သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ရွေးကောက်ပွဲမတိုင်မီ လူ့အခွင့်အရေးကျဆင်းမှု ASEAN အမတ်တွေ စိုးရိမ်


APHR
APHR

ရွေးကောက်ပွဲကျင်းပဖို့ နှစ်လသာလိုတော့တဲ့အချိန် မြန်မာနိုင်ငံမှာ နိုင်ငံရေးအကူးပြောင်းကာလအတွက် အရေးပါဆုံးအချိန်ကို ရောက်ရှိနေပါပြီ။

ဒါပေမဲ့ လူ့အခွင့်အရေးစိုးရိမ်ပူပန်မှုတွေအပေါ် နိုင်ငံတကာလူ့အဖွဲ့စည်းတွေက သေချာပိုင်နိုင်တဲ့ခြေလှမ်းတွေ မယူခဲ့လို့ရှိရင် တိုင်းပြည်အနေနဲ့ သွားနေတဲ့ ဒီမိုကရေစီလမ်းကြောင်းကနေ သွေဖည်သွားနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ASEAN ပါလီမန်ကိုယ်စားလှယ်များအဖွဲ့က မနေ့က ပြောဆိုလိုက်ပါတယ်။

ကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကြီးရဲ့ အပြင်ဘက် အလွတ်သဘောပြောဆိုရာမှာ လူ့အခွင့်အရေးဆိုင်ရာ ASEAN ပါလီမန် ကိုယ်စားလှယ်တွေက ကျင်းပတော့မဲ့ ရွေးကောက်ပွဲနဲ့ တိုင်းပြည်ရဲ့အနာဂတ်ဒီမိုကရေစီအရေးကို အားလျှော့သွားစေအောင် ခြိမ်းခြောက်နေတဲ့ ကိစ္စတွေအပါအဝင် အကြောင်းအရာတွေကို ပြောဆိုပြီး မြန်မာနိုင်ငံကို အားပေးကြဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းလိုက်ပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ ASEAN ပါလီမန်ကိုယ်စားလှယ်များအဖွဲ့ရဲ့ ဥက္ကဋ္ဌ မလေးရှားနိုင်ငံက ပါလီမန်အမတ် Charles Santiago က သူတို့အနေနဲ့ စိုးရိမ်ပူပန်ရတဲ့အထဲမှာ အစိုးရက မကြာခင်က ဆုံးဖြတ်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်း အပါအဝင် ဒါဇင်နဲ့ချီရှိတဲ့ မွတ်ဆလင် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို ကိုယ်စားလှယ်လောင်းအဖြစ်လက်မခံ ပယ်ချလိုက်တဲ့ကိစ္စဖြစ်တယ်လို့ သူကပြောပါတယ်။

လက်ရှိလွှတ်တော်အမတ်ဦးရွှေမောင်းဟာ ASEAN အမတ်တွေနဲ့အတူ နယူးယောက်ကို အခုရောက်ရှိနေတာပါ။

ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းတွေ အမှားအယွင်းတွေ အများအပြားရှိနေတဲ့ အချက်ကလည်း အဓိက ပူပန်စရာ အချက်တခုဖြစ်သလို အာဏာရပါတီ အနေနဲ့ ကြိုတင်မဲတွေအသုံးချပြီး ကစားသွားနိုင်တဲ့ အလားအလာတွေအပေါ် စိုးရိမ်တယ်လို့ ပြောပါတယ်။

နယူယောက်မြို့မှာ အခုလို မပြောဆိုခင် ကမ္ဘောဒီယား၊ အင်ဒိုနီးရှား၊ မလေးရှား နိုင်ငံက အမတ်တွေပါတဲ့ လူ့အခွင့်အရေးဆိုင်ရာ ASEAN ပါလီမန် ကိုယ်စားလှယ်အဖွဲ့က အဖွဲ့ဝင်တွေဟာ မကြာသေးခင်ကပဲ အချက်လက်စုဆောင်းရေးခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို သွားရောက်ခဲ့ကြတာပါ။ သူတို့ဟာ ရန်ကုန်၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေကို သွားရောက် လေ့လာခဲ့ပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ ASEAN ပါလီမန်ကိုယ်စားလှယ်များအဖွဲ့ဟာ မြန်မာနိုင်ငံက အခြေခံအခွင့်အရေး ကန့်သတ်မှုတွေ၊ မကြာခင်က ထုတ်ပြန်တဲ့ အမျိုးသမီးတွေနဲ့ လူနည်းစု ဘာသာဝင်တွေရဲ့ အခွင့်အရေးတွေကို တားမြစ်တဲ့ ဥပဒေတွေအပေါ် စိုးရိမ်မှု ဖြစ်ရကြောင်း မှတ်ချက်ပြုပါတယ်။

XS
SM
MD
LG