သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံဥက္ကဌ ကြေညာချက်မူကြမ်းပေါက်ကြား


ရှေ့သီတင်းပတ်မှာ ကျင်းပမယ့် ASEAN ထိပ်သီးညီလာခံမှာ ထုတ်ပြန်မည့် ဥက္ကဌရဲ့ ကြေညာချက် မူကြမ်း ပေါက်ကြားသွားခဲ့ရာမှာ တောင်တရုတ်ပင်လယ် အရေးကိစ္စမှာ လိုက်နာကျင်သုံးရမယ့် စည်းကမ်းတွေနဲ့ ပတ်သက်လို့ တိုးတက်မှုတွေရရှိပြီး အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ပင်လယ်ပြင် ရေပိုင်နက် အငြင်းပွားမှုကို တရုတ်နိုင်ငံနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ တောင်းဆိုထားတာတွေ ရေး သားထားပါတယ်။

ပေါက်ကြားသွားတဲ့ ကြေညာချက်မူကြမ်းကို အာဆီယံအဖွဲ့ဝင် နိုင်ငံတနိုင်ငံရဲ့ အမည်မဖော်လိုတဲ့ အဆင့်မြင့် အရာရှိတဦးထံကနေ ဗွီအိုအေက အခုသီတင်းပတ်အတွင်း လက်ခံရရှိခဲ့ပါတယ်။ အဲဒီကြေညာချက်ဟာ ပုံမှန် အာဆီယံညီလာခံ ပြီးဆုံးချိန်မှာ ထုတ်ပြန်လေ့ရှိတာပါ။

အခုတကြိမ် အာဆီယံထိပ်သီးညီလာခံကို ရှေ့သီတင်းပတ် မြန်မာနိုင်ငံရဲ့ မြို့တော်နေပြည်တော်မှာ နိုဝင်ဘာလ ၉ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ကျင်းပဖို့ စီစဉ်ထားပါတယ်။ အဲဒီထိပ်သီး ညီလာခံမှာ အကြောင်းအရာမျိုးစုံကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြလေ့ရှိပြီး ဒေသတွင်းနဲ့ နိုင်ငံတကာက ခေါင်းဆောင်တွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

ဒီပေါက်ကြားသွားတဲ့ ကြေညာချက်ဟာ ညီလာခံကျင်းပပြီးစီးသွားပြီးနောက် ထုတ်ပြန်တဲ့ ပုံသဏ္ဍန်မျိုးနဲ့ ရေးသားထားတာပါ။ တောင်တရုတ်ပင်လယ်တွင်း မကြာခင်က ဖြစ်ပွားခဲ့တဲ့ တင်းမာမှု အခြေနေတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ရဲ့ စိုးရိမ်မှုတွေကို ထုတ်ဖော်ပြောကြားခဲ့ကြပါတယ်။

ဒေသတွင်းတည်ငြိမ်မှုနဲ့ ငြိမ်းချမ်းရေး ဆက်လက်တည်တံ့အောင် ထိန်းသိမ်းထားဖို့ အရေးကြီးကြောင်း ထပ်လောင်း အတည်ပြုခဲ့ကြပါတယ်လို့ ရေးသားထားပါတယ်။

တောင်တရုတ်ပင်လယ်မှာ ပါဝင်ပတ်သက်နေတဲ့ အုပ်စုအားလုံး လိုက်နာရမယ့် စည်းမျဉ်းကြေညာချက်ကို ထိရောက်စွာ အကောင်ထည်ဖော်ဖို့အပြင်၊ တောင်တရုတ်ပင်လယ်အတွင်းနဲ့ ပင်လယ်ပြင်အထက် ရေကြောင်းနဲ့ လေကြောင်း လွတ်လပ်စွာ သွားလာရေးတွေ လွတ်လပ်မှု ရှိဖို့ကိုလည်း တောင်းဆိုထားတယ်လို့ ဖော်ပြထားပါတယ်။

ဒီပေါက်ကြားခဲ့တဲ့ ကြေညာချက်ထဲမှာ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ အစ္စလာမ်မစ် စစ်သွေးကြွတွေကို ပြစ်တင်ရှုတ်ချပြီး ကုလသမဂ္ဂဆုံးဖြတ်ချက်ကို ချိုးဖောက်တဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ ဒုံးပျံပစ်လွှတ်မှုတွေကို အပြစ်တင်ထားပါတယ်။

အခုနှစ်ညီလာခံကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အာဆီယံအလှည့်ကျ ဥက္ကဌ မြန်မာနိုင်ငံကတော့ ကြေညာချက် ပေါက်ကြားမှုနဲ့ ပတ်သက်ပြီး တစုံတရာ မှတ်ချက်ပေး ပြောဆိုတာမျိုး မရှိပါဘူး။

XS
SM
MD
LG