အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ဒီနေ့ စတင်ကျင်းပမယ့် အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများ ဝန်ကြီးအဆင့် ဆွေးနွေးပွဲ အဖွင့်မှာ တောင်တရုတ်ပင်လယ် ပြဿနာနဲ့ ပတ်သက်တဲ့ နိုင်ငံများ မဖြစ်မနေ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေအတွက် တရုတ်နဲ့ ဆွေးနွေးမှုတွေ မြန်မြန်ဆန်ဆန် လုပ်ဆောင်ကြဖို့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေကို တိုက်တွန်းသွားပါတယ်။
အာဆီယံ ဝန်ကြီးအဆင့် ဆွေးနွေးပွဲ အဖွင့်မှာ အင်ဒိုနီးရှား သမ္မတ ဆူဆီလို ဘမ်ဘန်း ယူဒိုယိုနို (Susilo Bambang Yudhoyono) က အဓိကမိန့်ခွန်း ပြောကြားသွားတာပါ။
ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပေါကြွယ်တဲ့ တောင်တရုတ်ပင်လယ်ကို သူပိုင် ကိုယ်ပိုင် အငြင်းပွားနေကြလို့ ပြဿနာတွေ ဖြစ်နေကြတာကို ပြေလည်အောင်လုပ်ဖို့အတွက် မဖြစ်မနေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ ရအောင် ညှိနှိုင်းဖို့ အာဆီယံနဲ့ တရုတ်တို့ သဘောတူထားခဲ့ကြတာ ၉ နှစ်တောင် ရှိသွားပါပြီလို့ မစ္စတာ ယူဒိုယိုနိုက သူ့ရဲ့ မိန့်ခွန်းထဲမှာ ပြောသွားပါတယ်။ ဒီကိစ္စတွေက ဒီလောက်ကြာနေစရာ မလိုပါဘူးလို့လည်း သူက ပြောပါတယ်။
နိုင်ငံ ၆ နိုင်ငံက သူတို့ တကျွန်းလုံး၊ ဒါမှမဟုတ် တစိတ်တပိုင်း ပိုင်ဆိုင်ပါတယ်လို့ ပြောနေကြတဲ့ စပရက်လီ (Spratly) ကျွန်းနားမှာ ရေနံရှာဖွေမှုတွေ ပိုပြီးတော့ လုပ်ဆောင်လာလို့ ဒီပင်လယ်နဲ့ ပတ်သက်ပြီး တင်းမာမှုတွေ မြင့်မားလာတာ ဖြစ်ပါတယ်။
စည်းမျဉ်းစည်းကမ်းတွေ ချမှတ်နိုင်ဖို့မှာ တိုးတက်မှုတွေ ရတယ်ဆိုရင် ဒီဒေသဟာ ခန့်မှန်းလို့ ရပါတယ်၊ ကိုင်တွယ်လို့ရပြီးတော့ အကောင်းမြင်လို့ ရပါတယ်ဆိုတာ ကမ္ဘာကို ခိုင်ခိုင်မာမာ အသိပေးလိုက်သလို ဖြစ်မယ်လို့ မစ္စတာ ယူဒိုယိုနိုက ပြောပါတယ်။