သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ဥက္ကဋ္ဌဖြစ်ရေး အာဆီယံ မူအားဖြင့် သဘောတူ


၁၈ ကြိမ်မြောက် အာဆီယံ ထိပ်သီးစည်းဝေးပွဲ တက်ရောက်သည့် အာဆီယံ ခေါင်းဆောင်များ။ မေ ၇၊ ၂၀၁၁။
၁၈ ကြိမ်မြောက် အာဆီယံ ထိပ်သီးစည်းဝေးပွဲ တက်ရောက်သည့် အာဆီယံ ခေါင်းဆောင်များ။ မေ ၇၊ ၂၀၁၁။

၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံကို အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ပေးဖို့ အာဆီယံ အဖွဲ့က မူအားဖြင့် သဘောတူ လိုက်ပါတယ်။ တချိန်တည်းမှာပဲ မြန်မာအစိုးရက ခေါ်လာတဲ့ ကိုယ်စားလှယ် အဖွဲ့ကို လူမှုအခြေပြု ကိုယ်စားပြု အဖွဲ့အဖြစ် အာဆီယံ ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံတဲ့အထဲကို ပါဝင်တက်ရောက်ခွင့် ပြုလိုက်ပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံ ၂၀၁၄ ခုနှစ်မှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူရေး ကိစ္စဟာ အခုကျင်းပဆဲ ၁၈ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ လူအများ စိတ်ဝင်တစား စောင့်ကြည့်နေတဲ့ အကြောင်းအရာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ လူ့အခွင့်အရေး အမျိုးမျိုးကို ဆက်လက် ချိုးဖောက်နေဆဲ ဖြစ်တာမို့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ မဖြစ်သင့်သေးဘူးဆိုပြီး ရှုတ်ချ ကန့်ကွက်နေသူတွေလည်း ရှိပါတယ်။ ဒီကြားထဲမှာမှ ဒီကနေ့ စတင်ကျင်းပတဲ့ ထိပ်သီးစည်းဝေးပွဲအတွင်း မြန်မာနိုင်ငံကို အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးဖို့ မူအားဖြင့် သဘောတူလိုက်ကြတာပါ။

ဒါပေမဲ့ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအရ ထူးခြားတဲ့ ပြောင်းလဲမှု မရှိသေးတဲ့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆက်လက် ကျူးလွန်နေဆဲ ဖြစ်တာကြောင့် အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးဖို့ မသင့်သေးဘူးလို့ AIPMC မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ ဥက္ကဋ္ဌလည်းဖြစ် အင်ဒိုနီးရှား လွှတ်တော်အမတ်လည်းဖြစ်တဲ့ အီဗာ ဆွန်ဒါရီ (Eva Sundari) က ပြောပါတယ်။

“လက်ရှိအခြေအနေမျိုးမှာ မြန်မာနိုင်ငံ ဆက်ရှိနေသ၍တော့ အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာရင် နိုင်ငံတကာ အသိုင်းအဝိုင်းကြားမှာ မြန်မာနိုင်ငံဟာ အာဆီယံအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေဦးမှာပါ။ အပြင်လူတွေ အတွက်ကလည်း အခုလို ကိုယ့်လူမျိုး ဖိနှိပ်နေတဲ့ အစိုးရ၊ လူ့အခွင့်အရေးတွေ ချိုးဖောက်နေတဲ့ အစိုးရနဲ့ ထိတွေ့ ဆက်ဆံလိုကြမှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံအနေနဲ့ တိုင်းပြည်အတွင်းက အခြေအနေတွေ တိုးတက်ကောင်းမွန်အောင် မလုပ်သေးသ၍တော့ အာဆီယံအတွက်ရော အာဆီယံနဲ့ ထိတွေ့ ဆက်ဆံကြမယ့် နိုင်ငံတွေ အတွက်ပါ အကျိုးဖြစ်ထွန်းစေမှာလည်း မဟုတ်ပါဘူး။”

တဘက်မှာ အင်ဒိုနီးရှားနိုင်ငံဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်ဖြစ်ဖို့ ကြိုးစားနေတဲ့ကာလ ဖြစ်တာကြောင့် အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်မယူခင် ကြိုတင် ကန့်သတ်ချက်တွေထဲ မြန်မာနိုင်ငံ အတွင်းက လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် ကောင်းမွန်လာအောင် အရင်လုပ်ဆောင်ဖို့ တိုက်တွန်းလိမ့်မယ်လို့လည်း အီဗာ ဆွန်ဒါရီက ပြောပါတယ်။

ဒီအတောအတွင်း ဒီနေ့စတင်ပြုလုပ်တဲ့ အာဆီယံ ထိပ်သီးများရဲ့ စည်းဝေးပွဲမှာ အစိုးရခေါင်းဆောင်တွေ နိုင်ငံခေါင်းဆောင်တွေအပြင် အာဆီယံ တခုလုံးရဲ့ လူထုကို ကိုယ်စားပြုတဲ့ ACSC လူထုအခြေပြု အဖွဲ့အစည်းတွေက ကိုယ်စားလှယ် တချို့လည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။

ဒီ လူထုအခြေပြု အဖွဲ့တွေက ကိုယ်စားလှယ် ၇ ဦးကို ရွေးချယ်ပြီး ထိပ်သီးစည်းဝေးပွဲတက်ဖို့ စေလွှတ်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ်စားလှယ် ရွေးချယ်တဲ့ နေရာမှာ မြန်မာဘက်က ပြည်ပအခြေစိုက် လူထုအခြေပြု အဖွဲ့အစည်းတွေအပြင် မြန်မာအစိုးရက ခေါ်လာတဲ့ အကြံပေး အဖွဲ့ဝင်တွေကလည်း လူထုအခြေပြု ကိုယ်စားလှယ်တွေအဖြစ် ပါဝင်လာတာကြောင့် မြန်မာအဖွဲ့ ၂ ဖွဲ့ဖြစ်နေပြီး ကိုယ်စားလှယ်ရွေးဖို့ အခက်အခဲ ကြုံခဲ့ရတဲ့အကြောင်း လူထုအခြေပြု အစည်းဝေးကို တက်ရောက်ခဲ့တဲ့ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများ အဖွဲ့ Burma Partnership အဖွဲ့က မခင်ဥမ္မာက ပြောပါတယ်။

“မြန်မာနိုင်ငံ မပါရခြင်း အကြောင်းရင်းကလည်း ဘာကြောင့်လဲဆိုရင် ရဲမှူးကြီးဟောင်း တယောက်က ဦးဆောင်လာတဲ့၊ အခု အသစ်ခန့်အပ်လိုက်တဲ့ သမ္မတ အကြံပေးလို့ ပြောနေတဲ့ ဒေါက်တာ နေဇင်လတ်တို့၊ ဦးမောင်မောင်လှိုင်တို့၊ ဦးစစ်အေးတို့ ပေါင်းပြီးတော့မှ လာတဲ့အဖွဲ့ ရှိတယ်။ အဲဒီအဖွဲ့က ကျမတို့ လူထု အခြေပြု အဖွဲ့တွေရဲ့ ညီလာခံမှာ လာတက်ကြတယ်။ တက်ပြီးတော့မှ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး သူတို့က တက်ဖို့လုပ်တယ်။ ဒီ Civil Society တွေရဲ့ ကိုယ်စားလှယ် စာရင်းထဲမှာ ပါဖို့ ကြိုးစားတယ်။

“သူတို့က လာပြီး ကျမတို့ ကိုယ်စားလှယ်ကို နောက်ဆုတ်ခိုင်းတယ်။ သူတို့က နောက်မဆုတ်ပေးဘူး။ သူတို့က အစိုးရလူတွေ ဖြစ်တယ်၊ အစိုးရ ကိုယ်စားပြုတွေ ဖြစ်တယ်။ Civil Society လည်း မဟုတ်ဘူး။ ပြီးတော့ လုပ်ထုံးလုပ်နည်းတွေလည်း မမှန်ဘူး၊ မရှိဘူး။”

လူထုအခြေပြု အဖွဲ့အစည်းတွေကို ကိုယ်စားပြု တက်ရောက်မယ့် ကိုယ်စားလှယ်တွေဟာ အစိုးရက စေလွှတ်တဲ့သူ မဖြစ်စေရဘဲ အမှန်တကယ် လူထုကို အခြေပြုတဲ့ အဖွဲ့အစည်းတွေက ရွေးချယ်တဲ့ ကိုယ်စားလှယ် ဖြစ်ရမယ်ဆိုတဲ့ မူရှိထားတာကြောင့် အခုလို မြန်မာအစိုးရ ကိုယ်စားလှယ်တွေ အဓမ္မပါဝင်ဖို့ ကြိုးစားတာဟာ လုပ်ထုံးလုပ်နည်းတွေနဲ့ ကိုက်ညီခြင်း မရှိဘူးလို့လည်း မခင်ဥမ္မာက ပြောပါတယ်။

မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ စစ်မှန်တဲ့ လူထုအခြေပြု အဖွဲ့အစည်း မဟုတ်တဲ့အတွက် အာဆီယံ ထိပ်သီးခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ့်အထဲ မပါဖို့ အားလုံးက ဝိုင်းဝန်း ကန့်ကွက်နေတဲ့ ကြားကပဲ ဒီ စည်းဝေးပွဲကို အတင်းတက်ရောက်ခဲ့တာလို့ လူထုအခြေပြု အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေက ပြောပါတယ်။

အာဆီယံ ထိပ်သီးစည်းဝေးပွဲကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ စနေနေ့က စတင်တာဖြစ်ပြီး ၂ ရက်ကြာ ကျင်းပမှာ ဖြစ်ပါတယ်။

XS
SM
MD
LG