သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်တိုက်ပွဲတွေနဲ့ ပိတ်မိနေသူတွေအရေး အာဆီယံ စိုးရိမ်


ရှမ်းမြောက်တိုက်ပွဲတွေနဲ့ ပိတ်မိနေသူတွေအရေး အာဆီယံ စိုးရိမ်ကြောင်း သတင်းထုတ်ပြန်တိုက်တွန်း (@ASEAN.org)
ရှမ်းမြောက်တိုက်ပွဲတွေနဲ့ ပိတ်မိနေသူတွေအရေး အာဆီယံ စိုးရိမ်ကြောင်း သတင်းထုတ်ပြန်တိုက်တွန်း (@ASEAN.org)

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နိုင်ငံခြားသားတွေအပါအဝင် အရပ်သားပြည်သူတွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ တိုးလာတဲ့အပေါ် အထူးစိုးရိမ်ကြောင်းနဲ့ တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ နိုင်ငံခြားသားတွေ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်အောင် လုပ်ဆောင်ပေးဖို့ အရှေ့တောင် အာရှနိုင်ငံများအဖွဲ့ အာဆီယံက တိုက်တွန်းလိုက်ပါတယ်။

လက်ရှိပဋိပက္ခမှာ ပါဝင်ပတ်သက်နေသူ အားလုံးအနေနဲ့ အကြမ်းဖက်တိုက်ခိုက်နေတာတွေ ချက်ချင်းရပ်ပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့၊ နိုင်ငံတကာ ဥပဒေတွေကို လေးစားလိုက်နာပြီး အရပ်သားပြည်သူတွေ ဘေးကင်းလုံခြုံမှုရှိအောင် ဆောင်ရွက်ဖို့ အာဆီယံက တိုက်တွန်းကြောင်း နိုဝင်ဘာလ ၂၄ ရက် သောကြာနေ့က ထုတ်ပြန်တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ပိတ်မိနေတဲ့ နိုင်ငံခြားသားတွေ ဘေးလွတ်ရာ အမြန်ဆုံးထွက်ခွာနိုင်ဖို့နဲ့ လူသားချင်းစာနာမှု အကူအညီတွေ အလျင်မြန် ပေးနိုင်အောင် အရေးတကြီးလုပ်ဆောင်ဖို့ မြန်မာအာဏာပိုင်တွေကိုရော၊ တခြားသက်ဆိုင်ရာအဖွဲ့အစည်းတွေကို တောင်းဆိုထားပါတယ်။

မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့် MNDAA ၊ တအာင်း TNLA နဲ့ ရခိုင့်တပ်တော် AA တို့ ပူးပါင်းပြီး ၁၀၂၇ စစ်ဆင်ရေး စတင်တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့နောက်ပိုင်းကစလို့ ရှမ်းမြောက်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေသလို၊ အဲ့ဒီဒေသတွေမှာ အလုပ်လုပ်နေကြတဲ့ နိုင်ငံခြားသားတွေ အများအပြားလည်း တိုက်ပွဲတွေကြား ပိတ်မိနေတာပါ။ ဒီအထဲမှာ တရုတ်နိုင်ငံသားတွေက အများဆုံးဖြစ်ပြီး ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားစတဲ့ အာရှနိုင်ငံတွေက နိုင်ငံသားတွေ အများအပြား ပါဝင်ပါတယ်။

XS
SM
MD
LG