ကွက်နေတဲ့အတွက် အာဆီယံအသင်းဝင်တွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက စိတ်ပျက်နေကြတာပါ။

ဘုံသဘောတူညီချက်တွေကို လိုက်နာဖို့ ပျက်ကွက်နေတဲ့အတွက် အာဆီယံက အစည်းအဝေးတွေမှာ စစ်ကောင်စီ ကိုယ်စားပြုတဲ့သူတွေ တက်ရောက်ခွင့် မပြုဖို့ ဆုံးဖြတ်ထားပါတယ်။

Forum

XS
SM
MD
LG