သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ လူ့အခွင့်အရေးစာတမ်း နိုင်ငံတကာ စံချိန်မှီဖို့ HRW တိုက်တွန်း


မြန်မာနိုင်ငံ အပါအဝင် အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်တဲ့ အာဆီယံအဖွဲ့ကြီးအနေနဲ့ အာဆီယံ လူ့အခွင့်အရေး ကြေညာစာတမ်းကို နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ အညီ ရေးဆွဲဖို့နဲ့ ပြည်သူလူထုအတွက် အာမခံဖို့ လိုအပ်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်နေတဲ့ အဖွဲ့ကြီးဖြစ်တဲ့ Human Rights Watch (HRW) က တောင်းဆို လိုက်ပါတယ်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဒီလူ့အခွင့်အရေး ကြေညာစာတမ်း မူကြမ်းရေးဆွဲရေး ကိစ္စနဲ့ပတ်သက်ပြီး ဖနွမ်ပင်မြို့မှာ တနင်္ဂနွေနေ့က ဆွေးနွေးခဲ့ကြပါတယ်။ ဒီမူကြမ်းကို တံခါးပိတ် ညှိနှိုင်းဆွေးနွေးတဲ့ လုပ်ရပ်ဟာ အဓိပ္ပါယ်မရှိဘူးလို့ HRW အဖွဲ့က ပြောပါတယ်။

အာဆီယံအဖွဲ့ကြီးရဲ့ အစိုးရ အဖွဲ့တွေ ပါဝင်ဖွဲ့စည်းထားတဲ့ လူ့အခွင့်အရေး ကော်မရှင်ကို ၂၀၀၉ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာပါ။ ဒီလူ့အခွင့်အရေး ကြေညာစာတမ်းက အဖွဲ့ဝင် နိုင်ငံတွေကြား လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ပူးပေါင်းလုပ်ဆောင်ကြဖို့ ဖြစ်ပါတယ်။ ဒီစာတမ်းကို အာဆီယံ ခေါင်းဆောင်တွေက အခုနှစ်နှောင်းပိုင်းမှာ အတည်ပြုပေးဖို့ ရှိနေပါတယ်။

အာဆီယံအဖွဲ့ကြီးအနေနဲ့ ဒီကြေညာစာတမ်းကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသင့်ကြောင်း HRW အဖွဲ့ကြီးက တိုက်တွန်းထားပါတယ်။

အာဆီယံအဖွဲ့အတွင်းက တချို့နိုင်ငံတွေဟာ လူ့အခွင့်အရေး ကြေညာစာတမ်းအတွက် နိုင်ငံအတွင်းက လူမှု လူ့အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမဲ့ တချို့နိုင်ငံတွေကတော့ မျက်နှာသာပေး ရွေးချယ်ထားတဲ့ အဖွဲ့တွေနဲ့ပဲ တွေ့ဆုံ ဆွေးနွေးတာမျိုးတွေ လုပ်ခဲ့ကြတယ်လို့ HRW အဖွဲ့က ထောက်ပြ ပြောဆိုထားပါတယ်။

XS
SM
MD
LG