သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ တရုတ်နယ်စပ် ခရီးထွက်


အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ တရုတ်နယ်စပ် ခရီးထွက်
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ တရုတ်နယ်စပ် ခရီးထွက်

အာရှရဲ့ စီးပွားရေး အင်အားအကြီးဆုံး တရုတ်နိုင်ငံနဲ့ ဒေသတွင်း ဈေးကွက်ကို အပြည့်အ၀ ဆက်နွယ်နိုင်ဖို့ ကြိုးစားနေတဲ့ စီမံကိန်းတရပ်ကို မီးမောင်းထိုးပြဖို့ ရည်ရွယ်တဲ့ ပုံမှန်မဟုတ်တဲ့ ခရီးစဉ်တရပ်ကို အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) က နိုင်ငံခြားရေး ဝန်ကြီးတွေက စတင်နေကြပါတယ်။ လေယာဉ်ပျံ၊ မော်တော်ကား၊ ဘတ်စ်ကားတွေ၊ လှေတွေနဲ့ပါ ထိုင်းနိုင်ငံ မြောက်ပိုင်းကနေ တရုတ်နိုင်ငံ ကူမင်းမြို့ကို ခရီးထွက်နေကြတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့က စတင်မယ့် ၃ ရက်ကြာ ခရီးစဉ် အစီအစဉ်တွေထဲမှာ နိုင်ငံခြားရေး ဝန်ကြီးတွေဟာ အရင်ဆုံး မဲခေါင်မြစ်ကနေ လာအိုနိုင်ငံကို စက်လှေတွေနဲ့ သွားမှာဖြစ်ပြီး အဲဒီကနေမှ တရုတ်နယ်စပ်အထိ ဘတ်စ်ကားနဲ့ ခရီးဆက်မှာ ဖြစ်ပါတယ်။

အဲဒီနောက် မြောက်ဘက်အတိုင်း ဦးတည်ပြီး ကားနဲ့ ခရီးဆက်မှာ ဖြစ်သလို တရုတ် ယူနန်ပြည်နယ်မြို့တော် ကူမင်းကိုတော့ လေယာဉ်နဲ့ သွားရောက်ကြမှာ ဖြစ်တယ်လို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံက ပြောပါတယ်။

အဲဒီ ကူမင်းမြို့မှာပဲ ဒီသီတင်းပတ်နှောင်းပိုင်း ပြုလုပ်မယ့် အာဆီယံနဲ့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးများရဲ့ အစည်းအဝေးကို သူတို့တွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

အခုခရီးစဉ်ဟာ ဒေသတွင်း ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းတွေ တိုးမြှင့်နိုင်ဖို့အတွက် တည်ဆောက်နေတဲ့ အခြေခံ အဆောက်အဦး စီမံကိန်းတရပ်ကိုပါ ပြသဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့လည်း အာဆီယံအဖွဲ့က ပြောပါတယ်။

ဒီအထဲမှာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းနဲ့ မြန်မာ၊ ဗီယက်နမ်နဲ့ စင်ကာပူ နိုင်ငံတွေကို ဆက်သွယ်ထားတဲ့ တရုတ် အကုန်အကျခံ တည်ဆောက်ထားတဲ့ အမြန်ရထားလိုင်း စီမံကိန်းက အဓိက ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် နောက်ဆုံးထားပြီး ဥရောပသမဂ္ဂ ပုံစံနဲ့ အလားတူ စုစည်းမှုရှိတဲ့ အာဆီယံ အသိုက်အဝိုင်းတခု ဖြစ်လာအောင် အရေးတကြီး တိုက်တွန်းဆောင်ရွက်သွားဖို့ လိုတဲ့အကြောင်းလည်း အာဆီယံအသင်းက ပြောပါတယ်။

XS
SM
MD
LG