အာဆီယံ ခေါင်းဆောင်တွေရဲ့ ၃ ရက်ကြာ ထိပ်သီးအစည်းအဝေးကို ဒီနေ့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ စတင် ကျင်းပပါတယ်။
မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၇ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အကြိတ်အနယ် ဆွေးနွေးမှာ ဖြစ်တဲ့အပြင် စီးပွားရေး ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စရပ်တွေကိုလည်း ထိပ်တန်းထား ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
အာဆီယံနိုင်ငံ အများစုရဲ့ ငွေကြေးဆိုင်ရာ သိသာတဲ့ ခိုင်မာမှုဟာ ထွက်ကုန်ယှဉ်ပြိုင်မှုကို လျော့ပါးစေတာမို့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဒါကြောင့် ဒေသတွင်း ပိုမို ပူးပေါင်းဆောင်ရွက်ဖို့ အာဆီယံ ခေါင်းဆောင်တွေ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
အာဆီယံ ၁၀ နိုင်ငံ အဖွဲ့ဝင် အချင်းချင်း ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီး လုပ်ဆောင်ဖို့ လိုအပ်ကြောင်း ဆွေးနွေးပွဲ မတိုင်ခင်မှာ အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာ ဆူရင်း ပစ်ဆူဝမ် (Surin Pitsuwan) က ပြောပါတယ်။
အာဆီယံ အဖွဲ့ကြီးကို လက်ရှိ EU ဥရောပအဖွဲ့ ပုံစံမျိုး ၂၀၁၅ ခုနှစ်မှာ ထူထောင်ဖို့ အာဆီယံက ရည်မှန်းချက် ချပါတယ်။
အာဆီယံ အဖွဲ့ကြီးက မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၇ ရက် ကျင်းပမယ့် ရွေးကောက်ပွဲမှာ အတိုက်အခံ ပါတီတွေကို ဘေးဖယ်ထားတာတွေ၊ ပြည်ပက လာရောက်မယ့် စောင့်ကြည့်သူတွေနဲ့ သတင်းထောက်တွေကို ၀င်ခွင့်မပြုတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့ စိုးရိမ် စိတ်ပူမှုကို ထုတ်ဖော် ပြောဆိုကြဖို့ ရှိပါတယ်။
အာဆီယံ ခေါင်းဆောင်တွေက မြန်မာနိုင်ငံအတွက် စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။
မစ္စတာ ဘန်ကီမွန်းနဲ့ တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင် (Wen Jiabao) ဟာ ကြာသပတေးနေ့ ညနေပိုင်းမှာ ဟနွိုင်းကို ရောက်လာမှာပါ။
အာဆီယံ ခေါင်းဆောင်တွေဟာ သောကြာနေ့မှာ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး စနေနေ့မှာတော့ သြစတြေးလျ၊ အိန္ဒိယနဲ့ နယူးဇီလန်နိုင်ငံ ခေါင်းဆောင်တွေနဲ့ အရှေ့အာရှ ထိပ်သီးညီလာခံကို ကျင်းပမှာ ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်မှာ အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ ဖိတ်ကြားခံရတဲ့ အမေရိကန်နဲ့ ရုရှားနိုင်ငံတွေကတော့ နိုင်ငံခြားရေး ၀န်ကြီးတွေဖြစ်တဲ့ ဟီလာရီ ကလင်တန် (Hillary Clinton) နဲ့ ဆာဂျီ လက်ဗ်ရော့ဗ် (Sergey Lavrov) တို့က စနေနေ့မှာ ရောက်ရှိမှာ ဖြစ်ပါတယ်။