သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်မြေ အငြင်းပွါးမှု နိုင်ငံတကာစံနဲ့ ဖြေရှင်းဖို့ အာဆီယံ လိုလား


အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေး။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေး။
ပုဂံမြို့မှာပြုလုပ်နေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးကနေ ၂၀၁၅ ခုနှစ် အာဆီယံ လူမှုအသိုက်အဝန်းတရပ် စုစည်းထူထောင်သွားဖို့ဆိုတဲ့ ရည်မှန်းချက် အပြီးသတ် အကောင်အထည်ဖော်ဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့ သလို၊ ဒေသတွင်းက တရုတ်နဲ့ဖြစ်နေတဲ့ တောင်တရုတ် ပင်လယ်ပြင် ရေပိုင်နက် အငြင်းပွားမှု ကိစ္စတွေကိုလည်း စိုးရိမ်မကင်းဖြစ်ကြောင်း ထုတ်ဖော်ပြောခဲ့ ပါတယ်။ အာဆီယံ အစည်းအဝေး သတင်းသွားယူနေတဲ့ ဗွီအိုအေ အဖွဲ့သား ကိုသားညွန့်ဦးက သတင်းပေးပို့ထားတာပါ။

ဇန်နဝါရီလ ၁၇ရက်နေ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး မှာတော့ မြန်မာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သွားမယ့် အခု ၂၀၁၄ ခုနှစ်အတွင်းမှာ ဦးစားပေးဆောင်ရွက်သွားမယ့် ကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးခဲ့ကြတာပါ။ ဒီအထဲမှာတော့ ၂၀၁၅ ခုနှစ် အာဆီယံ လူမှုအသိုက်အဝန်း စုစည်း တည်ဆောက်ဖို့ ရည်မှန်းချက်တွေကို ဘယ်လို အကောင်အထည်ဖော် သွားမလဲဆိုတာနဲ့၊ အဲဒီ ၂၀၁၅ ခုနှစ်အလွန်ပိုင်း အာဆီယံရဲ့ ရပ်တည်မှု ကိစ္စရပ်တွေကို ပုံကြမ်းချ သွားပြီးတော့ အဖွဲ့ဝင်နိုင်ငံခြားရေးဝန်ကြီးတွေကြား ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ ဒီအစည်းအဝေးမှာတော့ ပြည်တွင်း မှာ နိုင်ငံရေးပြဿနာတွေကို ရင်ဆိုင်နေရတဲ့ ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေ က နိုင်ငံခြားရေးဝန်ကြီးတွေ ကတော့ မတက်လာပါဘူး။ ဒီနှစ်နိုင်ငံရဲ့ နိုင်ငံရေးပြဿနာတွေကိုလည်း ဆွေးနွေးခြင်း မှတ်ချက်ပေးခြင်းမလုပ်ခဲ့ကြပါဘူး။ ဒါဟာပြည်တွင်းရေးကိစ္စဖြစ်ပြီး အာဆီယံရဲ့ အခြေခံမူအတိုင်း အခြားအဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်စွတ်ဖက်စရာမရှိဘူးလို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးက အစည်းအဝေးအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

"အာဆီယံအဖွဲ့ကြီးရဲ့ အခြေခံမူတချက်ကတော့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွတ်ဖက်ဘူးဆိုတာပါ။ ဒါကြောင့် ကမ္ဘောဒီယားနဲ့ ထိုင်းနိုင်ငံမှာဖြစ်နေတဲ့ကိစ္စရပ်တွေဟာ သူတို့ပြည်တွင်းရေးကိစ္စတွေဖြစ်တာမို့၊ ကျနော်တို့အနေနဲ့ ဒီအကြောင်းတွေကို ဆွေးနွေးတာ မှတ်ချက်ပေးတာမျိုးတွေမရှိပါဘူး။"


အခုလို ထိုင်းနဲ့ ကမ္ဘောဒီယားနိုင်ငံရေးပြဿနာတွေကို မဆွေးနွေးဘူး ဆိုပေမယ့်၊ တောင်တရုတ်ပင်လယ်ပြင်အတွင်းက ပင်လယ်ပြင်ရေကြောင်း ဆိုင်ရာ အငြင်းပွားမှု ကိစ္စရပ်တွေ ကိုတော့ ဆွေးနွေးခဲ့ပါတယ်။ အာဆီယံနိုင်ငံအချို့နဲ့ တရုတ်နိုင်ငံ အကြား ရေပိုင်နက် အငြင်းပွားမှုပြဿနာတွေဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့အခြေအနေတွေ အပေါ် စိုးရိမ်မကင်းဖြစ်တယ်လို့ အာဆီယံဝန်ကြီးတွေက ဆွေးနွေးခဲ့ကြပါတယ်။

တောင်အာရှပင်လယ်ပြင်တဝိုက် ငြိမ်းချမ်းမှု တည်ငြိမ်မှု လုံခြုံရေးနဲ့ လွတ်လပ်စွာရေကြောင်းသွားလာခွင့်တွေအတွက် နိုင်ငံတကာစံနှုန်းစံထားတွေအတိုင်း ငြိမ်းချမ်းစွာညှိုနှိုင်းဖြေရှင်းသွားဖို့ဆိုပြီး အာဆီယံဝန်ကြီးတွေက သက်ဆိုင်ရာနိုင်ငံတွေကို ဆွေးနွေးတောင်းဆိုခဲ့ကြပါတယ်။တချိန်တည်းမှာတော့ အာဆီယံပဋိဉာဏ်တွေကို ၅ နှစ်တခါ ပြန်လည်သုံးသပ်ဖို့ဆိုတာဟာ အခု မြန်မာ ဥက္ကဌ အလှည့်ကျတာဝန်ယူရမယ့် ၂၀၁၄ ခုနှစ်မှာ အလှည့်ကျလာပါတယ်။

ဒါကြောင့်လည်း အာဆီယံသင်းပင်းဖွဲ့စည်းမှုကို ပြန်လည်သုံးသပ်ဖို တာဝန်တရပ်ဖြစ်နေပြီး၊ High Level Task Force ဆိုတဲ့ အဆင့်မြင့်လုပ်ငန်းအဖွဲ့အနေနဲ့ ဖြစ်နိုင်သမျှ မြန်မြန် သူ့လုပ်ငန်းတွေကို ဆောင်ရွက်သွားဖို့ လိုတယ်လို့ အလှည့်ကျဥက္ကဌ တာဝန်ယူထားတဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အာဆီယံ အစည်းအဝေး ဖွင့်ပွဲအစ မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။

အာဆီယံအဆင့်မြင့်လုပ်ငန်းအဖွဲ့ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးကို မြန်မာ ဥက္ကဋ္ဌတာဝန်ယူထားစဉ်ကာလ ခေါ်ယူကျင်းပနိုင်ဖို့၊ နိုင်ငံတွေက ကိုယ်စားလှယ်တွေ အမြန်ခန့်ထားကြဖို့ကို ဦးဝဏ္ဏမောင်လွင်က သူ့ အဖွင့်မိန့်ခွန်းထဲ ထည့်သွင်းပြောခဲ့ပါတယ်။

တချိန်တည်းမှာတော့ အာဆီယံ လူ့အခွင့်အရေးကော်မရှင် ကိစ္စနဲ့ပတ်သက်လို့လည်း သုံးသပ်သွားဖို့ရှိတယ်လို့ အာဆီယံအတွင်းရေးမှုးချုပ် Le Luong Minh က ပြောပါတယ်။ အာဆီယံ လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တွေ ရွေးခြယ်ရာမှာ တနိုင်ငံနဲ့တနိုင်ငံ စံနှုန်းမတူတဲ့အပေါ်မှာ ဒေသတွင်း အရပ်ဖက်လူမှုအဖွဲ့အစည်းတွေအကြား မကျေနပ်မှုတွေက ရှိနေတာပါ။ အချို့နိုင်ငံတွေက သူတို့နိုင်ငံတွင်းက အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ တိုင်ပင်ပြီး၊ လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်ကို ရွေးကြပေမယ့်လို့ မြန်မာ အပါအဝင် အချို့နိုင်ငံတွေကတော့ အစိုးရက တိုက်ရိုက်ရွေးချယ်ခန့်အပ်ပါတယ်။

အာဆီယံအနေနဲ့ကတော့ အာဆီယံ လူ့အခွင့်အရေးကြေညာ စာတမ်းအပေါ်တည်ပြီး လူ့အခွင့်အရေးစောင့်ကြည့်မှု စနစ်သစ်တရပ် ထူထောင်နိုင်ဖို့ သုံးသပ်သွားမှာဖြစ်တယ်လို့ အတွင်းရေးမှုးချုပ်က အစည်းအဝေးအပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

"အာဆီယံ လူ့အခွင့်အရေးကော်မရှင်နဲ့ ပတ်သက်လို့ လုပ်ထုံးစည်းမျဉ်းတွေကို ဒီနှစ်အတွင်းမှာ ပြန်ပြီး သုံးသပ်ဖို့ရှိပါတယ်။ ဒါပေမယ့် ဒီကော်မရှင်နဲ့ပတ်သက်လို့ နားလည်သဘောပေါက်ဖို့ကောင်းတာက၊ အာဆီယံ လူ့အခွင့်အရေးကြေညာ စာတမ်းဟာ အာဆီယံအလုပ်တွေအတွက် အရေးကြီးပါတယ်။ ငြိမ်းချမ်းမှု စဉ်ဆက်မပြတ်ဖွံဖြိုးမှု စတဲ့ အခွင့်အရေးတွေကို ထည့်သွင်းထားတဲ့ ထူးခြားချက်ရှိပါတယ်။ ဒီအပေါ်မှာ လူ့အခွင့်အရေး ထိန်းကွပ်မှု စံနစ်တရပ် ထားရှိဖို့ ဆောင်ရွက်သွားရေး သုံးသပ်သွားရမှာဖြစ်ပါတယ်။"

အာဆီယံလူမှုအသိုက်အဝန်း တည်ဆောက်ရေးမှာ ထူထောင် သွားဖို့ ပြင်ဆင်ဆောင်ရွက်ချက်တွေမှာ ကိစ္စရပ် အတော် များများ ဆောင်ရွက်ပြီးစီးခဲ့ပြီလို့တော့ အာဆီယံ အတွင်းရေးမှုးချုပ် က ပြောပါတယ် ဒါပေမယ့်လို့ အခုဖြစ်နေတဲ့ ထိုင်း ကမ္ဘောဒီးယားလို နိုင်ငံရေးပြဿနာတွေကိုတောင် တုန့်ပြန် မှတ်ချက်ပေးဖို့ တွန့်နေတဲ့ အာဆီယံနိုင်ငံတွေအကြား အာဆီယံ လူမှုအသိုက်အဝန်း ထူထောင်ရေးဆိုတာ ဘယ်လောက် လက်တွေ့ကျမလဲဆိုတာကတော့ မေးခွန်းထုတ်စရာရှိပါတယ်။
XS
SM
MD
LG