သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အလွတ်ဆွေးနွေးပွဲ အာဆီယံ ထိပ်တန်းနိုင်ငံတွေ တက်ရောက်ဖို့ငြင်းဆို


ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai (Government House photo)
ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai (Government House photo)

ထိုင်းအစိုးရကစီစဉ်တဲ့ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲကို အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အဓိကအဖွဲ့ဝင်နိုင်ငံတွေက တက်ရောက်ဖို့ ငြင်းဆန်လိုက်ကြပါတယ်။ ဒီကနေ့ စတင်မယ့် ဆွေးနွေးပွဲအတွက် အိမ်ရှင် ထိုင်းနိုင်ငံက မြန်မာစစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကို တက်ရောက်ဖို့ ဖိတ်ကြားထားပြီး၊ ဆွေးနွေးပွဲတက်ဖို့ လက်ခံထားကြောင်း တရားဝင် အတည်ပြုတဲ့နိုင်ငံဆိုလို့ ကမ္ဘောဒီးယားနိုင်ငံ တနိုင်ငံတည်းသာ ရှိပါသေးတယ်။

အခုလို ထိုင်းနိုင်ငံဘက်က မြန်မာနိုင်ငံခြားရေးဝန်ကြီးကို တက်ရောက်ဖို့ ဖိတ်ကြားတာဟာ အာဆီယံအဖွဲ့ရဲ့ ဘုံရပ်တည်ချက်သဘောထားနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရပြီး၊ လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံကလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Mersudi ကတော့ မြန်မာပြဿနာ ချည်းကပ်ပုံ သစ်ရှာပြီး ထိတွေ့ဆက်ဆံဖို့ဆိုတာမျိုး အားလုံး ဘုံသဘောတူချက် မရထားသေးဘူးလို့ ထိုင်းနိုင်ငံရဲ့ ဖိတ်ကြားမှုကို အကြောင်းပြန်တဲ့ စာထဲမှာ ထောက်ပြထားပါတယ်။

စင်ကာပူနိုင်ငံကလည်း မြန်မာ့အရေးပြဿနာက တိုးတက်မှု ရှိမလာသေးသလို့ ၊ အာဆီယံကချမှတ်ထားတဲ့ ဘုံရပ်တည်ချက် ၅ ချက်ကလည်း သိသိသာသာ တိုးတက်မှုမရှိသေးတဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲဖြစ်ဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးဖြစ်ဖြစ် တက်ရောက်ဖို့ စောသေးတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakhrishnan က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။

မလေးရှားနိုင်ငံကလည်း အာဆီယံရဲ့ မြန်မာ့အရေး ရပ်တည်ချက်ကို အားပေးထောက်ခံကြောင်းနဲ့ ထိုင်းနိုင်ငံကစီစဉ်တဲ့ ဆွေးနွေးပွဲကို တက်မှာမဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး နိုင်ငံပိုင် Bernama သတင်း ဖော်ပြခဲ့တာပါ။

ဗီယက်နမ်နိုင်ငံကလည်း အာဆီယံရဲ့ အရင်သဘောတူညီချက်အတိုင်း ရှိနေတာကြောင့် ဒီဆွေးနွေးပွဲကို တက်ရောက်မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့သလို၊ မလေးရှား နဲ့ ဖိလစ်ပိုင်နိုင်ငံတွေကလည်း မတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Nantiwat Samart ကတာ့ အခုလို မြန်မာနိုင်ငံကို ဖိတ်ကြားခဲ့တဲ့အပေါ် ကာကွယ်ပြောဆိုလိုက်ပြီး မြန်မာစစ်ကောင်စီကို အာဆီယံအဖွဲ့ထဲကနေ လုံးဝချန်လှပ်ထားတာမျိုး မဖြစ်သင့်ဘူးလို့ ထိုင်းဘာသာနဲ့ ထုတ်လွှင့်တဲ့ နေရှင်းရုပ်သံကနေ ပြောကြားလိုက်ပါတယ်။

NUG အမျိုးသားညီညွတ်ရေးအစိုးရကလည်း ထိုင်းနိုင်ငံက အခုလို မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားခဲ့တဲ့အပေါ်မှာ စိတ်ပျက်ရသလို၊ ဒီအစည်းအဝေးကို ဖျက်သိမ်းပေးဖို့နဲ့ ဖိတ်ကြားခံရတဲ့ အဖွဲ့ဝင်နိုင်ငံတွေကို မတက်ရောက်ဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ့အရေး တက်ကြွလှုပ်ရှားတဲ့အဖွဲ့ ၈၁ ဖွဲ့ကလည်း အခုလို ထိုင်းနိုင်ငံဘက်က ဖိတ်ကြားခဲ့တဲ့အပေါ် အိတ်ဖွင့်ပေးစား ပေးပို့ပြီး ပြစ်တင်ရှုတ်ချထားကြပါတယ်။

XS
SM
MD
LG