သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ASEAN-အိန္ဒိယကားပြိုင်ပွဲ မန္တလေးမှာတထောက်နား


ASEAN INDIA CAR RALLY LOGO Source- http://www.aseanindia.com
အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN နဲ့ India နိုင်ငံကြား ဆက်ဆံရေးခိုင်မာမှုကို ပြတဲ့အနေနဲ့ အာဆီယံနိုင်ငံတွေကို ဖြတ်ကျော် မောင်းလာကြတဲ့ ယာဉ်တန်းကြီးဟာ ဒီကနေ့ မန္တလေးမြို့ကို ရောက်ရှိလာခဲ့ပါတယ်။ အခုလို နိုင်ငံအမြောက်အများပါဝင်တဲ့ ယဉ်တန်းကြီးနဲ့ နိုင်ငံတခုကနေ တခု ဖြတ်ပြီးမောင်းရတဲ့ အတွေ့အကြုံဟာ ထူးခြားပြီး ဂုဏ်ယူစရာဖြစ်တဲ့ မြန်မာနိုင်ငံ ကိုယ်စားပြု ကားမောင်းသူတယောက်ဖြစ်တဲ့ ရုပ်ရှင်မင်းသမီး မေသဉ္ဇာဦးက VOA မြန်မာပိုင်း ကို ပြောပါတယ်။ မန္တလေးမြို့ခံတွေကလဲ ခုလို သူတို့မြို့မှာ ခရီးတထောက်နားကြတဲ့အတွက် ဝမ်းသာနေကြပါတယ်။ မြန်မာနိုင်ငံကနေ India နိုင်ငံကို ခရီးဆက်မဲ့ ASEAN India ကားမောင်း ပြိုင်ပွဲအကြောင်းကို စုံစမ်းထားတဲ့ ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပါမယ်။

November လ ၂၆ ရက်နေ့ကစလို့ Indonesia နိုင်ငံ Yogyakarta မြို့က စခဲ့တဲ့ အာဆီယံ ၁၀ နိုင်ငံနဲ့ India နိုင်ငံကိုယ်စားပြု မော်တော်ကားတန်းကြီးဟာ ထိုင်းနိုင်ငံကတဆင့် ဒီကနေ့မှာ မန္တလေးမြို့ကို ရောက်ရှိလာပါတယ်။ မော်တော်ကား ၃၁ စီးပါတဲ့ နိင်ငံကိုယ်စားပြု ယာဉ်တွေထဲမှာ မြန်မာနိုင်ငံက ယဉ်မောင်း ၈ ယောက်နဲ့ ကား ၂ စင်းလည်း ပါပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲက မြန်မာနိုင်ငံကို နောက်ဆုံးဝင်တဲ့ ခရီးစဉ်အကြောင်း ယာဉ်မောင်းတယောက်ဖြစ်တဲ့ ရုပ်ရှင်မင်းသမီး မေသဉ္ဇာဦးက VOA မြန်မာပိုင်းကို ခုလိုပြောပြပါတယ်။

“ဇာကြီးရယ်၊ ဆုပန်ထွာရယ်၊ ကိုပေါက်ရယ်၊ ဝေဌုကျော်ရယ်၊ စကိုင်းနက် အဖွဲ့လေးယောက် ရယ်၊ မြန်မာပြည်က ၈ယောက်ပါပါတယ်။ တစ်ယောက်တလှည့် ဝင်မောင်းတာပါ။ မြန်မာပြည်က နှစ်စီးမှာ လေးယောက်ရတော့ နှစ်စီးကို အလှည့်ကျ ဝင်မောင်းကြတာပါ။ပထမ အင်ဒိုနီးရှား၊ စင်ကာပူ၊ မလေး၊ အကုန်ဖြတ်မောင်းတယ်။ အင်ဒိုမှာ နည်းနည်းလေးမောင်းပြီးတော့ လေယာဉ်နဲ့ စင်ကာပူကို သွားပြီး စင်ကာပူက စမောင်းကြတာပါ။ အခုနောက်ဆုံးက မြန်မာပြည်က ဖြတ်ပြီး အိန္ဒိယကို ဝင်တော့မှာ။ မနက်ဖြန်မနက်အစောကြီး ကလေးကို သွားပြီး ကလေးမှာ ညအိပ်ပြီး နောက် ဟိုဖက် အိန္ဒိယကို ကူးမှာပါ။ ၂၂ရက်ပါ။ အသွားအပြန်တွေပါ တွက်မယ်ဆိုရင်တော့ တစ်လပြည့်ဖို့ တစ်ရက်ပဲ လိုပါတယ်။”

အာဆီယံ အသင်းကြီးနဲ့ India နိုင်ငံကြား ဆက်ဆံရေး အနှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ်နဲ့ ပူးပေါင်းစီစဉ်ကြတဲ့ ASEAN India နိုင်ငံဖြတ်ကျော် ခရီးရှည် Car ပြိုင်ပွဲဟာ Indonesia, Singapore, Malaysia, Thai, Cambodia, Vietnam, Laos နဲ့ မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံ စုစုပေါင်း ၈ နိုင်ငံကိုဖြတ်ကျော်ပြီး India နိင်ငံမှာ ခရီးစဉ်အဆုံးသတ်မှာဖြစ်ပါတယ်။

အခုလို ခရီးရှည် ကားမောင်းပြိုင်ကြရတဲ့ အတွေ့အကြုံကို မင်းသမီးမေသဉ္ဇာဦးပြောပြတာက
“တစ်ခါမှ အဲ့လို မမောင်းဘူးပေါ့နော်။ နောက်ပြီးတော့လည်း စီတန်းပြီးတော့ ကီလိုမီတာအများကြီး မောင်းကြတာ ကပ်ကပ်ကလေး၊ နီးနီးကလေးနဲ့ အမြန်မောင်းကြတော့ စိတ်လှုပ်ရှားကြတာပေါ့။ ကိုယ့်ကိုကိုယ် ရိုးရိုးတန်းတန်း ကိုယ်တစ်ယောက်တည်း မောင်းနေရင် မိုင်တွေအများကြီးမောင်းလို့ရတယ်လေ။ အခုလိုကျတော့ အတန်းလိုက်တွေ အများကြီး အများကြီးပဲ သူများ အဝေးပြေးမှာ မောင်းရတာ အတွေ့အကြုံကတော့ အများကြီးပါပဲ။ မတူဘူးပေါ့။”

နိုင်ငံပေါင်း ၁၁ နိုင်ငံ ကိုယ်စားပြုမောင်းကြတဲ့ ယာဉ်တန်းကြီးမှာ မြန်မာနိုင်ငံအတွက် ပါဝင်မောင်းရတဲ့အတွက်လဲ ဂုဏ်ယူစရာဖြစ်ပါတယ်လို့ သူက ဆိုပါတယ်။

“မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ဆိုတော့ ဂုဏ်ယူပါတယ်။ ကိုယ်တွေက မောင်းချင်တာ တခုပဲသိတာလေ။ နောက်တော့မှ ကိုယ့်နိုင်ငံအတွက် ဒ်ီလိုမျိုးကြီးဖြစ်သွားတယ်ဆိုတော့ ပိုပြီးတော့ ဂုဏ်ယူပါတယ်။ ပျော်လည်း ပျော်ပါတယ်။”

ရုပ်ရှင်မင်းသမီး မေသဉ္ဇာဦးဖြစ်ပါတယ်။ ခရီးရှည် နိုင်ငံဖြတ်မောင်းလာကြတဲ့ ကားတွေဟာ India နိုင်ငံကို ခရီးမဆက်ခင် ဒီကနေ့ မန္တလေးမြို့မှာ ခရီးတထောက်နားကြတဲ့အတွက် မန္တလေးမြို့ခံတွေကလဲ ဝမ်းသာနေကြပါတယ်။

“ကျနော်တို့အနေနဲ့က မန္တလေးမြို့ကိုပေါ့နော်။ နိုင်ငံတကာကားတန်းကြီး အာဆီယံပေါ့နော် လာရောက်တဲ့အတွက် မန္တလေးမြို့သူမြို့သားတွေအနေနဲ့ ဂုဏ်လည်း ဂုဏ်ယူမိပါတယ်။ အရမ်းလည်းဝမ်းသာပါတယ်။ နောက် ကြိုဆိုရေးတွေလည်း လုပ်ထားတာတွေ့ရတော့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ချစ်ကြည်ရင်းနှီးရတဲ့အတွက် အင်မတန် ပျော်ပါတယ်ဗျာ။”

မစုမြတ်မွန်- ဒီလိုမျိုးကနေ မောင်လေးတို့အနေနဲ့ ဘယ်လိုအတွေ့အကြုံရ တယ်လို့ ပြောလို့ရလည်းရှင့်။

“ဒီလိုမျိုးတွေ့ရတော့ နိုင်ငံတကာရဲ့ ကားတွေပေါ့ သူတို့လိုပဲ ကိုယ့်နိုင်ငံအနေနဲ့ ထုတ်လုပ်နိုင်ရင် ပိုပျော်မှာပေါ့။ အားကျတာပေါ့၊ မောင်းလာတဲ့သူတွေကလည်း ကိုယ့်နိုင်ငံက နံမည်ကြီး ရုပ်ရှင်မင်းသား၊ မင်းသမီးတွေ ပါလာတဲ့အတွက် ပိုပြီးအားကျတာပေါ့။ သူတို့လိုပဲ ကိုယ်လည်း မောင်းချင်တာပေါ့။ ကျနော်တို့ မန္တလေးမြို့အနေနဲ့ ဒီလိုမျိုး ကားကြီးတွေ ဝင်လာတော့ ပျော်မိတာပေါ့၊ အားလည်း အားတက်တယ်။ ကိုယ့်နိုင်ငံကို လာတယ်။ ကိုယ့်မန္တလေးမြို့ကို လာတဲ့အတွက် အရမ်းလည်းပျော်မိပါတယ်။”

ဒီကနေ့ မနက် မန္တလေးမြို့ကိုဝင်လာတဲ့ ကားတန်းတွေကို မြို့သူမြို့သားတွေက အခမ်းအနားနဲ့ ကြိုဆိုခဲ့တာပါ၊။ အခုလိုနိင်ငံအစုံပါဝင်တဲ့ ပွဲမျိုးရဲ့ ထူးခြားချက်ကိုလဲ မြန်မာနိုင်ငံဆိုင်ရာ India သံအမတ်ကြီး V S Seshadri က ခုလို ပြောပါတယ်။

India ASEAN ကားပြိုင်ပွဲက သာမာန်ကားပြိုင်ပွဲတွေထက်ကို သာလွန်ပြီး၊ India နဲ့ အာဆီယံကြား ထိစပ်မှု၊ ရင်းနှီးမှုကို ဖော်ဆောင်တဲ့ သင်္ကေတ ဖြစ်ပါတယ်။ အခုကားပြိုင်ပွဲကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံဟာ India နဲ့ အာဆီယံကြား နည်းလမ်းပေါင်းစုံနဲ့ ပေါင်းကူးပေးနေတာကို ပြသနေပါတယ်။ India နိုင်ငံကို မဝင်ခင် မြန်မာနိုင်ငံဟာ နောက်ဆုံးရပ်နားတဲ့ နိုင်ငံလဲ ဖြစ်တဲ့အတွက် ထူးခြားမှုတွေ အများကြီး ရှိပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ India သံအမတ်ကြီးက ပြောသွားတာဖြစ်ပါတယ်။

ပြိုင်ပွဲစီစဉ်ကြသူတွေကလဲ နိုင်ငံပေါင်း ၉ နိုင်ငံကို ၂၆ ရက်အတွင်း ဖြတ်ကျော် မောင်းနှင်တဲ့ ခရီးရှည်ခရီး ကားမောင်းပြိုင်ပွဲကနေ India နဲ့ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေကြား ပြည်သူတွေ အချင်းချင်းရင်းနှီးချစ်ကြည်မှု ရရှိဖို့၊ ကုန်သွယ်မှု ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံသားတွေ တဦးနဲ့ တဦးကြား ပိုမိုချိတ်ဆက်မှုတွေ ရရှိလာနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။
XS
SM
MD
LG