သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံအတွင်း နျူကလီယားလက်နက် မပြန့်ပွားရေး မြန်မာ ဦးဆောင်ဆွေးနွေး


မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား နေပြည်တော်မှာကျင်းပတဲ့ (၄၇) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ တွေ့ရစဉ်။ (သြဂုတ် ၁၀၊ ၂၀၁၄)
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား နေပြည်တော်မှာကျင်းပတဲ့ (၄၇) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ တွေ့ရစဉ်။ (သြဂုတ် ၁၀၊ ၂၀၁၄)

အာဆီယံဒေသတွင်း နျူကလီယား လက်နက် လုံးဝဖျက်သိမ်းနိုင်ဖို့ နျူကလီယား လက်နက် ပိုင်ဆိုင်တဲ့ နိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံဖို့ လိုအပ်သလို နျူကလီယား လက်နက် မပြန့်ပွားရေး စာချုပ်ကိုလည်း လေးစားလိုက်နာဖို့ လိုတယ်လို့အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ မြန်မာနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ ARF အာဆီယံဒေသတွင်း လုံခြုံရေး အစည်းအဝေးမှာလည်း အဖွဲ့ဝင်နိုင်ငံတွေအကြား အမြင်ချင်း မတူတာတွေကို ဆွေးနွေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကိုတော့ ဗွီအိုအေ ရန်ကုန် ရုံးခွဲတာဝန်ခံ ဒေါ်ခင်စိုးဝင်းက အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကျင်းပရာ နေပြည်တော်ကနေ သတင်းပေးပို့ထားပါတယ်။

နေပြည်တော်မှာ သုံးရက်ကြာကျင်းပခဲ့တဲ့ (၄၇) ကြိမ်မြောက် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်းနဲ့ အာဆီယံဒေသတွင်း နျူကလီယားလက်နက် မပြန့်ပွားရေးအတွက် အာဆီယံရဲ့ ကြိုးပမ်းချက်တွေနဲ့ ပတ်သက်လို့ အလှည့်ကျ ဥက္ကဋ္ဌ မြန်မာနိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် (ယာ) နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ။
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် (ယာ) နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ။

" ဒေသတွင်း နျူးကလီယား လက်နက် လုံးဝဖျက်သိမ်းဖို့ အတွက် နျူလက်နက် ပိုင်ဆိုင်တဲ့နိုင်ငံတွေ အနေနဲ့ နျူကလီယား လက်နက်မပြန့်ပွားရေး စာချုပ်ကို လေးစား လိုက်နာဖို့ လိုတယ်ဆိုတာကို ယေဘူယျ အားဖြင့် ထောက်ခံကြပါတယ်။ နျူကလီယား လက်နက် ပိုင်ဆိုင်တဲ့ နိုင်ငံတွေ ကုလသမဂ္ဂ သဘောတူစာချုပ်နဲ့အညီ လက်နက် စွန့်လွှတ်နိုင်ရေးအတွက် အာဆီယံအနေနဲ့ ထိတွေ့ဆက်ဆံဖို့ သဘောတူခဲ့ကြပါတယ်။"

ARF ခေါ် အာဆီယံဒေသတွင်း လုံခြုံရေးဆိုင်ရာ အစည်းအဝေးကို အာဆီယံ ဆယ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေအပြင် သြစတြေးလျ၊ ဘင်္ဂလားဒက်ရှ်၊ တရုတ်၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ မြောက်ကိုရီးယား၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ မွန်ဂိုလီယား၊ နယူးဇီလန်၊ ပါပူဝါ နယူးဂီနီ၊ ပါကစ္စတန်၊ အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ သီရိလင်္ကာနဲ့ တီမောလက်စတေး နိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးတွေလည်း တက်ရောက်ခဲ့ကြပါတယ်။ အဲဒီ ARF အစည်းအဝေးနဲ့ ပတ်သက်လို့ ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အခုလို ရှင်းပြပါတယ်။

“အရှေ့အာရှနဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေး၊ အာဆီယံဒေသတွင်း လုံခြုံရေး ARF ဆွေးနွေးပွဲတွေမှာ အဖွဲ့ဝင်နိုင်ငံတွေ အကြား ဒေသတွင်း ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးအပေါ် အမြင်ချင်းမတူတာတွေကို ညှိနှိုင်းနိုင်ခဲ့ပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ခဲ့ပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေအားလုံးက ဒေသတွင်း သာယာဝပြောရေး၊ နိုင်ငံရေး၊ လုံခြုံရေး၊ လူမှုရေးနဲ့ယဉ်ကျေးမှုနယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူကြပါတယ်။”

ဒါ့အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ နယ်စပ်ဖြတ်ကျော် မှုခင်းနဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေ အတည်ပြုတာ၊ ရေနံယိုဖိတ်မှုတွေကို ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းနဲ့ တုံ့ပြန်ဆောင်ရွက် တာတွေ၊ ပြန်လည် ထိန်းသိမ်းတာတွေ အတွက် အာဆီယံဒေသဆိုင်ရာ ညီလာခံကနေ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ပင်လယ်ရေကြောင်းနဲ့ လေကြောင်း ရှာဖွေကယ်ဆယ်ရေးတွေမှာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ညှိနှိုင်းမှုတွေ ပိုမို ခိုင်မာစေခြင်း အတွက်လည်း ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်အရေးမှာ တရုတ်နိုင်ငံက အလှည့်ကျ ဥက္ကဋ္ဌ မြန်မာနိုင်ငံအပေါ် သြဇာလွှမ်းမိုးမှု ရှိနေတာကြောင့် ဘက်လိုက်မှုရှိနိုင်တယ် ဆိုတဲ့ ဝေဖန်မှု အပေါ်မှာတော့ ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အခုလို တုံ့ပြန်လိုက်ပါတယ်။

“တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်လို့ သက်ဆိုင်ရာ နိုင်ငံတစ်နိုင်ငံက တဖက်နိုင်ငံကို သြဇာလွမ်းမိုးလို့ မရပါဘူး။ ဒီပြဿနာဟာ အာဆီယံနဲ့ တရုတ်အကြား အငြင်းပွားနေတဲ့ ပြဿနာမဟုတ်ပါဘူး။ အာဆီယံအနေနဲ့ ဒီအငြင်းပွားမှုကို ငြိမ်းချမ်းစွာ အဖြေရှာဖို့ပဲ ဖြစ်ပါတယ်။”

ဒီ ARF ခေါ် အာဆီယံဒေသတွင်း လုံခြုံရေးဆိုင်ရာအစည်းအဝေးကို တက်ရောက်လာတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ကလည်း မြောက်ကိုရီးယား နျူကလီယားအစီအစဉ်နဲ့ပတ်သက်လို့ အခုလို ပြောပြပါတယ်။

“မြောက်ကိုရီးယားနဲ့ပတ်သတ်လို့ ကျနော်တို့ ဆွေးနွေးဖြစ် ပါတယ်။ မြောက်ကိုရီးယား ရဲ့ နျူကလီယား အစီအစဉ်ဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတာပါ။ ကိုရီးယား ကျွန်းဆွယ်မှာ နျူကလီယား ကင်းမဲ့ရေး ကွဲကွဲပြားပြား သိနိုင်တဲ့အထိ အမေရိကန် ပြည်ထောင်စုက လုပ်ဆောင်သွားဖို့ ခံယူထားတဲ့အကြောင်း ထပ်လောင်းပြောလိုပါတယ်။ တရုတ်နဲ့ တခြားနိုင်ငံတွေကလည်း တညီတညွတ်တည်း ထောက်ခံထားကြပါတယ်။ နျူကလီယားလက်နက် မပြန့်ပွားရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နဲ့အညီ လိုက်နာကျင့်သုံးဖို့ အားလုံးက သဘောတူကြပါတယ်။”လို့ ပြောပြသွားတာပါ။

နေပြည်တော်မှာ သုံးရက်ကြာကျင်းပခဲ့တဲ့ အာဆီယံ အစည်းအဝေးတွေအနက် နိုဝင်ဘာလမှာ ကျင်းပမယ့် အရှေ့အာရှ ထိပ်သီးညီလာခံ အကြို၊ အရှေ့အာရှ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အကြို ညှိနှိုင်း စည်းဝေးပွဲတွေကိုလည်း ကျင်းပခဲ့ကြပါတယ်။

XS
SM
MD
LG