သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး


ASEAN ထိပ်သီးညီလာခံ (Myanmar State Counsellor Office)
ASEAN ထိပ်သီးညီလာခံ (Myanmar State Counsellor Office)

ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံ ထိပ်သီး ဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာ မူစလင်ဒုက္ခသည်တွေ အရေး ဆွေးနွေး ပြောဆိုခဲ့ကြပေမဲ့လို့၊ ဒီဆွေးနွေးပွဲကနေ ထုတ်ပြန်တဲ့ ကြေညာချက် မူကြမ်းထဲမှာတော့ ရိုဟင်ဂျာအရေး ထည့်သွင်း ထုတ်ပြန်တာ မရှိပါဘူး။ ဒီအပေါ် နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ Human Rights Watch က စိတ်ပျက်မိတဲ့အကြောင်း ပြောဆိုထားပါတယ်။ မခင်ဖြူထွေးက အပြည့်စုံ တင်ပြပေးပါမယ်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ ဒီသီတင်းပတ်ထဲ ကျင်းပတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံ ထိပ်သီး ဆွေးနွေးပွဲကနေထုတ်ပြန်ဖို့ရှိနေတဲ့ ကြေညာချက် မူကြမ်းထဲမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ ရိုဟင်ဂျာ ဒုက္ခသည်တွေ သိန်းနဲ့ချီ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ရတာနဲ့ပတ်သက်လို့ ထည့်သွင်းဖော်ပြထားတာ မတွေ့ရပါဘူး။ ဒီကနေ့ အာဆီယံ ဆွေးနွေးပွဲတွေနဲ့ ပတ်သက်လို့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာတော့ သတင်းထောက်တဦးက ရိုဟင်ဂျာ ဒုက္ခသည်အရေး ဆွေးနွေးခဲ့ခြင်းမရှိ မေးခွန်း ထုတ်ခဲ့ပါတယ်။ ဒီအပေါ် ဖိလစ်ပိုင်သမ္မတရဲ့ ပြောခွင့်ရ ဟယ်ရီ ရော့ကီ Harry Roque က ခုလို ပြောဆိုသွားပါတယ်။

"အားလုံး စုံညီ အစည်းအဝေးမှာတော့ ရိုဟင်ဂျာတွေရဲ့အရေး ဆွေးနွေးခဲ့တယ်ဆိုတာကို ကျနော် အတည်ပြု ပြောနိုင်ပါတယ်။ အထူးသဖြင့် ဒီကိစ္စနဲ့ ပတ်သက်နေတဲ့ နိုင်ငံ နှစ်နိုင်ငံက တင်သွင်း ဆွေးနွေးခဲ့တာပါ။ အထူးသဖြင့် မြန်မာနိုင်ငံက ဒီ ရိုဟင်ဂျာကိစ္စကို ပြောပါတယ်။ ပထမဆုံးအချက်ကတော့ သူတို့အနေနဲ့ ကိုဖီအာနန် အစီရင်ခံစာနဲ့အညီ အကောင်အထည် ဖော်ဆောင်ရွက်နေတဲ့အကြောင်းနဲ့ လူသားချင်း စာနာမှုအကူအညီတွေကို လက်ခံကြိုဆိုတဲ့အကြောင်း၊ ပြီးတော့… ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ သဘောတူညီချက်ကို လက်မှတ်ရေးထိုး ပြီးတာနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေ ပြန်လည် နေရာချထားရေးကို သီတင်းပတ် သုံးပတ်အတွင်း အပြီးသတ် လုပ်ဆောင် သွားမယ့်အကြောင်း ပြောခဲ့ပါတယ်။”

ရိုဟင်ဂျာ ဒုက္ခသည်တွေ အရေးနဲ့ပတ်သက်လို့ အာဆီယံခေါင်းဆောင်တွေရဲ့ ကြေညာချက်မူကြမ်းမှာ ထည့်သွင်း ဖော်ပြထားခြင်း မရှိတဲ့အပေါ် စိတ်ပျက်မိတဲ့အကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ Human Rights Watch အဖွဲ့ကလည်း ပြောဆိုထားပါတယ်။ အခုဖြစ်ရပ်က အာဆီယံအဖွဲ့ကြီးအနေနဲ့ ထိရောက်မှုမရှိဘူးဆိုတာကို ပြသရာ ရောက်သလို၊ အရှေ့တောင်အာရှ ဒေသမှာ လူ့အခွင့်အရေး အခြေအနေ ဆုတ်ယုတ်နေတာကို ဖော်ပြလိုက်တာပဲလို့ Human Rights Watch အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ ဒုတိယ ညွန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။ မြန်မာအစိုးရ လုံခြုံရေးတပ်ဖွဲ့တွေဟာ ရိုဟင်ဂျာ မူစလင်တွေကို ပြည်နယ်ထဲကနေ ထွက်ပြေးအောင် စနစ်တကျ လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ဒါဟာ လူသားထု တခုလုံးအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်တယ်လို့ မစ္စတာ Robertson က ပြောပါတယ်။

“လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ရိုဟင်ဂျာတွေအပေါ် ကျူးလွန်နေတာ ကျနော်တို့ တွေ့ရပါတယ်။ ဒီလိုဖြစ်နေတယ် ဆိုတာကို ကုလသမဂ္ဂ အကြီးတန်း အရာရှိတဦးကလည်း အတည်ပြုထားတာပါ။ သူမ အနေနဲ့ နယူးယောက်မြို့ကို ပြန်သွားပြီး ဒီကိစ္စ ဖိအားပေး ပြောဆိုတာတွေ အပြင် နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ လုပ်နိုင်ဖို့အတွက် ငွေကြေးရန်ပုံငွေ တောင်းခံတာတွေ လုပ်ဆောင် နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတာ ဒါက အပေါ်ယံ တွေ့ရတဲ့အခြေအနေပဲ ရှိပါသေးတယ်။ ကျနော်တို့ အနေနဲ့ကတော့ လာမယ့်ရက် အနည်းငယ်… နိုဝင်ဘာလ ၁၆ ရက်နေ့မှာ အစီရင်ခံစာတစောင် ထုတ်ပြန်ဖို့ရှိပါတယ်။ ကျနော်တို့ရဲ့ ရှာဖွေတွေ့ရှိချက်တွေ ကတော့ ကုသမဂ္ဂ အထူးကိုယ်စားလှယ် တွေ့ရှိတာတွေနဲ့ အတော်ကြီးတူပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာတွေကို နေရပ်ကနေ ထွက်ခွာအောင် ရည်ရွယ်ပြီး လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားတာတွေ၊ မတရားပြုကျင့်တာတွေ စနစ်တကျ ကျူးလွန်ခဲ့တယ်ဆိုတာကို ကျနော်တို့ တွေ့ရပါတယ်။”

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဒီသီတင်းပတ်ထဲ မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိနေသလို၊ သူ့အနေနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံတဲ့အခါ ရိုဟင်ဂျာ ဒုက္ခသည်အရေး ဖိအားပေး ပြောဆိုဖို့ လိုအပ်တယ်လို့လည်း မစ္စတာ Robertson က ပြောပါတယ်။

“ဝန်ကြီး Tillerson အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြောစေချင်တာကတော့ ဒီကိစ္စက ပျောက်ပျက်သွားမယ့် ကိစ္စတခု မဟုတ်ဘူး ဆိုတာနဲ့ တကယ့်ကို ဆိုးရွားတဲ့ သိသာထင်ရှားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ခဲ့တယ်ဆိုတာကို တာဝန်ခံ ပြောဆိုဖို့ တိုက်တွန်းစေချင်ပါတယ်။ ဒါဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်ပါတယ်။ သီတင်းပတ် ခြောက်ပတ် - ရှစ်ပတ်လောက် ကာလအတွင်း လူ ၆ သိန်းကျော် ထွက်ပြေးခဲ့ရတဲ့ အခြေအနေမျိုးမှာ အမေရိကန်အနေနဲ့ ဘာမှမဖြစ်သလိုမျိုး မြန်မာအစိုးရနဲ့ ဒီအတိုင်း ဆက်ဆံမနေသင့်ပါဘူး။ ဒီပြဿနာရဲ့ ပမာဏကို ဒေါ်အောင်ဆန်းစုကြည် နားလည်ရမှာဖြစ်သလို၊ နိုင်ငံခြားရေးဝန်ကြီး Tillerson အနေနဲ့လည်း မြန်မာအစိုးရက ခုလို ချိုးဖောက်မှုတွေကို စနစ်တကျ ကျူးလွန်နေမယ်ဆိုရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိလာမယ်၊ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေလို နိုင်ငံတကာ နဲ့ရော၊ အမေရိကန်နဲ့ပါ ဆက်ဆံရေးမှာပါ ထိခိုက်လာနိုင်တယ် ဆိုတာကို နားလည်အောင် ပြောဖို့ လိုအပ်ပါတယ်။”

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကိုယ်တိုင်သွားရောက် တွေ့ဆုံခဲ့သူ… ပဋိပက္ခဒေသ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Pramila Patten ကလည်း ရိုဟင်ဂျာ ဒုက္ခသည်တွေကို ရခိုင်ပြည်နယ်ထဲကနေ အလုံးအရင်းနဲ့ ထွက်ပြေးအောင် လုံခြုံရေးတပ်ဖွဲ့တွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စနစ်တကျ ကျူးလွန်ခဲ့တယ်လို့ ဆိုပြီး၊ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေ၊ နှိပ်စက်ညှင်းပမ်း ခံရတာတွေနဲ့ ပတ်သက်လို့ ပြစ်မှုဆိုင်ရာ နိုင်ငံတကာခုံရုံးမှာ တင်ပြဖို့အထိ ကြိုးပမ်းသွားမယ်လို့ ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လက ရခိုင်ပြည်နယ်တွင်းက လုံခြုံရေးကင်စခန်း အများအပြားကို ARSA အကြမ်းဖက်အဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဒီအပေါ် တုံ့ပြန်တဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အင်အားသုံး နယ်မြေရှင်းလင်းမှုတွေအတွင်း ရိုဟင်ဂျာမူစလင် ၆ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောဆိုထားတာပါ။ ဒါပေမဲ့ မြန်မာအစိုးရ ဘက်ကတော့ ဒီလိုနိုင်ငံတကာရဲ့ စွပ်စွဲပြောဆိုမှုတွေကို ငြင်းဆန်ထားပြီး၊ သူတို့အနေနဲ့ အကြမ်းဖက်သမားတွေကိုသာ ပစ်မှတ်ထား နှိမ်နင်းနေတာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG