သုံးရလွယ်ကူစေသည့် Link များ

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ကိုးရီးယားကျွန်းဆွယ်တင်းမာမှုအရေးဆွေးနွေး


ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပတဲ့ ASEAN အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်တဲ့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး (သြဂုတ် ၂၀၁၇)

ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပတဲ့ ASEAN အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်တဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက ကိုရီးယားကျွန်းဆွယ်မှာ တိုးမြင့်လာနေတဲ့ တင်းမာမှုတွေကြောင့် အထူးစိုးရိမ်ပူပန်နေကြကြောင်း ထပ်ပြီးပြောကြားသွားကြပါတယ်။ မနီလာမြို့တော်မှာ ဒီကနေ့ စနေနေ့ ကျင်းပတဲ့ အစည်းအဝေးအပြီးထုတ်ပြန်တဲ့ ကြေငြာချက်မှာ ASEAN အဖွဲ့ဝင်နိုင်ငံတွေက အခုတလော မြောက်ကိုရီယားက ပဲ့ထိန်းတပ်ဒုံးကျဉ် ပစ်လွှတ်သွားတာတွေ nuclear စမ်းသပ်မှု ပြုလုပ်တာတွေဟာ ဒေသနဲ့ တကမ္ဘာလုံးရဲ့ ငြိမ်းချမ်းရေး လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်နေတယ်လို့ ပြောထားပါတယ်။ ကိုရီးယားကျွန်းဆွယ်မှာ nuclear ဆိုင်ရာ လုပ်ငန်းတွေကို ငြိမ်းချမ်းတဲ့ နည်းနဲ့ နောက်ကြောင်းပြန်လို့ မရတဲ့ အနေအထားအထိ - အလုံးစုံဖျက်သိမ်းရေးနဲ့ ဒီလို ဖျက်သိမ်းတာကိုလည်း နိုင်ငံတကာက စစ်ဆေးအတည်ပြုနိုင်ရမှာ ဖြစ်တဲ့အဆင့်ထိရောက်ဖို့ ထောက်ခံအားပေးတယ်ဆိုတာ ထပ်မံပြောကြားချင်ပါတယ်လို့ ASEAN နိုင်ငံခြားရေးဝန်ကြီးတွေက ပြောထားပါတယ်။ တနင်္လာနေ့မှာ စတင်မယ့် ARF - ASEAN ဒေသတွင်း နှီးနှောဖလှယ်ပွဲမှာ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Ri Hong-Yo နဲ့ ပြောဆိုဆွေးနွေးခွင့်ရမယ့် အခွင့်အရေးကို ကြိုဆိုနေပါတယ်လို့ စနေနေ့မှာ မနီလာမြို့တော်ကို ရောက်ရှိလာတဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Kang Kyung-Wha က ပြောသွားပါတယ်။ ARF အစည်းအဝေးမှာ တောင်ကိုရီးယား မြောက်ကိုရီးယား Russia နဲ့ အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံပေါင်း ၂၇ နိုင်ငံ ပါဝင်တာ ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson လည်း စနေနေ့မှာ မနီလာမြို့တော်ကို ရောက်ရှိမှာ ဖြစ်ပြီး တနင်္ဂနွေနေ့က စလို့ သက်ဆိုင်တဲ့ အဖွဲ့ အသီးသီးနဲ့ အစည်းအဝေးတွေ စတင် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

XS
SM
MD
LG